အောက်တိုဘာ ၇
မွန်ဂိုလီးယားနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း ရင်သားကင်ဆာဖြစ်ပွားမှုအသစ် ၄၀၆ ဦး ရောဂါရှာဖွေတွေ့ရှိခဲ့ရာ ရင်သားကင်ဆာဖြစ်ပွားသူ စုစုပေါင်း ၂၈၈၂ ဦး အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက ရင်သားကင်ဆာအသိပညာပေးလှုပ်ရှားမှုလအဖြစ် အချက်အလက်များ ထုတ်ပြန်ခဲ့ကြောင်းနှင့် ထိုလှုပ်ရှားမှုကို နှစ်စဉ် အောက်တိုဘာလတွင် ကျင်းပပြီး ရင်သားကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ရေး၊ ဖြစ်နိုင်ခြေရှိသောအကြောင်းရင်းများနှင့် ရောဂါခံစားနေရသူများအတွက် အထောက်အပံ့ပေးရေးတို့အပေါ် ပြည်သူများအသိအမြင် မြင့်မားလာစေရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သောငါးနှစ်အတွင်း အမျိုးသမီး ၅၁၅ ဦး ရင်သားကင်ဆာကြောင့် သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ရင်သားကင်ဆာသည် မွန်ဂိုလီးယားနိုင်ငံရှိ ကင်ဆာရောဂါအားလုံးအနက် အဆင့် ခြောက်နေရာတွင်ရှိပြီး အမျိုးသမီးများတွင် ဖြစ်ပွားသည့် ကင်ဆာများအနက် အဆင့် လေးနေရာတွင်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနက အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာ စစ်ဆေးခြင်း၏ အရေးပါမှုကို နားလည်ကြရန်၊ ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ရန်နှင့် အချိန်မီ ကုသနိုင်ရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ကြရန် တိုက်တွန်းအားပေးထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


