ပန်းတိုင်ရည်မှန်းချက်နှင့်အညီ ဝါသီးနှံအထွက်တိုးရန် ကြိုးပမ်း

လူ့သမိုင်းရှေးဦးကာလမှသည် မျက်မှောက်ကာလအထိ ဝါသီးနှံသည် လူသားတို့အတွက် အရေးပါသောသီးနှံတစ်ခုဖြစ်သည်။ ဝါသည် အဝတ်အထည်အသုံးအဆောင်များ ထုတ်လုပ်ရန်အတွက်သာမက ဝါစေ့မှ စားသုံးဆီ၊ ဆီကြိတ်ဖတ်နှင့် တိရစ္ဆာန်အစာများကိုပါ ထုတ်လုပ်နိုင်သောကြောင့် စီးပွားရေးအရလည်း လွန်စွာအရေးကြီးသည်။ သို့ဖြစ်ရာ ဝါသီးနှံ၏ အရေးပါပုံ၊ ကမ္ဘာ့စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အထောက်အကူပြုနေပုံတို့ကို လူများသတိပြုနိုင်ကြစေရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ကဦးဆောင်၍ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဆုံးအကြိမ် “ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day)” ကို ကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံ၏ ဝါစိုက်ပျိုးမှုမှာ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွင်း တစ်နိုင်ငံလုံး၌ ဧက ၅၄၀၀၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း သတင်းများအရ သိရသည်။ အဓိက စိုက်ပျိုးထုတ်လုပ်ရာ ဒေသများမှာ မကွေးတိုင်းဒေသကြီးတွင် တစ်နိုင်ငံလုံး ဝါစိုက်ဧက စုစုပေါင်း၏ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီး၌ ၃၆ ဒသမ ၂၈ ရာခိုင်နှုန်းတို့ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။ အရည်အသွေးမြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်က ဝါသီးနှံအထွက်တိုးရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ဝါစိုက်ဧက ၇ ဒသမ ၄၇ သိန်း စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းတစ်ဧက ပိဿာ ၇၀၀ ထွက်ရှိစေရန် ကြိုးပမ်းလျက်ရှိသည်။

 

ပြည်တွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတော်အဆင့်ဆွေးနွေးပွဲကို ဝါစိုက်ပျိုးမှုအချက်အချာဒေသဖြစ်သော မကွေးမြို့တွင် ယခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၃ ရက်အထိကျင်းပခဲ့ပြီး ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းတို့ကောင်းမွန်စွာဆောင်ရွက်ရေး၊ ပြည်ပသို့တင်ပို့ရာတွင် ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ရေး၊ ဝါစိုက်တောင်သူများနှင့် ဝါကြိတ်စက်၊ အထည်အလိပ်စက်ရုံလုပ်ငန်းရှင်များအကြား ကွင်းဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်က ပံ့ပိုးကူညီမှုနှင့် နည်းပညာများကို ဖြန့်ဝေပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အောက်တိုဘာလ ၇ ရက်တွင် ကျရောက်သည့် “ကမ္ဘာ့ဝါသီးနှံနေ့” အထိမ်းအမှတ်အဖြစ် “ ဝါအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးကွင်းဆက်စရိတ် လေ့လာဆန်းစစ်ရေး အလုပ်ရုံဆွေးနွေးပွဲ”ကို မြန်မာနိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးနှင့် ဝါအခြေခံ MSME လုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိသည်။

 

ဝါသည် စက်မှုကုန်ကြမ်းသီးနှံဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက အမြဲမပြတ်အလေးထားမှာကြားလျက်ရှိပြီး ဝါမှ ဝါဂွမ်း၊ ချည်မျှင်၊ ချည်ထည်၊ ပိတ်၊ အထည်အလိပ် စသည်ဖြင့် စဉ်ဆက်မပြတ်သည့် ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုဖြစ်ပေါ်စေပြီး ဝင်ငွေများတိုးတက်ရရှိစေနိုင်မည် ဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်းလည်း မှာကြားထားသည်။

 

မိမိတို့နိုင်ငံကို စိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံ (Agro- Based Industries) အဖြစ် အကောင်အထည်ဖော်တည်ဆောက်ရာတွင် ဝါသည် အရေးပါသည့်ကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ ကမ္ဘာ့ဈေးကွက်တွင် ဝါသည် ဈေးကွက်ဝင်သီးနှံဖြစ်သည့်အလျောက် အရည်အသွေးကောင်းဝါများကိုထုတ်လုပ်ကာ ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများ ပိုမိုရရှိနိုင်သည်။ “လက်ရှိကမ္ဘာတွင် ပေါက်ဈေးအရ ဝါဂွမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၀၀ နှင့် ၁၉၀၀ ကြားတွင်ရှိပြီး မိမိတို့နိုင်ငံတွင် သတ်မှတ်ထားသည့် ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများ ရောင်းချရရှိငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း” ဇူလိုင် ၁၂ ရက်က မကွေးမြို့တွင်ကျင်းပခဲ့သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

 

နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် ဝါကဲ့သို့သော တန်ဖိုးမြင့် စက်မှုကုန်ကြမ်းသီးနှံများမှရရှိသော နိုင်ငံခြားဝင်ငွေသည် များစွာအရေးပါသည့်အလျောက် ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် မိမိအကျိုး နိုင်ငံအကျိုး တိုးတက်ဖွံ့ဖြိုးနိုင်ကြပါစေကြောင်း။ ။