ချင်းပြည်နယ် ဖလမ်းမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

ဖလမ်း အောက်တိုဘာ ၆

 

ဖလမ်းမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းများအဖြစ် ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး RC သုံးထပ်ဆောင်ပြုပြင်ခြင်း၊ လမ်းဦးစီးဌာနရိပ်သာသစ် နှစ်ထပ်အဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဆောက်အအုံ သုံးထပ်ဆောင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့လုပ်ငန်းများဆောင်ရွက်နေမှုကို ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးစဉ် ဌာနဆိုင်ရာ အဆောက်အအုံများပြုပြင်ခြင်းသည် ရုံးလုပ်ငန်းများအဆင်ပြေ ချောမွေ့ပြီး ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် လုပ်ငန်းပြီးစီးသည်နှင့်တစ်ပြိုင်တည်း သက်ဆိုင်ရာဌာနဆိုင်ရာများက ရုံးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်ဆောင်ရွက်နိုင်ရေး ဦးစားပေးဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် လမ်းဦးစီးရိပ်သာဟောင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် ယာယီရုံးဖွင့်လှစ်ထားရှိမှုကို လည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာန နိုင်ငံ့ဝန်ထမ်းအိမ်ရာ သုံးထပ်ဆောင်ပြုပြင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဖလမ်းမြို့၌ တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ စိတ်ချမ်းသာစွာဖြင့် အခြေပြုနေထိုင်ကာ တာဝန်ထမ်းဆောင်နိုင်ရေး စေတနာထားဆောင်ရွက်ရန်၊ ဆယ်တင်ပစ္စည်းများ အလေအလွင့်မဖြစ်စေရေး စီမံဆောင်ရွက်ရန်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းများ စနစ်တကျဖယ်ရှားရှင်းလင်းရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ စနစ်တကျ ထားရှိဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ 

 

ခရိုင်(ပြန်/ဆက်)