နေပြည်တော် အောက်တိုဘာ ၆
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖြောင့်မတ် တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် လူငယ်များ၏ အခန်းကဏ္ဍ ကိုမြှင့်တင်ရန်ရည်ရွယ်၍ လူငယ် ကဏ္ဍ အသိပညာပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဖြောင့်မတ်တည်ကြည်သည့် လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊ အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အခြေခံ ပညာ အထက်တန်းကျောင်း (အေလာ)၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ် (၁၄) မူလတန်းလွန်ကျောင်းနှင့် ရှမ်းပြည်နယ် ရွှေညောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (အောင်သပြေ)တို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၉၀၈ ဦးတို့အား ကော်မရှင်ရုံးနှင့် ကော်မရှင်ရုံးခွဲရှိ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် မြို့များနှင့် နီးစပ်ရာမြို့များရှိ အခြေခံပညာ ကျောင်းများ၌ Edutainment အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


