နေပြည်တော် အောက်တိုဘာ ၆
မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ ဖွဲ့စည်းခြင်း၏ ၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင် တပ်နယ်၊ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ရေတပ် စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား အစီအစဉ်အရ တပ်ဖွဲ့ဖွဲ့စည်းခြင်း ၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Recreation Center ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ ဦးစွာ တာဝန်ရှိ သူတစ်ဦးက အဆိုပါ အဆောက် အအုံ တည်ဆောက်ခဲ့မှုနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း)က Recreation Center အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေး သည်။
ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ကမ်းခြေစောင့်တပ်ဖွဲ့ တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် တပ်နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲက အမြော်အမြင် ကြီးမားစွာဖြင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာလုပ်ငန်းများအား တာဝန်ခံ စီမံကွပ်ကဲ ဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုး စီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ် ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေ စောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်း။
နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုး စီးပွားနှင့် အဏ္ဏဝါပတ်ဝန်းကျင် ဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မကမ်းခြေ ကမ်းရိုးတန်းမှ သီးသန့် စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်စလုံးမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက် နိုင်စွမ်းရှိသည့် အရည်အချင်း ပြည့်ဝသော ကမ်းခြေစောင့် တပ်ဖွဲ့ ဖြစ်လာရမည်ဆိုသည့် မျှော်မှန်းချက်အမြင်ဖြင့် တည် ထောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့ မြန်မာ့ပင်လယ်ပြင်သည် နိုင်ငံတော်၏ ကုန်သွယ်ရေး National Trade အတွက် အရေးပါသည့် အသက်သွေးကြောဖြစ် သကဲ့သို့ အင်ဒို-ပစိဖိတ် ဒေသနှင့် အိန္ဒိယသမုဒ္ဒရာ၊ အရှေ့တောင် အာရှနှင့် တောင်အာရှ၊ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီးများဖြစ် သော တရုတ်နှင့် အိန္ဒိယတို့ကို ဆက်သွယ်ပေးထားသည့် ပထဝီနိုင်ငံရေး ပေါင်းကူးဆက်စပ် ရပ်ဝန်းလည်းဖြစ်ကြောင်း။
ယနေ့အချိန်တွင် မိမိတို့နိုင်ငံသည် ပြည်သူလူထုက ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင် မြှောက်သည့် နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုနှင့်အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများတွင် ပင်လယ်ရေကြောင်းကဏ္ဍ များနှင့် ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများလည်း အများအပြား ပါဝင်လျက်ရှိကြောင်း။
ပင်လယ်ရေကြောင်း ဆိုင်ရာ ကိစ္စရပ်များသည် ကျယ်ပြန့်နက်နဲ သည့် နိုင်ငံတကာရေးရာကိစ္စရပ် များ၊ ဥပဒေကြောင်းဆိုင်ရာ ကိစ္စ ရပ်များ၊ နည်းပညာစံနှုန်းဆိုင်ရာ ကိစ္စရပ်များ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ဆက်နွှယ်နေသည် ကိုလည်း သတိပြုကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပင်လယ်ရေ ကြောင်းဆိုင်ရာ မူလစွမ်းရည် Maritime Potential ကို ထိရောက်စွာ အသုံးချနိုင်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ကဏ္ဍများတွင် နိုင်ငံတော်၏ ပုံရိပ် ကောင်းနှင့်အတူ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း။
တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်း အကျိုးစီးပွား များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်းအပြင် ပင်လယ် ရေကြောင်း လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး စသည့် တာဝန်များကိုလည်း ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ ယင်းတာဝန်များသည် တပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် သတ်မှတ်ပေးထားသည့် တပ်ဖွဲ့၏ စွမ်းရည်များပင်ဖြစ်ကြောင်း။
မြန်မာ့ပင်လယ်ပြင်အတွင်း ရေလုပ်သားနှင့် ရေကြောင်းသွား လာသူများကို အကာအကွယ်ပေး ရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာအကူ အညီပေးရေး၊ တရားမဝင်မှောင်ခို လုပ်ငန်းနှင့် အကောက်အခွန်မဲ့ ပစ္စည်း တားဆီးကာကွယ်ရေး၊ ပင်လယ်ဓားပြ တားဆီးကာကွယ်ရေး၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းမှောင်ခို တားဆီး ကာကွယ်ရေး တာဝန်များအပြင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်း ထိန်းချုပ်နေရာ ကာကွယ်ရေး (Choke Point Control)နှင့် သံတမန်ရေး တာဝန်များကို တပ်မတော်(ရေ)၊ ရေကြောင်း ရဲတပ်ဖွဲ့များနှင့် ဟန်ချက်ညီစွာ လက်တွဲ ဖော်ဆောင်သွားကြရန် လိုကြောင်း။
ကမ်းခြေစောင့် တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များကို ထိုကဏ္ဍများတွင် လက်တွေ့ကျွမ်းကျင် ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ သင်တန်းများ စေလွှတ်ပြီး သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တပ်ဖွဲ့ဝင်များ အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များတွင် ရှိသင့်သည့် စွမ်းရည်မြင့်မားမှု၊ နိုင်ငံတကာသုံးဘာသာ စကားဆိုင်ရာ ကျွမ်းကျင်မှုနှင့် ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများရှိအောင် ကြိုးစားသင်ယူနေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကမ်းခြေစောင့်တပ်ဖွဲ့ အတွက် ကမ်းလွန်ကင်းလှည့် ရေယာဉ်များ၊ အမြန်သွားကင်းလှည့် ရေယာဉ်များနှင့် ရေယာဉ်ငယ်များကို ဖြည့်တင်းပေးလျက်ရှိကြောင်း။
မြန်မာ့ပင်လယ်ရေကြောင်း အကျိုးစီးပွားများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် ဥပဒေနှင့်အညီ ခိုင်မာစွာ ရပ်တည်ဆောင် ရွက်နိုင်အောင် နိုင်ငံတော် အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်း ပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့် တပ်ဖွဲ့ဥပဒေနှင့်အညီ တည်ကြည် ဖြောင့်မတ်ခိုင်မာစွာ မြန်မာ့ ပင်လယ်ရေကြောင်း အကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများနှင့် အဏ္ဏဝါဂေဟစနစ်နှင့် သယံဇာတများကို ဂရုတစိုက် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်မှသာ “Good Order at Sea” “ပင်လယ် ပြင် ငြိမ်ဝပ်ပိပြားမှု စနစ်တကျရှိ စေရေး” ဆိုသည့် တပ်ဖွဲ့၏ စွမ်းဆောင်ရည် လုပ်ငန်းတာဝန်ကိုလည်း ကျေပွန်နိုင်မည်ဖြစ် ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်း နိုင်ငံများ၏ စီရင်ပိုင်ခွင့်အာဏာအတွက် အရေးပါသည့် နိုင်ငံတော်က သဘောတူလက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေ၊ ကွန်ဗင်းရှင်း များနှင့် နောက်ဆက်တွဲစာချုပ် များကိုလည်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကာ “Good Governance at Sea” ဆိုသည့် “ပင်လယ်ပြင်မှာ ကောင်းမွန် တရားမျှတသော ဥပဒေစိုးမိုးစေ ရေး” တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေ စောင့်တပ်ဖွဲ့၏ ရည်ရွယ်ချက်များ ကို အလေးအနက်ထား အကောင် အထည်ဖော်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော် တည် ဆောက်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်း အကျိုးစီးပွားနှင့် ရေကြောင်းသယံဇာတများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ပင်လယ်ရေကြောင်း အဆောက်အအုံများနှင့် ပင်လယ် ပြာစီးပွားရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန် များကို ထမ်းဆောင်ကြရာတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ပိုင်ခွင့် တည်တံ့ခိုင်မြဲ ရေးကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက် ကြရန်နှင့် စွမ်းရည်ထက်မြက် ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားပြီး နိုင်ငံတကာ ကမ်းခြေစောင့် တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစား ဆောင်ရွက်ကြရန် လိုကြောင်း၊ ရှည်လျားသည့် ကမ်းရိုးတန်းနှင့် ကျယ်ဝန်းသည့် မြန်မာ့ရေပြင် နယ်နိမိတ်တစ်လျှောက် အချိန်မရွေး နေရာမရွေး ပေါ်ပေါက်လာ နိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီး ကာကွယ်နိုင်စွမ်းရှိပြီး မြန်မာ့ပင်လယ်ပြင်ကို လုံခြုံဘေးကင်းသည့် ပင်လယ်ပြင်၊ တည်ငြိမ် အေးချမ်းသည့် ပင်လယ်ပြင်၊ သန့်ရှင်းသည့် ပင်လယ်ပြင်၊ ပိုမို ထုတ်လုပ်နိုင်စွမ်းရှိသည့် ပင်လယ် ပြင်တစ်ခုဖြစ်အောင် ကြိုးပမ်း တည်ဆောက် သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။
၎င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အခမ်း အနား တက်ရောက်လာကြသူများ သည် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ပတ်သက်သည့် အထိမ်းအမှတ် မှတ်တမ်း video ကို ကြည့်ရှုကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ကမ်းခြေစောင့်တပ်ဖွဲ့ ၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသ ထားသည့် ပြခန်းများ၊ ဆိုင်ခန်း များနှင့် ရှာဖွေကယ်ဆယ်ရေး ရေယာဉ်တို့အား လှည့်လည် ကြည့်ရှုကြသည်။
ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များအား ကမ်းခြေ စောင့်တပ်ဖွဲ့ဌာနချုပ်ရုံး အစည်း အဝေးခန်းမတွင် ညွှန်ကြားရေးမှူး ချုပ်က ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ကမ်းခြေ စောင့်တပ်ဖွဲ့၏ စွမ်းရည်များ၊ ရည်မှန်းချက် တာဝန်များအပေါ် လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်ရွယ်ချက်ကြီးမားစွာ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်း တည်ထောင်ပေးခဲ့ခြင်းဖြစ်သည့် အတွက် ယခုထက် ပိုမိုတိုးတက် အောင်မြင်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာများကို တပ်ဖွဲ့ဝင်များ နားလည်သိရှိစေရန် လိုကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြင့်မားစေရေးအတွက်လည်း သင်တန်းများ ရွေးချယ် စေလွှတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်ဖွဲ့များ၏ လုပ်ငန်း တာဝန်များသည် မတူကွဲပြား သည့်အတွက် တပ်ဖွဲ့များ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်ဝင်းအတွင်း မိသားစုများ သက်သာချောင်ချိရေး အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
၁၀၀


