နေပြည်တော် အောက်တိုဘာ ၆
မြန်မာ့သမိုင်းစဉ် ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ် မြန်မာ့တပ်မတော်၏ ဆောင်ရွက်ချက်နှင့် အထွေထွေဗဟုသုတများကို လေ့လာနိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်၊ ကျောင်းပြင်ပ ဗဟုသုတများရရှိစေရန်နှင့် ကျောင်းသား ကျောင်းသူ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်လာစေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်း ပြတိုက်(နေပြည်တော်)သို့ လာရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာအထက် တန်းကျောင်း (ကျည်တောင်ကန်)မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက် တာဝန်ရှိသူများက လာရောက်လေ့လာ ကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား မုန့်များပေးဝေကြ သည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။ ၎င်းနောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးကြသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူ များနှင့် ဆရာ ဆရာမများသည် ပြင်ပ ပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကြသည်။
သတင်းစဉ်


