မိုဂါဒစ်ရှူး အောက်တိုဘာ ၅
ဆိုမာလီယာနိုင်ငံသည် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ဆက်နွှယ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သတိပေးမှုနှင့် ဘေးလွတ်ရာရွှေ့ပြောင်းရေး စီမံဆောင်ရွက်မှုများ အားကောင်းစေရေးကို ရှေးရှုကာ ရေဘေးအန္တရာယ်ကျရောက်လွယ်သော ဒေသများတွင် နေထိုင်ကြသူများအတွက် အရေးပေါ် သတိပေးချက်ထုတ်ပြန်လိုက်သည်။
ဆိုမာလီယာနိုင်ငံသည် မိုးရာသီသို့ ဝင်ရောက်လာပြီဖြစ်ကြောင်းနှင့် ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ဆိုမာလီယာဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ (SoDMA)က အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့အတွက် ကြိုတင်ပြင်ဆင်နိုင်ရေး သတိဝီရိယရှိကြရန်နှင့်လိုအပ်သည့် ကာကွယ်ရေးစီမံဆောင်ရွက်မှုများထားရှိကြရန် SoDMA က ပြည်သူများအား တိုက်တွန်းထားသည်။
ဆိုမာလီယာမိုးလေဝသပညာရှင်များက ၂၀၂၆ ခုနှစ်သည် အလွန်အားကောင်းသော အယ်လ်နီညိုနှစ်ဖြစ်ကြောင်း အတည်ပြုထားပြီး မိုးရာသီကာလ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ထူးကဲသည့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ SoDMA ၏ ထုတ်ပြန်ချက်အရ အကြီးမားဆုံးအန္တရာယ်မှာ ဂျူဘားနှင့် ရှာဘယ်လီမြစ်ဝှမ်းတစ်လျှောက်တွင်ဖြစ်သည်။
စက်တင်ဘာလတွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုနှင့် ဆိုးရွားပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် အောက်တိုဘာလနှင့် ဒီဇင်ဘာလကြားတွင် ဆိုမာလီယာနိုင်ငံတစ်ဝန်း ဒေသ ၁၆ ခုမှ လူပေါင်း ၃ ဒသမ ၄ သန်းအထိ ဘေးသင့်မှုများဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားသည်။
ဆင်ဟွာ


