ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၅

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက် ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရှိန်အဟုန်ဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။

ဟိုပုံးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများ ဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်း ပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များက သတင်းကွင်းဆက် ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၇ နာရီခန့်တွင် ဟိုပုံးမြို့နယ် မိုင်းပွန်မြို့၏ အနောက်တောင် ဘက် ၂၁ ကီလိုမီတာခန့်အကွာ နားလုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး စုစုပေါင်း ၈၇ ဦးတို့အား အလျား ပေ ၆၀၊ အနံ ပေ ၂၀ လူနေ ဆောင်နှင့် အလုပ်ရုံတွဲလျက် ယာယီမိုးကာတဲ နှစ်လုံး၊ အလျား ပေ ၄၀၊ အနံ ပေ ၂၀ စားချက်ဆောင် ယာယီမိုးကာတဲတစ်လုံး၊ အလျားပေ ၄၀၊ အနံပေ ၂၀ ဆောက်လုပ်ဆဲ ယာယီမိုးကာတဲ တစ်လုံး၊ Star Link လေးစုံ၊ All in One Computer ၁၇ လုံး၊ Laptop နှစ်လုံး၊ ဖုန်းမျိုးစုံ ၅၂၄ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင် ဆောက်လုပ်ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျဖြိုချ ဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချ လုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက် စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၁၀၀