လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့၌ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပြည်သူ့ဆေးရုံများ ပြန်လည်ဖွင့်လှစ်

နေပြည်တော် အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် အဆိုပါမြို့နယ်များရှိ ပြည်သူ့ဆေးရုံများ ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁ ရက်တွင် ရေများပြန်လည် ကျဆင်းသွားသဖြင့် လေးမျက်နှာမြို့နယ် အိုင်သပြုတိုက်နယ် ဆေးရုံ၊ လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရေကြည်မြို့နယ် ငါးသိုင်းချောင်းတိုက်နယ် ဆေးရုံတို့ကို ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။

အဆိုပါ ရေဝင်ရောက်ခဲ့သော လေးမျက်နှာမြို့နယ် အမှတ်(၁) ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ရေဝင်နစ်မြုပ်ခဲ့သော ရေထွက်ပင်ရင်းများအား ကလိုရင်းဆေးခတ်ခြင်း၊ ပတ်ဝန်း ကျင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ကလိုရင်း သုံးကြိမ် ခတ်ထားပြီးသော ရေထွက်ပင်ရင်းများမှ ကောက်ယူထားသော ရေနမူနာများ၏ ကလိုရင်းအကြွင်း စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုကို ယမန် နေ့က ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာရဲမြင့်နှင့် အဖွဲ့သည် သွားရောက် ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံရှိ ဆေးစတိုတွင် အရေးပေါ်နှင့် အခြေခံဆေးဝါးများ အလုံအလောက် ပြန်လည် ဖြည့်တင်းထားရှိရေး၊ အရေးပေါ် ခွဲစိတ်ခန်း၊ သားဖွားခန်းနှင့် ဓာတ်မှန်ခန်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် လတ်တလော ပြုပြင်နေစဉ်အတွင်း အရေးပေါ် ခွဲစိတ်လူနာများအား အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းပေးနိုင်ရေး လူနာတင်ယာဉ်များ စီစဉ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်