လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၅

လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၈  ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် သတင်းအရ လယ်ဝေးမြို့နယ် တောင်စဉ်အေးရွာ အနီး တွင် ဘိုသက်နိုင်(ခ)ကိုရင်ကုလား မောင်းနှင်ပြီး စိုးနိုင်နှင့် သိန်းဌေးဦး (ခ)စာကလေးတို့ လိုက်ပါလာ သည့် HINO ၁၂ ဘီး ယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ငါးသန်းကျော် (၎င်းဒေသတန်ဖိုး ငွေကျပ် ၇ ဒသမ ၅ ဘီလီယံကျော်)နှင့် ဘိန်းညိုမှုန့် ၂၉၅ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၆၅၅ ဘီလီယံ)ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၁၀ ဒသမ ၁၅၅ ဘီလီယံကျော်ကို သိမ်းဆည်းရမိ ခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မှ ရန်ကုန်သို့သယ်ဆောင်ရန် အဓိကစီမံခန့်ခွဲသူမှာ လားရှိုးမြို့နေ အောင်သူထွန်း (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်