နေပြည်တော် အောက်တိုဘာ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတ များဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးဆဲမိမိတို့ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေးအရ အားကောင်းလာစေရေး ဆောင်ရွက်သွားရန်မှာ အဓိက အရေးကြီးကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် မလွဲမသွေ ဆောင်ရွက်နိုင် ရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ သည်မှာ မကြာမီရက်ပိုင်းအတွင်း ခြောက်လပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ် အနေဖြင့် နိုင်ငံ့စီးပွား ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထုက အစိုးရအပေါ် ယုံကြည်အားကိုးပြီး အဘက်ဘက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှင့်ပတ်သက်၍ နိုင်ငံ၏ ဂျီဒီပီမှာ ၃ ရာခိုင်နှုန်းခန့် တိုးတက် လာသည်ဟု အချက်အလက်များအရသိရှိရပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ် အေးချမ်းမှုမရှိခြင်း ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအားနည်းပြီး နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ကုန်ထုတ်လုပ်ငန်းများတွင် စွမ်းအားပြည့် အလုပ်မလုပ်ကြခြင်းများကြောင့်လည်း စီးပွားရေးအရအားနည်းခြင်းများကို တွေ့ရကြောင်း၊ ထိုသို့နိုင်ငံရေးအရ မတည်ငြိမ်မှုများဖြစ်ပေါ်ပြီး စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် ဘဏ္ဍာရေးအရ အကူအညီများမရရှိခြင်း၊ ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက် အပြည့်အဝ မရရှိခြင်း၊ ကုန်သွယ်မှုများကျဆင်း ခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် စွမ်းအားပြည့် လုပ်ဆောင်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံရေးအရ မတည်ငြိမ်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များကြောင့် လုံခြုံရေးထိခိုက်လာကာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုကို အားနည်းလာစေခြင်းဖြစ်ကြောင်း။
အကြမ်းဖက် လက်နက်ကိုင်များ၏ လုပ်ရပ်များကြောင့် လမ်းတံတားများနှင့် အခြားအခြေခံ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် နိုင်ငံတော်မှ ဘဏ္ဍာငွေများ၊ လူ့စွမ်းအားနှင့် အချိန်များကို ထပ်မံအသုံးပြုရခြင်းကြောင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အခက်အခဲများဖြစ်ပေါ်လျက် ရှိကြောင်း၊ အဆိုပါအခြေအနေသည်“သမင်မွေးရင်း ကျားစားရင်း”ဖြစ်နေသကဲ့သို့ တည်ဆောက်ခြင်း၊ ဖျက်ဆီးခံရခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စသည်ဖြင့် လည်ပတ်နေရသဖြင့် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအပေါ် များစွာထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အကန့်အသတ်များ ဖြစ်ပေါ်လျက် ရှိကြောင်း။
နိုင်ငံမတည်ငြိမ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေခဲ့သည်ကို တွေ့ရကြောင်း၊ ထိုသို့သော အခြေအနေတွင် မိမိတို့အနေဖြင့် မိမိတို့ကြိုးစားလုပ်ကိုင် နိုင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုမူ ဆောင်ရွက်၍ ရနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက် ရရှိရေးနှင့် အထွက်နှုန်းများ တိုးမြှင့် ရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အဆိုပါ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်သား အရင်းအမြစ်များ ရှိရန်လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက် အလုပ်လုပ်ကိုင်နေကြမှုများလည်းရှိပြီး ပြည်တွင်း၌ လုပ်သားအင်အားဆုံးရှုံးမှုများလည်း ရှိကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၌ ပညာတတ်လူသားအရင်းအမြစ်များ အားနည်းပြီး အများစုမှာ ကိုယ်ကာယပိုင်းကိုအားပြု၍ လုပ်ကိုင်ရသည့် လုပ်ငန်းများတွင်သာ လုပ်ကိုင်ကြရကြောင်း။
ထို့ပြင် နယ်မြေမတည်ငြိမ်မှု ဖြစ်ပေါ်လျက်ရှိသည့်ဒေသများတွင် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ခိုးယူသုံးစွဲခြင်းများပြုလုပ်၍ ပြည်ပနိုင်ငံသို့ တရားမဝင် လမ်းကြောင်းများမှ တင်ပို့နေကြသဖြင့် နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်လျက် ရှိကြောင်း၊ ထိုသို့တစ်ဦးချင်း၏ ကိုယ်ကျိုးအတွက် တရားမဝင်သည့် နည်းလမ်းများဖြင့် အလုပ်အကိုင် နှင့် ဝင်ငွေများရှာဖွေရရှိနေကြခြင်းကြောင့် တရားဝင်ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မှု များအားနည်းပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါဒေသများတွင် ဆက်လက်တည်မြဲ နေခြင်းဖြစ်ကာ ဒေသတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်လျက်ရှိနေခြင်းဖြစ် ကြောင်း။
မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် ပညာရည်မြှင့်တင်မှု လုပ်ငန်းများကို အစဉ်တစိုက်အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ပညာရေးအရ အားနည်းချက် များစွာရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးကို ကွဲပြားစွာ သိမြင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို ကွဲပြားစွာသိမြင်နိုင်ခြင်းမရှိဘဲ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်နေမှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း။
ဆီထွက်သီးနှံနှင့် ပတ်သက်၍ မိမိအနေဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံများ အောင်မြင်စွာဖြစ်ထွန်းပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပြည်တွင်း စားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် အမြဲမပြတ်လမ်းညွှန်မှာကြားလျက် ရှိကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိတို့အနေဖြင့် ပြည်တွင်း စားသုံးမှုအတွက် လိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း စားသုံးဆီဖူလုံမှုရရှိရေး ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်း စားသုံးမှုဖူလုံအောင် ထုတ်လုပ်ပြီး ပိုလျှံမည်ဆိုပါက ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်မည့် ဈေးကွက် လိုအပ်ချက်များ ရှိပြီးဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ အောင်မြင်စွာ ထွက်ရှိစေရေးအတွက်လည်း လိုအပ်သည့် သွင်းအားစုများဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီနှင့် အခြားအခြေခံလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက် ပေးသွားကြရန် လိုကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာအောင် ဒေသအလိုက်တာဝန်ရှိသူများအနေဖြင့် တိုက်တွန်း ဆောင်ရွက် ကြစေလိုကြောင်း။
မိမိတို့နိုင်ငံသည် ရော်ဘာထုတ်လုပ်သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် ရော်ဘာကိုအခြေခံသည့် မော်တော် ဆိုင်ကယ်နှင့် စက်ဘီးတာယာများ၊ ကျွတ်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် လိုအပ်သကဲ့သို့ အခြား လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ အလားတူ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ စက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ပတ်သက်၍လည်း မိမိအနေဖြင့် အမြဲမပြတ် အလေးထားမှာကြား လျက်ရှိကြောင်း၊ ဝါမှ ဝါဂွမ်း၊ ချည်မျှင်၊ ချည်ထည်၊ ပိတ်၊ အထည်အလိပ် စသည်ဖြင့် စဉ်ဆက်မပြတ်သည့် ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း များကို ဖြစ်ပေါ်စေပြီး ဝင်ငွေများ တိုးတက်ရရှိစေနိုင်မည်ဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက် သွားကြစေလိုကြောင်း။
အလားတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ် တို့အပါအဝင် မီးဖိုချောင်သုံး အခြေခံ စားကုန် သီးနှံများသည်လည်း ဒေသတွင်းဈေးကွက်လိုအပ်ချက် မြင့်မားစွာရှိနေသည့်အတွက် အထွက်နှုန်းများ တိုးတက်ရရှိရေး၊ ဈေးကွက်တိုးမြှင့်ရရှိရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ အသားထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် ရေထွက်ကုန်များကို လည်း အထွက်နှုန်းများ တိုးတက်ရရှိအောင် တိုးမြှင့်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပဈေးကွက် လိုအပ်ချက် မြင့်မားစွာရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေးအားကောင်းလာနိုင်မည် ဖြစ်ကြောင်း၊ လိုအပ်နေသည်မှာ မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန်သာ ဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားရေး တိုးတက်စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားနိုင်မည်ကို စဉ်ဆက်မပြတ် တွေးခေါ်စီမံဆောင်ရွက် နေရန်လိုကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်းရင်းနှီး မြှုပ်နှံသူ များကို ဦးစားပေးဆောင်ရွက်သွားကြရန်လိုသကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် ပတ်သက်၍ ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေး နှင့် စားသုံးမှုဖူလုံမှုရှိစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျ စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရေးအတွက် အားလုံးကအလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း။
ကုန်သွယ်မှုနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံအနေဖြင့် အရည်အသွေးကောင်းသည့် ဆန်များကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး ပို့ကုန်ပမာဏတိုးမြှင့်ရရှိနိုင်ရေးအတွက် အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရန်၊ ဆန်စက်များ အရည်အသွေးမြှင့်တင်ရန်နှင့် ဈေးကွက်ရရှိရန်လိုကြောင်း၊ ဆန်ထုတ်လုပ်မှု နှင့်အတူ ဆန်ကွဲများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းများ ဆောင်ရွက်ခြင်းအစား အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဆိုပါက ဝင်ငွေတိုးတက်ရရှိလာနိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံများအလိုက် ခန့်အပ်ထားသည့် စီးပွားရေးဆိုင်ရာသံမှူးများအနေဖြင့်လည်း မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ထုတ်ကုန်များ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေး ဈေးကွက်ရှာဖွေဆောင်ရွက်နေကြ ရန်လိုကြောင်း။
အယ်လ်နီညို ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သည်များအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်
အယ်လ်နီညို ရာသီဥတုနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံသည်လည်း ပြင်းထန် ဆိုးရွားသည့် အပူဒဏ်လွန်ကဲမှုကို ရင်ဆိုင်ကြုံတွေ့လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေကြောင်း၊
မကြာမီမိမိတို့နိုင်ငံ၌ ဆောင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း အယ်လ်နီညိုကြောင့် ပူပြင်းခြောက်သွေ့မှုများ၊ မြေအောက်ရေခန်းခြောက်မှုများ ကြုံတွေ့ရနိုင်ကြောင်း၊ လက်ရှိအချိန်၌ပင် အချို့သောမြို့နယ်များ၌ ပုံမှန်ထက်အပူချိန်ပိုမိုမြင့်မားနေမှုများကို တွေ့မြင်ရကြောင်း၊ မည်သို့ပင် ဖြစ်စေ မိမိတို့အနေဖြင့် ကြုံတွေ့လာနိုင်သည့် ရာသီဥတုဆိုးရွားမှုနှင့်ပတ်သက်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီ ကာလ မတိုင်မီအထိ အယ်လ်နီညိုရာသီဥတု ပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံး ရေနှင့် စိုက်ပျိုးရေများ ထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ ရေများ သိုလှောင်စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ခြင်း၊ ကြာရှည်စွာအထားခံ စားသောက်၍ရနိုင်သည့် အသီးအနှံနှင့် စားရေရိက္ခာများကို စုဆောင်းထားရှိခြင်းနှင့် မိုးနှောင်းရာသီသီးနှံများကို ပန်းတိုင်ရည်မှန်းချက်ရသည် အထိ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်းတို့ဖြင့် ပြင်ဆင်ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဖြည့်စွက်မှာကြားရာတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး မည်ကဲ့သို့ဆောင်ရွက်သွားနိုင်မည်ကို မိမိတို့ဘဝတစ်လျှောက် ဖတ်မှတ်လေ့လာ ခဲ့ရသည့် အသိပညာဗဟုသုတများ၊ ဖြတ်သန်းကြုံတွေ့သိရှိခဲ့ရသည့် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ စီမံတွက်ချက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စေတနာထား၍ အလေးထားဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး သည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအလိုက် အားသာချက်များရှိသည်များကို အသုံးချပြီး ကိုယ်စီရည်မှန်း ချက်ပန်းတိုင်များ ထားရှိ၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


