နေပြည်တော် အောက်တိုဘာ ၅
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်းသို့ သွားရောက်၍ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြော ကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ နည်းပြ အရာရှိ၊ စစ်သည်များ၊ သင်တန်း သားများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က တွေ့ဆုံ အမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်လျက် ရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သောကြောင့် တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး လုပ်ငန်းများကို တပ်မတော်က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ လုံခြုံရေးတာဝန်များ ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် အတွက် တပ်မတော်သည် အင်အား တောင့်တင်းခိုင်မာပြီး စွမ်းရည် ထက်မြက်နေရမည်ဖြစ်ကြောင်း။
နိုင်ငံတော်နှင့် တပ်မတော်မှ ဖြည့်ဆည်းပေးထားသော တိုက်စွမ်းအားနှင့် ခေတ်မီလက်နက် နည်းပညာများကို အပြည့်အဝ အသုံးချနိုင်ရေး စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်ရန် ယခုကဲ့သို့ စုဖွဲ့လေ့ကျင့်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့် သင်ကြားပေးနေသည့် စစ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်သည့် ကျန်းမာကြံ့ခိုင်သော တပ်မတော်သားများဖြစ်ရန် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမြဲတမ်း လေ့ကျင့်သွားကြရန်လို ကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် စစ်ပညာနှင့် စစ်လက်နက် ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ပြင် မိမိတို့အသုံးပြုရသည့် စစ်အသုံးအဆောင်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးချနိုင်ရေး အစဉ်တစိုက် လေ့ကျင့်နေကြရန် လိုကြောင်း၊ ခေတ်သစ်စစ်နည်း ဗျူဟာများ၊ စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာမှတ်သားပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် စစ်နည်းဗျူဟာများ အတိုင်း လိုက်နာဆောင်ရွက်သွားကြရန် လိုကြောင်း။
မိမိတို့ တပ်မတော်သည် တိုင်းရင်းသားအားလုံး ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု မျိုးချစ်တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်အတွင်းရှိ တပ်ဖွဲ့ အားလုံးသည် ခြေလျင်၊ လက်ရုံး မခွဲခြားဘဲ အမြဲတိုက်ပွဲဝင်အသင့် ဖြစ်နေစေရေး လေ့ကျင့်ဆောင် ရွက်နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိ တို့လုပ်ဆောင်ရမည့်တာဝန်များကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်ခြင်း အားဖြင့် တပ်မတော်၏ အရည်အသွေး၊ တပ်မတော်၏ အဆင့်အတန်းကို ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း။
တပ်မတော်သားများဖြစ်သည့် အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်လိုကြောင်း၊ မူးယစ်ဆေးဝါးကိစ္စ၊ အပျော်အပါး နှင့် လောင်းကစားဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု မရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော် ကာကွယ်ရေး တာဝန်သည် နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စနစ်တကျဖြင့် အဆင့်အတန်းမီစွာ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်း နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ အနေဖြင့် တပ်ရင်း/တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြရာ ပေးအပ်သည့် တာဝန်များကို နောင်တော် တပ်မတော်သားများနှင့် လက်တွဲကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထူးချွန် ပြောင်မြောက်စွာ ထမ်းဆောင်လျက်ရှိကြောင်း၊ အမြဲတမ်းစစ်မှု ထမ်းများအနေဖြင့် တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ တစ်ဦးချင်းစီက စံနမူနာပြ နေထိုင်ကျင့်ကြံ လိုက်နာ၍ လေးစားယုံကြည်ရသူများ ဖြစ်ရန်လိုအပ်ပြီး ပြည်သူ့စစ်မှုထမ်းများကို ညီအစ်ကို စိတ်ဓာတ်ဖြင့် လက်တွဲခေါ်ဆောင် ကြဖို့လိုကြောင်း၊ “ရဲဘော်စိတ်” ဆိုသည်မှာ ရဲဘော်အချင်းချင်း အပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားများဖြစ်၍ သေအတူ ရှင်မကွာဆိုသည့် စိတ်သာအတူ နာအတူဆိုသည့် စိတ်ထားခံယူချက်များ ထားရှိသွားရန်လိုကြောင်း၊ တပ်မတော်သားများသည် သစ္စာ ၄ ချက်ကို ရွတ်ဆိုထားသူများဖြစ်သည့်အတွက် သစ္စာစောင့်သိ၊ သစ္စာရှိရန်လိုကြောင်း။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ကြံ့ခိုင်သန်စွမ်းမှုရှိစေရေး လေ့ကျင့်နေရမည်ဖြစ်ပြီး မိမိတို့တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမည့် သမားစဉ် လုပ်ငန်းတာဝန်များကို မှန်မှန် ကန်ကန်လုပ်ဆောင်၍ လေ့ကျင့် နေကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
၎င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် သင်တန်းကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များ၊ သင်တန်းသားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင် များသည် နယ်မြေခံသင်တန်းကျောင်းရှိ သင်တန်းသားစားရိပ်သာတွင် သင်တန်းသားများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ပြီး သင်တန်းသားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တိုက်ကြီးတပ်နယ်နှင့် အင်းတိုင်တပ်နယ်တို့ရှိ နယ်မြေခံ သင်တန်းကျောင်းများမှ သင်တန်း သားအိပ်ဆောင်များ၊ စားရိပ်သာများနှင့် စားချက်ဆောင်များ စနစ်တကျရှိစေရေး လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ သင်ခန်းစာ လေ့ကျင့်သင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် အင်းတိုင် တပ်နယ်ရှိ တပ်မတော် ကိုယ်ခံပညာနှင့် အားကစားသိပ္ပံသို့ ရောက်ရှိကြပြီး သင်တန်းသား အိပ်ဆောင်၊ စားရိပ်သာ၊ အားကစား ခန်းမများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး အားကစားရုံအတွင်း သင်တန်းများအလိုက် လေ့ကျင့် သင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံ တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း (ရဲမွန်)သို့ သွားရောက်၍ Grade-10၊ Grade-11၊ Grade-12 တို့တွင် ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် အသုံး အဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။ ယင်းနောက် သင်တန်းကျောင်း စားရိပ်သာနှင့် စားချက်ဆောင်များအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
၁၀၀


