တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၅

မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ်၍ မြို့နယ်အချို့တွင် မြစ်ရေဝင် ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် ထားဝယ် - လောင်းလုံး - ကျောက်နီမော် - ရှင်မော် လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်းများ၊ လမ်းပေါ်တွင်မြေပြိုကျ၍ လမ်းပိတ်ခြင်းများ၊ လမ်းပေါ်ရှိ တံတားများတွင် အမှိုတ်များပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ထားဝယ် - လောင်းလုံး - ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိ ပြိုကျနေသော မြေကြီးများအား ဖယ်ရှားရှင်းလင်းရန်နှင့် လမ်းတစ်လျှောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများပါဝင်သော ကူညီကယ်ဆယ်ရေးအဖွဲ့သည် သဘာဝဘေးဒဏ်ထိခိုက်မှုများပြားခဲ့သည့် ကဒက်ငယ်ထိန်ကျေးရွာ၌ သဘာဝဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ သည်။

အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် လောင်းလုံးမြို့ ပတ်ဝန်းကျင်ဒေသရှိ သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန် ကျေးရွာတို့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် နေအိမ်များအတွင်း ဝင်ရောက်နေသော ရွှံ့မြေများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ နေအိမ်နှင့် လမ်းများပေါ်ရှိ ပြိုကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကဒက်ငယ်ထိန်ကျေးရွာ လမ်းမပေါ် ရှိ လမ်းပေါ်ပြိုကျနေသောမြေကြီးများ အား စက်ယန္တရားများဖြင့် ဖယ်ရှား ရှင်းလင်းပေးခြင်း၊ လမ်းများအား မြေညှိပြုပြင်ပေးခြင်း၊ တံတားများတွင် ပိတ်နေသော အမှိုက်များအား ရှင်းလင်းပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောက်နီမော်ကျေးရွာတွင် ယန္တရားများဖြင့် ကျေးရွာအတွင်းနှင့် လမ်းပေါ်ရှိ မြေကြီးများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့အတူ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်နှင့် စာသင်ကျောင်းတို့၌လည်း နယ်မြေခံတပ်မတော်သားများနှင့်ဌာန ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ မြစ်ရေ ပြန်လည်ကျဆင်းသွားပြီးနောက် တင်ကျန်ခဲ့သည့် နုန်းမြေနှင့်အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်