ရန်ကုန် အောက်တိုဘာ ၅
၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပပြီးစီးခဲ့သည့် (World Cup) ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်လက်ရည်စစ်ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် လှေလှော်အားကစားအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် အမျိုသားအလွတ်တန်း (၈)တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ရုရုားအသင်းက ပထမ၊ စပိန်အသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသား အမျိုးသမီးအလွတ်တန်း (၁၀)တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ ဟန်ဂေရီ အသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသားအလွတ်တန်း (၁၀)တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် ယူကရိန်းအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး အလွတ်တန်း (၁၀) တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ဟန်ဂေရီအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် စပိန်အသင်းက တတိယဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံ ယွမ်လင်မြို့၌ အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် အာရှအဆင့် အင်အားကြီးနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအပါအဝင် ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာ့လက်ရွေးစင် လှေလှော်အသင်းသည် ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိထားပြီး ယခု တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့သည့်(World Cup) ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲ တွင်လည်း ငွေတံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ကို ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းသည် စုစုပေါင်း ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် လေးခုဖြင့် မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များစွာကို ရယူပေးခဲ့သည်။ အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အုပ်ချုပ်/ နည်းပြနှင့် အားကစားသမားစုစုပေါင်း ၂၁ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိ သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးမိသင်္ဂဟများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


