အောက်တိုဘာ ၅
စင်ကာပူနိုင်ငံ၏ လက်လီရောင်းချမှုသည် သြဂုတ်လတွင် ယခင်နှစ်အလားတူကာလကထက် ၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာသော်လည်း ဇူလိုင်လတွင် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာမှ ဩဂုတ်လတွင် တိုးတက်နှုန်းနှေးကွေးလာကြောင်း စာရင်းအင်းဌာနက ယနေ့တွင် ပြောကြားခဲ့သည်။
ရာသီအလိုက် ပြောင်းလဲမှုများကို ချိန်ညှိတွက်ချက်ထားသည့် အခြေအနေအရ ဩဂုတ်လတွင် လက်လီရောင်းချမှုသည် ယခင်လထက် ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အဓိကအားဖြင့် မော်တော်ယာဉ်များ၊ မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမှု ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စာရင်းအင်းဦးစီးဌာနက အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
စက်မှုလုပ်ငန်းကဏ္ဍအများစုတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရောင်းအားတိုးတက်ခဲ့ပြီး အလှကုန်၊ အိမ်သာသုံးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ရောင်းအား ၁၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ကာ ကွန်ပျူတာနှင့် ဆက်သွယ်ရေးပစ္စည်းများ ရောင်းအား ၁၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။
မော်တော်ယာဉ်များ၊ အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းအားသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကျဆင်းမှုအများဆုံး ဖြစ်ခဲ့ပြီး ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
စင်္ကာပူနိုင်ငံ၏ အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုလုပ်ငန်းများ ရောင်းအားသည် ဩဂုတ်လတွင် ယခင်နှစ် အလားတူကာလထက် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဇူလိုင်လတွင် ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
သို့ရာတွင် ရာသီအလိုက် ပြောင်းလဲမှုများကို ချိန်ညှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ဩဂုတ်လတွင် အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုလုပ်ငန်းများ ရောင်းအားသည် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


