ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သည့်အတွက် တရုတ်အိုးပင်း ၃၂ ဦးအဆင့်မှ ဆာဘယ်လင်ကာ ထွက်ရပြီ

ကမ္ဘာ့အဆင့် (၂) ဘယ်လာရုစ်တင်းနစ်မယ် အာရီနာ ဆာဘယ်လင်ကာသည် အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့သည့် တရုတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ၃၂ ဦးတွင် ချက်ဇ်တင်းနစ်မယ် နီကိုလာ ဘာတွန်ကိုဗာကို ၄-၆၊ ၃-၆ ရလဒ်ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

တရုတ်အိုးပင်းပြိုင်ပွဲသည် ဒဗလျူတီအေ ၁၀၀၀ အဆင့်ရှိ ပြိုင်ပွဲအမျိုးအစားဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းအဆင့် တင်းနစ်မယ်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ သို့သော်လည်း ဆာဘယ်လင်ကာနှင့်အတူ ကမ္ဘာ့နံပါတ်တစ် ကာဇက်စတန် တင်းနစ်မယ် အယ်လီနာရီဘာကီနာလည်း ၆၄ ဦးအဆင့်တွင် အယ်လီနာ ချာရာအဲဗာကို ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲမှ ဆောလျင်စွာထွက်ခွာခဲ့ရပြီး ဖြစ်သည်။

တရုတ်အိုးပင်းပြိုင်ပွဲတွင် ထိပ်တန်းတင်းနစ်မယ် နှစ်ဦး ၁၆ ဦးအဆင့်အထိ တက်လှမ်းနိုင်ခြင်းမရှိဘဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

တရုတ်အိုးပင်းကွာတားဖိုင်နယ်သို့ ဘာတွန်ကိုဗာအပါအဝင် နော့စကိုဗာ၊ အန်ဒရေဗာ၊ အဲလက်စ်ဇန်ဒရိုဗာ၊ အိုဆာကာ စသည့် နာမည်ကြီးတင်းနစ်မယ်များ တက်လှမ်းထားနိုင်ပြီဖြစ်သည်။

ဆာဘယ်လင်ကာသည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးကျင်းပခဲ့သည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သည်။

မိုးဇက်