ညောင်ရွှေ အောက်တိုဘာ ၄
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားသည့်အတွက် ဘုရားဖူးဧည့်သည်များ စိတ်အေး ချမ်းသာစွာ အနားယူနိုင်ရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် စံကျောင်းတော် အောက်ထပ် နေရာအား ဘုရားသမိုင်းအချက် အလက်များနှင့် ရှေးဟောင်း ပစ္စည်းများ၊ ဒေသန္တရဗဟုသုတများ ထည့်သွင်းပြသမည့် ပြခန်းအဖြစ် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု ၇၅ ရာခိုင်နှုန်းခန့် ရှိပြီ ဖြစ်သည်။
အဆိုပါ ပြခန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီနှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရှေးဟောင်းသမိုင်း ပြခန်းတွင် ဘုရားသမိုင်းပန်းချီကားများ၊ ဗုဒ္ဓဝင်ပန်းချီကားများ၊ အင်းလေးဒေသနှင့် ဒေသစာရီ ကြွချီပူဇော်ခံရာ ၂၁ ဌာန ပုံစံငယ် နှင့် ကားချပ်၊ ရှေးဟောင်းသမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် ဖောင်တော်ဦး မြတ်စွာဘုရား အသုံးအဆောင် ပစ္စည်းများ၊ ရှေးဟောင်းပလ္လင်များ၊ ညောင်ရွှေ စော်ဘွားကြီး၏ အသုံးအဆောင် ပစ္စည်းများ၊ ငွေထည်ပစ္စည်းများ၊ ရက်ကန်းလုပ်ငန်းများနှင့် ဒေသထုတ်ပစ္စည်းများကို ဘုရားဖူး ဧည့်သည်များ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ရန်အတွက် စနစ်တကျ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ


