စေတနာ

သိပ္ပံမောင်ဝ

နယ်ပိုင်မောင်လူအေးသည် ယခုအခါတွင် ကြေးတိုင်ဘက်သို့ ပြောင်းသွားပြီဖြစ်သောကြောင့် ကြေးတိုင် မောင်လူအေး ဖြစ်သွားလေပြီ။ နယ်ပိုင်အလုပ်နှင့် ကြေးတိုင်အလုပ်တို့မှာ မည်သို့ကွာခြားသည်ကို စောင့်စား၍ ကြည့်ကြဦးစို့။

မောင်လူအေးသည် ဘွားဒွေးကြီး၏လက်အောက်တွင် ကြီးပြင်းလာရသောကြောင့်လားမသိ။ အဘိုးကြီး၊ အမယ်ကြီးများကို တွေ့မြင်လျှင် ခင်မင်လေ့ရှိလေသည်။ နယ်ပိုင်ဘဝတုန်းက တောရွာများသို့ နယ်လှည့်ထွက်သောအခါများတွင် အဘိုးအို၊ အမယ်ကြီးတို့နှင့် တွေ့ရမြင်ရ နှုတ်ဆက်ရပါ၏။ သို့ရာတွင် နယ်ပိုင်အလုပ်တွေမှာ များပြားလှသောကြောင့် ကြာကြာစကားမပြောနိုင်။ အသိမိတ်ဆွေ မဖြစ်နိုင်ပေ။ တစ်ရွာတစ်ရွာတွင် တစ်ညဉ့်အိပ်သာလျှင် တည်းခိုလေ့ရှိ၏။ အလုပ်ကိစ္စများ ပြီးစီးသွားပြန်လျှင်လည်း အဘိုးအို၊ အမယ်ကြီးများနှင့် စကား မပြောအား။ အခြားရွာသို့သွားကာ အမှုကိစ္စများကို ဆောင်ရွက်ရပေသေးသည်။

ကြေးတိုင်ဘက်တွင်ကား ဤသို့မဟုတ်ပြီ။ တစ်ရွာတစ်ရွာ ရောက်မှဖြင့် ရွက်ထည်ရုံထိုးကာ ၉ ရက်၊ ၁ဝ ရက် စသဖြင့် စခန်းချ၍ နေရလေသည်။ နံနက်ခင်းတွင် ကွင်းစစ်၊ နေ့ခင်းတွင် စာရင်းစစ်ပြီးလျှင် လုပ်ဖွယ်ကိစ္စ မရှိတော့ပြီ။ ညနေခင်း ညဉ့်ဦးအခါများတွင် ရွာသားများနှင့် ထွေရာလေးပါး စကားတို့ကို ပြောဆိုနိုင်လေသည်။ ဤနည်းအားဖြင့် သူကြီးမင်း၊ ဆယ်အိမ်ခေါင်း၊ သမာဓိ၊ ကော်မတီမှစ၍ ရွာထဲတွင် ရှိသမျှသော ရွာသားများနှင့် ခင်မင်၍ သွားလေ့ရှိလေသည်။ ဤကား ကြေးတိုင် မောင်လူအေး၏ အလုပ်ပေတည်း။

တစ်ရံရောအခါ ပျံချီဆိုသော ရွာကလေး၏ နောက်ဖေးကုန်းတန်း ကလေးပေါ်ရှိ ညောင်ချဉ်ပင်တစ်ပင်အောက်တွင် ရွက်ထည်တဲကို ထိုးကာ မောင်လူအေးတို့လူစု စခန်းချ၍ နေကြလေသည်။ ထိုလူစုတွင် ပါဝင်သူတို့၏အကြောင်းကို အနည်းငယ်ရေးသားလိုသေး၏။ မောင်လူအေး၏ စခန်းစာရေးတို့ကား မောင်ဟန်စိန်နှင့် မောင်အုံးပွင့် တို့တည်း။ နယ်ပိုင်လုပ်စဉ်က တောလိုက်စာရေးကား မောင်ဖျန်စိန်၊ ကြေးတိုင်ဘက်ရောက်သောအခါ စခန်းစာရေးကား မောင်ဟန်စိန်၊ ကာရန်ပဲ ကိုက်သေးတော့။ နာမည်တွင်သာ ကာရန်ညီသည် မဟုတ်သေး။ သူတို့နှစ်ယောက်စလုံး တရုတ်ကပြားချည်းပင်။ ရှေးအကျိုးဆက် အတော်ပင်ထူးသည်ဟု တွေးတောမိလေတော့သည်။

အခြားတပည့်များ၏ အမည်တို့ကို နားထောင်ပါဦး။ စခန်းပြာတာကား မောင်ထွန်းကျင်၊ စာပို့ပြာတာကား မောင်ထွန်းရှိန်၊ မောင်လူအေး ကိုယ်ပိုင် တပည့်ကား မောင်ထွန်းဖေ။ သို့နှင့် မောင်လူအေး၏စခန်းတွင် ထွန်းသုံးလုံး တစ်ပြိုင်နက်ထွန်းကားပြီးလျှင် ထွန်းလင်းတောက်ပ လျက်နေကြကုန်၏။ သူတို့သုံးယောက်စလုံး စနေသားချည်းပင်။ ထွန်းသုံးထွန်းပေါင်းသော် သောင်းကျော်မည့် အရေးကိုလည်းကောင်း၊ ဂငယ်သုံးခု ဥသျှစ်ထုဟူသော ရာဇဝင်သင်္ကေတနှင့်အညီ ထွန်းသုံးထွန်း စုလျှင် စခန်းပုသွားမည့်အရေးကိုလည်းကောင်း တွေးလိုက်တိုင်း စိုးရိမ်မကင်းဖြစ်မိ၏။

တစ်ခုသောနံနက်ခြောက်နာရီအချိန်တွင် လယ်မြေများကို အယုတ်အလတ်အမြတ်ခွဲခြားရန် လေးဦးသော သမာဓိတို့နှင့်အတူ မောင်လူအေး၊ စာရေးမောင်ဟန်စိန်တို့သည် ကွင်းဆင်း၍သွားကြကုန်၏။ အဆိုပါ လေးဦးသော သမာဓိတို့အနက် သုံးဦးမှာ ခပ်ငယ်ငယ်၊ ခပ်လည်လည်၊ ခပ်ညာညာ၊ ခပ်ဝါဝါများ ဖြစ်ကြလေသည်။ သို့ရာတွင် မိမိနယ်ပိုင်လုပ်စဉ်က တွေ့မြင်ခဲ့ရသော အင်းသားကြီးတို့လောက်ကား အညာ၊ အလှိုင်း၊ အလိမ်၊ အကောက် မကောင်းလှပေ။ ကျန်တစ်ဦးသော သမာဓိကား အသက် ၆ဝ ကျော်ပြီ။ ခါးကုန်းကုန်း၊ ပခုံးပေါ် နံငယ်တစ်ထည်ကို တင်ထား၏။ အင်္ကျီကိုကားမဝတ်နိုင်ရှာပေ။ ထိုသမာဓိ အဘိုးကြီးကား ညာခြင်း၊ ဝါခြင်းမရှိ။ အမှန်အတိုင်း ပြောဆိုလေ့ရှိသောကြောင့် မောင်လူအေး၏မျက်စိက တန်းမှန်းမိလေသည်။ သူ၏အမည်ကား ဦးသာရတည်း။

ကွင်းစစ်ပြီး၍ စခန်းသို့ပြန်လာသောအခါ လမ်းတွင် မောင်လူအေးနှင့် ဦးသာရတို့မှာ လေပေးဖြောင့်လျက်လာကြလေသည်။ ဦးသာရ၌ သားသမီးခြောက်ယောက် ထွန်းကားရာ နှစ်ယောက်မှာ ငယ်ငယ်ကတည်းကပင် သေဆုံးသွားပြီဖြစ်၍ လေးယောက်သာ ကျန်တော့၏။ ထိုလေးယောက်သော သားသမီးတို့မှာလည်း အသီးသီးအိမ်ထောင် ရက်သားကျပြီးလျှင် သားတွေ၊ သမီးတွေနှင့်ဖြစ်နေကြသောကြောင့် အဖေ ဦးသာရနှင့် အမေအို ဒေါ်စီလိတို့အား မကြည့်ရှုနိုင်ရှာကြချေ။ အမြဲနှလုံးသွင်းထားသောသူ ဖြစ်သောကြောင့် မိမိတို့၏ သားသမီးများ မိမိတို့အား မကြည့်ရှုသည်ကို ဝမ်းလည်းမနည်း၊ သူတို့ကို အားမကိုး ပေ။

ရွာ့မြောက်ဘက် မြေလွတ်မြေလပ်ကလေးတစ်ကွက်ကို ခုတ်ပြီးလျှင် ဥယျာဉ်တောင်ယာကလေးလုပ်ကိုင်စားသောက်နေသည်မှာ လေး၊ ငါး၊ ခြောက်နှစ်ကြာလေပြီ။ ထိုတောင်ယာမှထွက်သော သစ်ဥတို့ ကိုရောင်းကာ အဘိုးအို၊ အမယ်ကြီးတို့ နှစ်ယောက်သား စားသောက်နေရရှာ၏။ ထမင်းဝရုံသာရ၏။ အဝတ်အစားဝတ်ရန်ကား မပို။ သူတကာက သနား၍ပေးသော အဝတ်အစားတို့ကိုသာလျှင် အရှက်လုံရုံ ဝတ်စားရပေသည်။ ချမ်းတုန်းအချိန်များတွင်ကား ခိုက်ခိုက်တုန်၊ ခြုံစရာကလည်း စောင်မရှိ။ မိုးတွင်းအခါတွင် ပိုးလောင်းကောင်၊ ခြင် အများ ဝိုင်းအုံကာ ကိုက်ခဲကြခြင်းကို ခံကြရရှာ၏။

မိမိတို့ပိုင်နက်ဖြစ်သော ဥယျာဉ်တောင်ယာကလေးအတွက် ကျအပ်သော အခွန်တော်သုံးကျပ်ကို မပျက်ပင်ကြိုးစားကာ ဆောင်ရှာပေသည်။ သို့ရာတွင် လွန်ခဲ့သည့်နှစ်က တိုက်စာရေးကိုယ်တော်မြတ်က အဘယ်ကြောင်းကြောင့်မသိ။ ဦးသာရ မလုပ်မကိုင်မခုတ်မထွင်သော မြေကိုပါထည့်သွင်း၍ အခွန်စည်းကြပ်သောကြောင့် အခွန်တော် ၁၈ ကျပ်ကျလေပြီ။ ဦးသာရတို့လင်မယား အကျပ်ကြုံတော့၏။ အခွန်တော် မဆောင်နိုင်။ အကျိုးကား ထိုယာကလေးကို အစိုးရပြန်၍သိမ်းလိုက် လေတော့သတည်း။ မကြာမီ နှင်စာလာ၏။ အခြားနေစရာကလည်း မြေမရှိသောကြောင့် ထိုယာတဲမှာပင် ခိုကပ်ကာ နေရရှာပေ၏။ အတန် ကြာလျှင် တရားအစွဲခံရသဖြင့် ဒဏ်ငွေသုံးကျပ် ဆောင်ရလေသည်။ ရွာထဲမှလူများ စု၍ပေးလိုက်သောကြောင့်သာ ထောင်ဘေးမှ ချမ်းသာခွင့်ရလေသည်။

ဦးသာရ၏ အဖြစ်အပျက်ကို ကြားသိရသော မောင်လူအေးကား သနား၍မဆုံးပြီ။ နေ့တိုင်းပင် အားလပ်သောအခါများတွင် ဦးသာရ အား မိမိ၏စခန်းသို့ခေါ်ကာ စကားပြော၏။ လက်ဖက်ရည်သောက်ချိန်တွင် လက်ဖက်ရည်ကိုတိုက်၏။ ထမင်းစားချိန်တွင် ထမင်းကျွေး၏။ လက်ဖက်ရည်တစ်ခွက်၊ ထမင်းတစ်နပ်၊ နှစ်နပ်စာမှာ မောင်လူအေး အတွက် မထူးခြားသော်လည်း ဦးသာရအား ကြေးတိုင်ဝန်ထောက်က လက်ဖက်ရည်တိုက်ကြောင်း၊ ထမင်းကျွေးကြောင်းသတင်းမှာ ရွာထဲတွင် ချက်ချင်းပျံ့နှံ့သွား၏။ ဦးသာရ အိမ်ပြန်သွားသောအခါ သတင်း လာရောက်မေးမြန်းကြသော သူတို့မှာ ပြည့်လျက်နေလေသည်။ ဝန်ထောက် လက်ဖက်ရည်၊ ဝန်ထောက် ထမင်းတို့ကို စားခဲ့ရသော ဦးသာရကြီးမှာ ရွာထဲတွင် အတော်ပင်ထင်ပေါ်ဂုဏ်ရှိ၍ လာလေ သတည်း။ ဦးသာရကား မောင်လူအေးအား ကျေးဇူးတင်၍မဆုံးတော့ပြီ။

ပျံချီရွာကလေးတွင် ၉ ရက်၊ ၁ဝ ရက်ခန့် စခန်းချပြီးနောက် ရွှေပေါက်ရွာသို့သွားရန် စီမံရပြန်၏။ ဦးသာရကား အတော်ပင်ဝမ်းနည်း ရှာပေသည်။ သို့သော် ပျံချီရွာမှ ထွက်ခွာမည့်နေ့တွင် ဦးသာရပေါ်မလာချေ။ အဘယ်ကြောင့်နည်း။ ဝမ်းနည်းသောကြောင့်ပင်လော။ ဂရုမစိုက် သောကြောင့်ပင်လော။ ဦးသာရအား နှုတ်ဆက်ရန် အခေါ်လွှတ်လိုက်ပါလည်း ဦးသာရအိမ်တွင်မရှိပေ။ ရှောင်များနေလေရော့သလားဟု သို့လော သို့လော တွေးတောဒွိဟ မောင်လူအေး၏ စိတ်ထဲတွင်ဖြစ်မိပေ၏။

ညနေခင်း ၄ နာရီ ထိုးသောအခါ မောင်လူအေးတို့ လူစုလည်း ရွှေပေါက်ရွာသို့သွားရန် လှေဆိပ်သို့ ဆင်းကြကုန်၏။ လှေများပေါ်တွင် ပစ္စည်းများတင်ပြီး၍ လှေထဲသို့ မောင်လူအေးဆင်းမည်အလုပ်တွင် ရွာမြောက်ဘက်မှ ဦးသာရကြီးပြေးလာသည်ကို မြင်ကြရလေသည်။ မကြာမီ မောင်လူအေးအနားသို့ရောက်၏။ မောကြီးပန်းကြီးနှင့်ပင်၊ လက်ထဲတွင်လည်း ပုလင်းတစ်လုံး၊ ဘာပုလင်းပါလိမ့်။ ပျားရည်ပုလင်း ဖြစ်ပါသည်။ မိတ်ဆွေတစ်ယောက်ထံမှ ငွေတစ်ကျပ်ကို ချေးပြီးလျှင် နံနက်စောစောကပင် ခြောက်မိုင်ခန့်အကွာ ကျောက်ဖျာရွာမှ ငွေတစ်ကျပ် ပေး၍ ဝယ်လာသော ပျားရည်ပုလင်းဖြစ်၏။ ထိုပျားရည်ပုလင်းကို ဝန်ထောက်မင်းအား ကျေးဇူးတင်လှသဖြင့် လက်ဆောင်ပေးရန် ဖြစ်ပါသည်။ ဪ... ဦးသာရ... ဦးသာရ၊ ကျေးဇူးသိတတ်ပါပေ၏။

မောင်လူအေးသည် ဦးသာရ၏ ပျားရည်ပုလင်းကို အသို့လျှင် ယူရက်ပါအံ့နည်း။ ကျေးဇူးသိတတ်စွာနှင့်ပေးသည်ကို မယူဘဲ ငြင်းပယ်လိုက်မည်ဆိုလျှင်လည်း ဦးသာရကြီး စိတ်မကောင်းဖြစ်တော့မည်။ မောင်လူအေး အကျပ်တွေ့တော့၏။ ထိုအကျပ်ထဲမှ လွတ်မြောက်ရန် နည်းတစ်နည်းသာ ရှိလေသည်။

ယင်းကား ဦးသာရ၏ ပျားရည်ပုလင်းကို ယူပြီးလျှင် သူ့အား ငွေသုံးကျပ်ပေးခြင်းပင်တည်း။ ဦးသာရကလည်း ကျေနပ်၊ မောင်လူအေး ကလည်း အားရ၍သွားကြလေ၏။ ဤစားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ဖြစ်နေသာ အဘိုးကြီးသည် အစိုးရလခစားဖြစ်သော ဝန်ထောက်အား ပျားရည်လက်ဆောင်ပေးနိုင်လောက်သော စေတနာမှာ ထူးဆန်းပေစွဟူ၍ စိတ်ကူးရင်းနှင့်ပင် ပျံချီရွာမှ ထွက်ခဲ့သတည်း။

နေဝင်ချိန်တွင် ရွှေပေါက်ရွာသို့ ရောက်ကြကုန်၏။ ဦးကျောက်ဒွန်း ၏ဥယျာဉ်အတွင်း သရက်၊ ပိန္နဲ၊ ကနစိုးပင်များအောက်တွင် ရွက်ထည်တဲဆောက်ကာ စခန်းချနေကြပြန်၏။ လူသူအရောက်အပေါက်နည်း၍ အလွန်ခေါင်လှသော ကရင်ရွာကလေးဖြစ်သောကြောင့် ဝန်ထောက် မင်းရောက်သည်ကြားလျှင် တစ်ရွာလုံးပင် လာရောက်ကြည့်ရှုကြကုန်၏။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုလုကွေးလွေး ပုခက်တွင်း ကလေးများပင် ပါလေသည်။ တကယ့် ပွဲကြီးကျနေတော့၏။

နောက်တစ်နေ့ နံနက်တွင် သမာဓိလေးယောက်နှင့် မောင်လူအေး ကွင်းဆင်းသွားလေသည်။ ထိုသမာဓိအားလုံးမှာ ရိုးသားသူချည်းဖြစ်သောကြောင့် မြေမျိုးခွဲရာတွင် အမှန်အကန်ရရုံမျှမက လွယ်လည်း လွယ်ကူလှပေ၏။ ထိုသမာဓိ လေးယောက်အနက် အသက် ၆ဝ ကျော် ခန့်ရှိ အဘိုးကြီးတစ်ယောက်လည်း ပါလေသည်။ ထိုအဘိုးကြီးအား မောင်လူအေး မျက်စိကျပြန်လေပြီ။ ဤသို့ မျက်စိကျသည့်အတိုင်း ထိုအဘိုးကြီးအား တောင်မေး၊ မြောက်မေးနှင့် တစ်လမ်းတည်း လျှောက်၍ မေးလာခဲ့လေသည်။

အဘိုးကြီး၏အမည်ကား ဦးရွှေလှအောင်ဖြစ်လေသည်။ နာမည် မှာ ရခိုင်နာမည်နှင့် တူသောကြောင့် မေးကြည့်ရာ အသက် ၁၆ နှစ် အရွယ်ကတည်းကပင် ရခိုင်တောင်ရိုးကို ဖြတ်ကျော်လာပြီးလျှင် ဤကရင်ရွာတွင် လာရောက်နေထိုင်ကြောင်း ပြောပြသဖြင့် သိရှိရလေသည်။ ရခိုင်တောင်ရိုးမှ ထွက်လာကတည်းက နေရပ်သို့ တစ်ခါတစ်ခေါက်မျှ ပြန်၍မရောက်တော့ပြီ။ ဤကရင်ရွာကလေးတွင်ပင် လုပ်ကိုင်စားသောက်၍ ကြီးပြင်းလာသူတည်း။ ကရင်စကားကို သွက်သွက်လက်လက်ကြီး ပြောဆိုနိုင်သောကြောင့် ကရင်ပင်ဖြစ်နေလေပြီ။ သို့သော် ရခိုင်စကားကိုကား တစ်လုံးကောင်း၊ နှစ်လုံးကောင်း မှတ်မိပေသေးသည်။

ဦးရွှေလှအောင်ကား ငယ်စဉ်ကပင် သားမယားမယူ၊ လူပျိုကြီး ဘဝနှင့်ပင် ပျော်မွေ့လာသူတည်း။ ယခုအခါတွင် သားထောက်သမီးခံ မရှိသောကြောင့် မိမိယာကလေးကို ခုတ်ထွင်ကာ တစ်ယောက်တည်း နေထိုင်ရရှာ၏။ မိမိယာမှထွက်သော အသီးအနှံတို့၏တန်ဖိုးမှာ အခွန် ဆောင်လောက်ရုံသာရှိလေသည်။ စားသောက်ရန်ကား ဝေးပေစွ။ သို့ဖြစ်လျှင် ဦးရွှေလှအောင် အဘယ်သို့ စားသောက်နေပါသနည်း။ ကရင်ရွာသူကြီးနှင့် ရွာသားများက စောင်မကြည့်ရှုစောင့်ရှောက်၍ထားသောကြောင့် အစားအသောက်အတွက် မပူပင်ရရှာပေ။ သို့ရာတွင် ရွာသူရွာသားများမှာလည်း ချမ်းသာကြွယ်ဝသောသူများ မဟုတ်ကြသောကြောင့် အဝတ်အစားအတွက် မနိုင်ကြလေရကား ဦးရွှေလှအောင်တွင် ပုဆိုးတစ်ထည်နှင့် နံငယ်ပိုင်းတစ်ခုသာရှိပေ၏။ သို့အတိဒုက္ခ ရောက်နေရရှာသော်လည်း မိမိရပ်ထံသို့ပြန်လိုသော ဆန္ဒကား ရှိသေးသည်။ ရခိုင်တောင်ရိုး မိမိရွာကလေးသို့ လေယာဉ်ပျံစီးကာ သွားရောက်ချင်သည်ဟု ရယ်စရာစကားပြောကြားရှာလေသည်။ မည်သူသည် မိမိ၏ချက်မြှုပ်နေရပ်ကို မပြန်ချင်ဘဲ ရှိပါအံ့ နည်း။

ဤသို့ ဆင်းရဲနေသည့်အထဲတွင် လဲရာသူခိုးထောင်းဆိုသည့် စကားပုံအရ ဦးရွှေလှအောင်၏ ဥယျာဉ်ကလေးအတွက် ပြေစာနှစ်ရွက် ထွက်လာလေသည်။ ဦးရွှေလှအောင် အသို့လျှင် ထိုပြေစာနှစ်ရွက်ကို ရွေးနိုင်ပါအံ့နည်း။ အပူမီးလောင်ရှာတော့၏။ သို့သော် စားစရာမရှိစေ ကာမူ လျော်စရာကားရှိရမည်။ အခွန်မဆောင်ပြန်လျှင် အမှုရောက်မည်ဖြစ်ခြင်းကြောင့် ရွာသူကြီး ဦးကျားကပင် သူ၏အစားစိုက်၍ ဆောင်လိုက်သောကြောင့် ချမ်းသာခွင့်ရ၍သွားလေသည်။

ဤအကြောင်းကို ကြားသိရသောအခါ မောင်လူအေးလည်း မိမိဝတ္တရားရှိသည့်အတိုင်း အမှန်သို့ရောက်စေရန် ရှင်းလင်း၍ပေး၏။ ဦးရွှေလှအောင်ကား ကျေးဇူးတင်၍ မဆုံးပြီ။ ဦးသာရကြီးကဲ့သို့ပင် မပြတ်မပြတ် မောင်လူအေး၏ ရွက်ထည်တဲရှိရာသို့လာပြီးလျှင် မောင်လူအေးနှင့် ထွေရာလေးပါး စကားစမြည် ပြောလေ့ရှိလေသည်။ တစ်ယောက်နှင့်တစ်ယောက် အကျွမ်းဝင်သွားကြလေသတည်း။

မောင်လူအေးရောက်၍ သုံးရက်မြောက်သော ညနေခင်းတွင် ခပ်ပျင်းပျင်းရှိသည်နှင့် တဲရှေ့ထွက်ကာ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေခိုက် ဦးရွှေလှအောင် ပေါက်၍လာပေ၏။ မောင်လူအေး အနား တွင်ထိုင်ကာ မိမိ၏လုံချည်အိတ်ထောင့်ထဲမှ ကြက်ဥခြောက်လုံးတို့ကို ထုတ်၍ မောင်လူအေးအနားတွင်ချရှာ၏။ မိမိမွေးထားသော ကြက်မ ကြီး၏ဥများ ဖြစ်လေသည်။ ထိုဥများကို သားဖောက်ရန်ရည်ရွယ်၍ ထားသော်လည်း ယခုမှာကား မောင်လူအေးအား ကျေးဇူးတင်လှသော ကြောင့် လာရောက်ကာ လက်ဆောင်ပေးခြင်းဖြစ်လေသည်။

ထိုကြက်ဥများကို အသို့လျှင် မောင်လူအေး ယူရက်ပါအံ့နည်း။ ဦးရွှေလှအောင်ကို သနားမိ၏။ သူ၏ကြက်မကြီးကို ကရုဏာသက်မိလေသည်။ သို့ရာတွင် ဤမျှဆင်းရဲနေသော ဦးရွှေလှအောင်၏ သဒ္ဓါ တရားကိုလည်းကောင်း၊ ကျေးဇူးသိတတ်သော တရားကိုလည်းကောင်း မချီးမွမ်းဘဲ မနေနိုင်တော့ပြီ။

လောကတွင် ဆင်းရဲလေလေ၊ ကျေးဇူးသိတတ်လေလေဖြစ်သည်မှာ ဓမ္မတာပင်ဖြစ်သည် ဟူ၍လည်း တွေးမိ၏။ ဆင်းရဲသူတို့ကား ကိုယ်ချင်းစာတတ်ကြလေသည်။ ချမ်းသာသူတို့ကား ကိုယ်ချင်းမစာ တတ်ဟုဆိုလျှင် မှားမည်မထင်။

အတိဒုက္ခရောက်နေသော ဦးရွှေလှအောင်က ကျေးဇူးသိတတ်နေ လျှင် ဝန်ထောက်မောင်လူအေးက ပို၍ပင် ကျေးဇူးသိတတ်ရပေမည်။ သို့ဖြစ်၍ အိတ်ထဲမှ ငွေနှစ်ကျပ်နှင့် ဦးရွှေလှအောင်အား ကျေးဇူး ပြန်ဆပ်ရုံမျှမက သူ၏ကြက်ဥများကိုလည်း ပြန်၍ပေးလိုက်လေသည်။ ဦးရွှေလှအောင်ကား နားမလည်၊ မကျေနပ်။ ဤဝန်ထောက် အဘယ်ကြောင့် မိမိသဒ္ဓါ၍ပေးသော ကြက်ဥများကို ပြန်၍ပေးရသနည်း။ မောင်လူအေးက အကျိုးအကြောင်းကို ပြန်၍ရှင်းလင်းလိုက်သောအခါကျမှ ကျေနပ်သွားလေသတည်း။ ဪ...မရှိဆင်းရဲသူများ တယ်ကျွေးချင်မွေးချင်ရှိပါတကား၊ ကျေးဇူးသိတတ်ကြပေစွ။

၁၉၃၅ ခုနှစ်၊ ဧပြီ၊ ဂန္ထလောက။