တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ

နေပြည်တော် အောက်တိုဘာ ၃

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန် ထက်မြက်လာစေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါက်ဖွား လာသည့် တပ်မတော်၏  အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့မှု အခြေအနေများကို လေ့လာသိရှိနိုင် စေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော် လက်ရုံးတပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်း လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများ သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ စီစဉ်ဆောင်ရွက် ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ရတနာဒီပ)နှင့် အဝါရောင် မျိုးဆက်သစ် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း(YGW)၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်း(N.E.G)တို့မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့ တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက် လေ့လာကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော် လေယာဉ်များကို လေ့လာခဲ့ကြကာ အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ ထို့နောက် ခေတ်အဆက် ဆက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို လေ့လာ ကြည့်ရှုကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်း ရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။  ထို့နောက် ပြတိုက် တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား မုန့်များပေးဝေကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ များအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြား သည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ များသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေး ကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများအတွက် ယနေ့ လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

သတင်းစဉ်