တောင်ကြီးမြို့၌ အထပ်မြင့်ယာဉ်ရပ်နားစခန်း တည်ဆောက်မည်

တောင်ကြီး အောက်တိုဘာ ၃

ရှမ်းပြည်နယ် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက် တပင်ရွှေထီးလမ်း ဗိုလ်ချုပ်လမ်းနှင့် စဝ်စံထွန်းလမ်းကြား၌ အထပ်မြင့် ယာဉ်ရပ်နားစခန်း (Multi-Storey Parking Garage) တည်ဆောက်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။

အထပ်မြင့် ယာဉ်ရပ်နား စခန်းတည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါယာဉ်ရပ်နား စခန်းနေရာ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ တက်ရောက်ပြီး သတ်မှတ် နေရာများတွင် ပန္နက်ရိုက်ပေးကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသူများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)