နေပြည်တော် အောက်တိုဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီနှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ပြည်သူ့ရင်ပြင် တည်ဆောက်နေမှု
ဦးစွာ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော် ပြည်သူ့ရင်ပြင်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က နေပြည်တော် ပြည်သူ့ရင်ပြင်အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး မြို့ပြနေ အများပြည်သူများ လည်ပတ်ကြည့်ရှု အပန်းဖြေ အနားယူနိုင်ရန်နှင့် ဘက်စုံ အသုံးပြုနိုင်သည့် Public Area ပြည်သူ့ရင်ပြင် တစ်ခုအဖြစ် လျာထားတည်ဆောက် ဆောင်ရွက် လျက်ရှိမှု၊ ရင်ပြင်ပတ်လည်နေရာများ၌ အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင်ကျောက်များဖြင့် ထုဆစ်ပုံဖော်ထားသည့် ရုပ်လုံး ရုပ်ကြွများ ထည့်သွင်းတည်ဆောက်နိုင်ရေး၊ ပြည်သူများ အပန်းဖြေ လည်ပတ်ကြည့်ရှု အနားယူနိုင်ရန် ပန်းခြံနေရာများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေးရင်ပြင်နှင့် Shop House များ၊ အခြားလိုအပ်သည့် အဆောက်အအုံများ ထည့်သွင်း တည်ဆောက်နိုင်ရေး လျာထား ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ရင်ပြင်အနီး၌ မြို့ပြအင်္ဂါရပ် နှင့်လျော်ညီသည့် နာရီစင်ပါ အဆောက်အအုံတစ်ခု တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နေပြည်တော် ကောင်စီနယ်မြေအား မြို့တော် အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော မြို့ပြတစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ဘက်ပေါင်းစုံမှ စဉ်းစားလျာထား ဆောင်ရွက်သွားကြရန်၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီ အဆင့်မီမီဖြစ်စေရေး၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေး ထိန်းသိမ်းပြုပြင် ဆောင်ရွက်မှုများကိုလည်း အမြဲမပြတ် ဆောင်ရွက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နေပြည်တော် ပြည်သူ့ ရင်ပြင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ မီးရထားလမ်း ခုံးကျော်တံတားများနှင့် နေပြည်တော်လေဆိပ် အဝင် လမ်းသစ်ဖောက်လုပ်နေမှု
ယင်းနောက် ရွှေပြည်တော်ဝင် လမ်းပေါ်ရှိ နေပြည်တော် - တောင်တွင်းကြီး မီးရထားလမ်း ခုံးကျော်တံတားနှင့် ရန်ကုန်-မန္တလေး မီးရထားလမ်း ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မီးရထားလမ်း ခုံးကျော်တံတား တည်ဆောက် ခြင်းလုပ်ငန်းများအား နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် လမ်းအသုံးပြုသူဦးရေနှင့် မော်တော်ယာဉ်အစီးရေ တိုးတက်လာနိုင်မှုများအပေါ် ထည့်သွင်းတွက်ချက်၍ လမ်းနှင့်တံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် Master Plan ရေးဆွဲ ဆောင်ရွက်ထားရှိရန် လိုကြောင်း၊ ယခု တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတားများ ငလျင်ဒဏ် ခံနိုင်ရေး၊ ကြံ့ခိုင်ကောင်းမွန်မှု ရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန် စွာဖြင့် တည်ဆောက်ပြီးစီးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ အလားတူ ပြည်ထောင်စုနယ်မြေ နေပြည် တော်အတွင်း လမ်းများအားလုံး အဆင့်မီမီနှင့် စနစ်တကျဖြစ်စေရေး၊ မြို့ပြအင်္ဂါရပ်နှင့် လျော်ညီမှုရှိစေရေး ဆက်လက်အဆင့် မြှင့်တင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး လုပ်ငန်းခွင်များအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရွှေပြည်တော်ဝင် လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများနှင့် လမ်းဘေးဝဲ/ယာတစ်လျှောက်၌ အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် နေပြည်တော်လေဆိပ် အဝင်လမ်းသစ်ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းသစ်ပေါ်ရှိ ဝက္ကမူ တံတားနှင့် ရုံးပင်ချောင်းတံတား တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်နေမှုနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက လေဆိပ်အဝင်လမ်းသစ်နှင့် တံတားများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာဖြင့် တည်ဆောက်နိုင်ရေးနှင့် ရုံးပင် ချောင်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် အရိပ်ရ လေကာပင်များနှင့် အမြဲစိမ်း သစ်ပင်များ စိုက်ပျိုးသွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
နေပြည်တော် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရာဇသင်္ဂဟ လမ်းမကြီးပေါ်ရှိ နေပြည်တော် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းခွင်ရှင်းလင်း ဆောင်၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မုခ်ဦးတည် ဆောက်ရေး လုပ်ငန်းများနှင့် မုခ်ဦးအား မြန်မာ့ယဉ်ကျေးမှု လက်ရာများနှင့်အညီ အဆင့်မီမီ တည်ဆောက်နိုင်စေရေး လျာထား ဒီဇိုင်းများရေးဆွဲထားရှိမှု၊ မြေယာရှုခင်းလုပ်ငန်းများနှင့် အခြား ဆက်စပ်လုပ်ငန်းများကို စနစ် တကျဖြင့် အဆင့်အလိုက် ပြီးစီးမှု ရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်သမ္မတက နိုင်ငံ၏ မြို့တော်သို့ ဝင်ရောက်ရာ အထင်ကရ အမှတ်အသားနေရာ ဖြစ်သည့်အတွက် မြို့ပြဂုဏ်သိက္ခာနှင့်လျော်ညီစွာ ခမ်းခမ်းနားနားနှင့် အဆင့်မီမီဖြစ်ရန် လိုကြောင်း၊ မုခ်ဦးအဆောက်အအုံအား မြန်မာမှု လက်ရာများဖြင့် ခမ်းခမ်းနားနား စနစ်တကျ တည်ဆောက်သွားရန် လိုသကဲ့သို့ ခိုင်ခိုင်မာမာဖြင့် ငလျင်ဒဏ်ခံနိုင်စေရေး အတွက် လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် တည်ဆောက် သွားရန်လိုကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများကြောင့် ယာဉ်များသွားလာမှု မပျက်စေရေးအတွက်လည်း ရှောင်ကွင်းလမ်း (By Pass)များကို စနစ်တကျ ဖောက်လုပ်ပေးသွားရန်လိုကြောင်းနှင့် လမ်းများကို ထောင့်ချိုး အနည်းဆုံးဖြင့် တည်ဆောက်သွားရန်လိုကြောင်း၊ မြေယာရှုခင်းများကိုလည်း အဆင့် မီမီနှင့် ခေတ်နှင့်လျော်ညီသည့် ပုံစံဖြစ်စေရေး၊ ပြည်သူအများ စိတ်အေးချမ်းသာစွာဖြင့် လမ်းလျှောက်ခြင်း၊ အနားယူခြင်းများ ဆောင်ရွက်နိုင်ရေး စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နေပြည်တော် မြို့အဝင်မုခ်ဦး ပုံစံငယ်နှင့် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။
ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်
ထို့နောက် ပြည်ထောင်စုဂုဏ်ပြု ဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်း ဆောင်ခန်းမ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပြည်ထောင်စုဂုဏ်ပြု ဗိမာန် အဆိုပြု 3D ပုံစံများနှင့် မြေယာရှုခင်း လုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စု ဂုဏ်ပြုဗိမာန်ကို ပြည်ထောင်စု နိုင်ငံတော်ကြီးအား တည်ဆောက်ခဲ့ကြသူများနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအား ဂုဏ်ပြုနိုင်ရန်အတွက် ရည်ညွှန်း တည်ဆောက်စေခြင်း ဖြစ်သဖြင့် ခမ်းခမ်းနားနားနှင့် အဆင့်မီမီဖြစ်ရန် လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ပြည်ပနိုင်ငံများမှ လာရောက် ဂုဏ်ပြုကြသူများအနေဖြင့် အဆင့်မီမီနှင့် စနစ်တကျ လာရောက်ဂုဏ်ပြုနိုင် ရေးအတွက်လည်း လျာထား ဆောက်လုပ်သွားရန်လိုကြောင်း၊ ပန်းစည်းချ ဂုဏ်ပြုမည့်နေရာများ အတွက်လည်း စနစ်တကျစီမံ ထည့်သွင်းသွားရန် လိုကြောင်း၊ ဗိမာန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရာ၌ မြန်မာမှု ယဉ်ကျေးမှုနှင့် ခေတ်သစ် ဗိသုကာ အနုပညာလက်ရာတို့ကို အချိုးညီ ထည့်သွင်းပေါင်းစပ် တည်ဆောက်သွားရန် လိုကြောင်း၊ ဗိမာန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပမှုရှိစေရေး အမြဲစိမ်းသစ်ပင်များနှင့် ပန်းမန်များကို စနစ်တကျ ထည့်သွင်း စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဂုဏ်ပြုဗိမာန် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


