Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသား ကျောင်းသူများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်

 

နေပြည်တော် အောက်တိုဘာ ၂

Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသား ကျောင်းသူများအတွက် ဥပဒေပညာ ရပ်ဆိုင်ရာ လက်တွေ့သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါသင်တန်းကို အောက်တိုဘာ ၂ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရက်သတ္တ (၆) ပတ်ကြာလုပ်ငန်းခွင် လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး Naypyitaw State Academy ဥပဒေပညာဌာနမှ တတိယနှစ် ဥပဒေပညာ ကျောင်းသား ကျောင်းသူ ၁၃ ဦးနှင့်BA(Law)အထူးပြု ကျောင်းသား ကျောင်းသူရှစ်ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၁ ဦး တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သင်တန်းသားများအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာန လေးခုတို့၏ လက်တွေ့လုပ်ငန်းများကို လေ့လာခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် လုပ်ငန်းသဘာဝအရ ဆက်စပ်ဆောင်ရွက်ရသည့် ဌာနအဖွဲ့အစည်းများသို့ လေ့လာရေးခရီးပို့ဆောင်ရန်လည်း ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြား သည်။

 

ထို့အတူ Naypyitaw State Academy ပါမောက္ခ ချုပ်က Naypyitaw State Academy ၏ သင်ကြားမှု ပုံစံများအား ရှင်းလင်းတင်ပြသည်။

 

ယမန်နေ့ကလည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) အဖွဲ့ဝင်နိုင်ငံများ၏ (၂၄) ကြိမ်မြောက် ရှေ့နေချုပ်များ အစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ​ ကာဇန်မြို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေချုပ်များ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးမှုမိတ်ဖက် နိုင်ငံများမှ ရှေ့နေချုပ်များလည်း တက်ရောက်ခဲ့သည်။

 

အဆိုပါရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၏ရှေ့နေချုပ်များ အစည်းအဝေးကို အရွယ် မရောက်သေးသူများ၏ အခွင့်အရေးများနှင့် ဥပဒေရေးရာ အကျိုးအမြတ်များကို အကာအကွယ်ပေးခြင်းဆိုင်ရာ ဥပဒေနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်း၊ တားဆီးကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တို့ကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

 

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၏ (၂၄) ကြိမ်မြောက် ရှေ့နေချုပ်များ အစည်းအဝေးသို့ တက်ရောက်သော အဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေချုပ်များ၊ လေ့လာသူ နိုင်ငံများနှင့် ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများမှ ရှေ့နေချုပ်များက ကလေးသူငယ်များ အဖျက်အမှောင့်ဆောင်ရွက်မှုများတွင် ပါဝင်ခြင်းမှ တားဆီးကာကွယ်ခြင်းနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်