တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂

တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၆ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၇) ဦးသိန်းလှိုင်၏ အသက်(၁၈)နှစ်အောက် ကလေးသူငယ်များအတွက် Online Platform များ အသုံးပြုရာတွင် ကြုံတွေ့ရင်ဆိုင်နေရသည့် အန္တရာယ်များမှ ကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က Online Platform များအသုံးပြုရာတွင် ကြုံတွေ့ရင်ဆိုင်နေရသည့် အန္တရာယ်များအား ဥပဒေပိုင်းဆိုင်ရာအရ ကာကွယ်နိုင်ရန် ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဦးစီးကော်မတီအနေဖြင့် ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာ အလွဲအသုံးပြုခြင်းတို့နှင့် စပ်လျဉ်း၍ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင်အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း၊ အသိပေးကြေညာခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းများ၊ အခြေခံအဆောက်အအုံ ကာကွယ်ခြင်းလုပ်ငန်းများကို ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုအရေးပေါ် စောင့်ကြည့်တုံ့ပြန်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပုဒ်မ (၁၀) အရ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဦးစီးကော်မတီအောက်တွင် ဆိုက်ဘာလုံခြုံရေး၊ ဆိုက်ဘာကာကွယ်ရေး၊ ဆိုက်ဘာမှုခင်းဆိုင်ရာလုပ်ငန်းကော်မတီများအား ဖွဲ့စည်းထားပြီး ဆိုက်ဘာ ခြိမ်းခြောက်မှုများနှင့် ဆိုက်ဘာမှုခင်းများအား အရေးယူနိုင်ရေးနှင့် ကာကွယ်တားဆီးရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဒ်မ(၁၁)အရ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းမှတစ်ဆင့် နှောင့်ယှက်စော်ကားမှုများနှင့် မဟုတ်မမှန် သတင်းများဖြန့်ဝေမှုများကို တားဆီးကာကွယ်နိုင်ရေး အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင် ကျောင်းသားလူငယ်များအတွက် Online Platform များ အသုံးပြုရာတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ဆိုက်ဘာလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ မျှဝေခြင်း၊ ဗီဒီယို / Animation များပြသခြင်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံပိုင်ရုပ်သံမီဒီယာများတွင် “ဆယ်ကျော်သက်နှင့် ဆိုက်ဘာအနိုင်ကျင့်ခြင်း” ခေါင်းစဉ်အပါအဝင် ဆိုက်ဘာလုံခြုံရေးအသိပညာပေး ကာတွန်းဇာတ်လမ်းတိုများကို အခါအားလျော်စွာ ထုတ်လွှင့်ပြသလျက်ရှိပါကြောင်း။

 

ထို့ပြင် ဆက်သွယ်ရေးဥပဒေအရ “ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကိုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” တို့ ပြုလုပ်ခံရခြင်းများအား သက်ဆိုင်ရာရဲစခန်းများတွင် သတင်းပေးပို့တိုင်ကြားနိုင်ပြီး ပြစ်မှုထင်ရှားပါက ဥပဒေ၊ ပုဒ်မ၆၆(ဃ)အရ “နှစ်နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင်တည်ရှိသော ဟင်နောင်ကျေးရွာနှင့် နန်းမောင်ခန်းကျေးရွာတို့ကို ဆက်သွယ်ထားသော ကိုယ့်အားကိုယ်ကိုး သစ်သားတံတား ခန့်မှန်းပေ ၂၀၀ ကျော်အား ကွန်ကရစ်တံတား ဆောက်လုပ်ပေးရန်နှင့် နန်းမောင်ခန်းကျေးရွာနှင့် ဆန်ကျိန်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် နန်းမောင်ခန်း ချောင်းကူးကြိုးတံတား ပေ ၂၀၀ အား ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ပထမတံတားဖြစ်သည့် ဟုမ္မလင်းမြို့နယ် ဟင်နောင်ကျေးရွာနှင့် နန်းမောင်ခန်းကျေးရွာတို့ကို ဆက်သွယ်သည့် သစ်သားတံတားသည် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိမ်းသွင်းရန်ကျန်ရှိသည့် လမ်းစာရင်းတွင်ပါရှိသည့် တံတားဖြစ်ပြီး တည်ဆောက်ထားသည်မှာ နှစ်ကာလကြာမြင့်နေပြီဖြစ်၍ လက်ရှိအခြေအနေတွင် ဆိုင်ကယ်များသာ သွားလာနိုင်ပါကြောင်း၊ အဆိုပါသစ်သားတံတားကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် တိုင်းဒေသကြီးရန်ပုံငွေ အကန့်အသတ်အတွင်းမှ ပြင်ဆင်ထိန်းသိမ်းခြင်းအား လတ်တလောဆောင်ရွက်ပေးမည်ဖြစ်ပြီး သံကူကွန်ကရစ်တံတားဆောက်လုပ်ခြင်းကို ဒေသလိုအပ်မှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးပြုမှုတို့အပေါ်မူတည်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စု (သို့မဟုတ်) တိုင်း ဒေသကြီးရန်ပုံငွေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်မှ စတင်၍ ဒေသန္တရဖွံ့ဖြိုးရေး ငါးနှစ်နှစ်တိုစီမံကိန်း စာရင်းတွင် အဆိုပြုလျာထားမည်ဖြစ်ပါကြောင်း။

 

ဒုတိယတံတားဖြစ်သည့် နန်းမောင်ခန်းကျေးရွာနှင့် ဆန်ကျိန်းကျေးရွာတို့ကို ဆက်သွယ်သည့်ချောင်းကူး ကြိုးတံတား ပေ ၂၀၀ သည် ကျေးလက်လမ်း ဧရိယာတွင် ပါဝင်သော်လည်း လုပ်ငန်းလိုအပ်ချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးတိုင်းဒေသကြီးရန်ပုံငွေမှ ငွေကျပ် ၅၄ ဒသမ ၆၀ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါကြိုးတံတားပြုပြင်ထိန်းသိမ်းရန်အတွက် ပွင့်လင်းရာသီတွင် မြေပြင်ကွင်းဆင်းပြီး လိုအပ်ချက်များနှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးတိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်မှစတင်၍ ဒေသဖွံ့ဖြိုးရေးငါးနှစ် နှစ်တိုစီမံကိန်းစာရင်းတွင် အဆိုပြုလျာထားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးရခွီဖုန် (Rakwi Pung)၏ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ဇီးထန်ကျေးရွာအုပ်စု အချန်ချောင်းနှင့် ဇီးထန်ချောင်းဆုံတွင် အလျားပေ ၂၂၀ ၊ အကျယ် ၁၄ ပေရှိ RC သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ခေါင်လန်ဖူးမြို့နယ် အချန်ချောင်းနှင့် ဇီးထန်ချောင်းဆုံတွင် ပေ ၂၂၀ RC ကွန်ကရစ်တံတား တည်ဆောက်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေါင်းစပ်ပေးမည်ဖြစ်သော်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လက်ရှိနယ်မြေလုံခြုံရေး အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် လုံခြုံရေးကောင်းမွန်လာသည့်အချိန်မှသာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ပေါင်းစပ်၍ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေ၏ မကွေးတိုင်းဒေသကြီး မင်းဘူး-သရက် ရထားလမ်း၊ သရက်- ကံမ ရထားလမ်း၊ မင်းလှ-တောင်တွင်းကြီး ရထားလမ်းပိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်နေခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်ကာလတွင် ပြန်လည်ပြေးဆွဲနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာ့မီးရထားအနေဖြင့် မင်းဘူး-မင်းလှ-သရက်ခရီးစဉ်ကို မင်းဘူး(၁)/ (၂) RBE ရထားများဖြင့် ပြေးဆွဲခဲ့ပါကြောင်း၊ ဆက်လက်၍ သရက်-ကံမခရီးစဉ် ၂၉ ဒသမ ၁၄ မိုင်အားအမှတ် (၁၉၉) အဆန်/ (၂၀ဝ) အစုန် RBE ရထားများဖြင့် ပြေးဆွဲပေးခဲ့ပါကြောင်း၊ အလားတူမင်းလှ-တောင်တွင်းကြီး ခရီးစဉ်ကို အမှတ် (၁၉၃)အဆန်/ (၁၉၄)အစုန် RBE ရထားများ ဖြင့် ပြေးဆွဲပေးခဲ့ပြီး အဆိုပါလမ်းပိုင်းများအား ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်မှစတင်၍ ရထားပြေးဆွဲခြင်းများကို ရပ်ဆိုင်းခဲ့ပါကြောင်း။

 

အဆိုပါ လမ်းပိုင်းသစ်များ ဖောက်လုပ်ခဲ့ရာတွင် သစ်သားဇလီဖားနှင့် ကွန်ကရစ်ဇလီဖားများ ပေါင်းစပ်၍ ဆောင်ရွက်ခဲ့သော လမ်းပိုင်းများဖြစ်ပြီး နှစ်ကာလကြာမြင့်သဖြင့် သစ်သားဇလီဖားတုံးများ ဆွေးမြည့်ခြင်း၊ တောမီးလောင်ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း လုံခြုံရေးအခြေအနေပေးလျှင် လမ်းကြံ့ခိုင်မှုစစ်ဆေးပြီး လိုအပ်သည့် ကွန်ကရစ်ဇလီဖားတုံးနှင့် ကျောက်ဖြည့်ဆည်းခြင်း၊ တာပေါင်များရေတိုက်စားမှုကို ပြန်လည်ဖို့ခြင်း၊ တံတား(ကြီး/ငယ်) ပျက်စီးမှုများကို ပြုပြင်ခြင်း၊ ပျောက်ဆုံးနေသော သံလမ်းထိန်းကလစ်များ၊ Pad များ ပြန်လည်ဖြည့်တင်းခြင်း၊ အချက်ပြဆက်သွယ်ရေးစနစ်များ ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ဘူတာများပြုပြင်ပေးခြင်း၊ ဝန်ထမ်းနေအိမ်များ ပြုပြင်ပေးခြင်းလုပ်ငန်းများအား နှစ်အလိုက်ဘဏ္ဍာငွေလျာထား၍ အကြီးစားပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလော ရထားများ ပြန်လည်ပြေးဆွဲနိုင်သည့် အခြေအနေမရှိသေးပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆) ဦးခင်မောင်အေး၏ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိသည့် ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်တို့ကို ဆက်သွယ်ထားသည့် မီးရထားလမ်းအား အပိုင်းလိုက်၊ အဆင့် လိုက် မြန်မာ့မီးရထားမှ ပြုပြင်ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မန္တလေး- မြစ်ကြီးနားရထားလမ်းပိုင်းသည် ၃၄၂ ဒသမ ၇၅ မိုင်ရှိပြီး ယခင်က လူစီးအမြန်ရထား ၁၀ စင်း၊ စာပို့ရထားလေးစင်း၊ လူစီးကုန်တင်ရထား ၁၀ စင်းနှင့် ခရီးတိုရထား နှစ်စင်းတို့အားပြေးဆွဲပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားခဲ့ပြီး လုံခြုံရေးအခြေအနေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစ၍ ရပ်နားထားခဲ့ရပါကြောင်း။

 

မြန်မာ့မီးရထားမှ မန္တလေး - မြစ်ကြီးနားရထား လမ်းပိုင်းတွင် ရထားများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရှေးဦးစွာရွာထောင်-ရွှေဘိုလမ်းပိုင်း၏ ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ရွာထောင်ဘူတာမှစတင်၍ ပြုပြင်ခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဝက်လက် ဘူတာအထိ ရောက်ရှိခဲ့ပါကြောင်း၊ ရွာထောင်ဘူတာမှ ဝက်လက်ဘူတာအထိ အကွာအဝေး ၃၄ မိုင်ခန့်အား အချိန်အားဖြင့် လေးလခန့်ပြုပြင်ခဲ့ရပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်ဖျက်ဆီးမှုများ များစွာကြုံတွေ့ခဲ့ရပါ ကြောင်း။

 

ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဝက်လက်-ရွှေဘို လမ်းပိုင်းတွင် ၁၀ ပေအရှည် တံတားလေးစင်း၊ ပေ ၂၀ အရှည် တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရခြင်း၊ ရထားလမ်း၏ တစ်မိုင်ကျော်ခန့် သံလမ်းများဖြုတ်ခိုးခံရခြင်း၊ ရထားလမ်းတာပေါင်များကို မြေတူးစက်(Backhoe)ဖြင့် မြောင်းတူးဖျက်ဆီးထား ခြင်းများနှင့် လုံခြုံရေးအခြေ အနေများအရ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ထို့ပြင် ဆောင်ရွက်ပြီးဖြစ်သော ရွာထောင်-ဝက်လက်လမ်းပိုင်းတွင်လည်း သာလှိုင်းရုံးသာဘူတာနှင့် ဝက်လက်ဘူတာ ကြားရှိ ပေ ၁၂၀ အရှည် တံတားအမှတ်(၅၇) ပြွန်ကြီးတံတား၏ တံတား သံပေါင်များဖျက်ဆီးခံရခြင်း၊ ခက်ခဘူတာနှင့် ပေါက်ကန်ဘူတာကြား ပြုပြင်ထားပြီး သံလမ်းပေ ၄၂၀၀ ခန့် ဖျက်ဆီးခံရခြင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့ပြင်စစ်ဆေးမှုမပြုနိုင်သေးသည့် နေရာများတွင်လည်း လမ်းများ၊ တံတားများ၊ ဘူတာအဆောက်အအုံများ၊ စက်ခေါင်းနှင့်တွဲများအား ဖျက်ဆီးထားမှုများကြောင့် မီးရထားဘူတာရှိ ဝန်ထမ်းများပင် တိမ်းရှောင် နေရပါကြောင်း။

 

မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအားရထားများ ပြန်လည်ပြေးဆွဲရေးအတွက် လုံခြုံရေးအခြေအနေအပေါ်မူတည်၍ လမ်းပိုင်းအလိုက် ပြုပြင်ပေးလျက်ရှိရာ ကချင်ပြည်နယ်အတွင်း မိုးကောင်း-မြစ်ကြီးနား အသွား/အပြန်ခရီးစဉ် မိုးကောင်း-၁/၂ RBE ရထားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စ၍ လည်းကောင်း၊ မိုးညှင်း-မြစ်ကြီးနား အသွား/အပြန်ခရီးစဉ် အမှတ်(၄၉)အဆန်/ (၅၀)အစုန် ရထားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်မှစ၍လည်းကောင်း တိုးချဲ့ ပြေးဆွဲပေးလျက်ရှိပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေး (Public Transportation)အတွက် များစွာဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများကလည်း ပူးပေါင်းပါဝင်၍ ဖျက်ဆီးမှုများကို ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း။

 

သို့ပါ၍ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့ကို ဆက်သွယ်ထားသည့် ရထားလမ်းအား နယ်မြေလုံခြုံရေး အခြေအနေပေးသည့်အချိန်တွင် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၉) စောမြတ်ထွဋ်ဝင်း(ခ) ကိုဆွိ၏ ကရင်ပြည်နယ် ဘားအံ(မြိုင်ကလေး) ဘူတာရုံနှင့် သထုံဘူတာရုံသို့ ရထားလမ်းများ အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်ပေးရန်နှင့် ရန်ကုန် - မော်လမြိုင် ရထားများသည် ဘားအံ(မြိုင်ကလေး) ဘူတာရုံသို့ လူစီးရထားများနှင့် ကုန်တွဲရထားများ ပြေးဆွဲပေးနိုင်ခြင်း ရှိ/မရှိနှင့် ပြေးဆွဲပေးမည်ဆိုပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်နှင့် ပြေးဆွဲပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာ့မီးရထားအနေဖြင့် သထုံ-လှာကာ-မြိုင်ကလေးလမ်းပိုင်းအား ခရီးတိုရထားကို တွဲ(၂)တွဲပါ စက်ခေါင်းဖြင့် ၂၀၁၅ ခုနှစ် မေ ၂၃ ရက်မှစ၍ တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေနှစ်ရက်ဖြင့် နှစ်လစမ်းသပ်ပြေးဆွဲခဲ့သော်လည်း ခရီးသည်လိုက်ပါ စီးနင်းမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်လည်း လမ်းပိုင်းပျက်စီးမှုမရှိစေရေးအတွက် လမ်းပိုင်း ထိန်းသိမ်းသည့်အနေဖြင့် တစ်လလျှင် သုံးခေါက် ပြေးဆွဲခဲ့ပြီး ခရီးသည်များ လိုက်ပါစီးနင်းမှုမရှိသဖြင့် ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှစ၍ ခရီးတိုရထားပြေးဆွဲခြင်းကို ရပ်ဆိုင်းခဲ့ကာ သံလမ်းပြေးယာဉ်(RGC)ဖြင့် အနည်းဆုံး တစ်လတစ်ကြိမ် လမ်းပိုင်းစစ်ဆေးခြင်းကိုသာ ဆောင်ရွက်ခဲ့ပါကြောင်း။

သထုံ-လှာကာ-မြိုင်ကလေးရထားလမ်းပိုင်း ဖွင့်လှစ်ခဲ့ပြီးနောက် မြိုင်ကလေးဘိလပ်မြေစက်ရုံအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများ သယ်ပို့ရန် ကုန်ရထားပြေးဆွဲမှုကို ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ကုန်ပစ္စည်းများ သယ်ယူရန်မရှိသဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ရပ်နားထားခဲ့ပါကြောင်း။

 

သထုံဘူတာမှ လေးတိုင်ဘူတာအထိ ၅ ဒသမ ၀ မိုင် အကွာအဝေးကို ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်တွင် လမ်းပိုင်းပြုပြင်ပြီးဖြစ်သဖြင့် ကုန်ရထားပြေးဆွဲခြင်း ကို ပြန်လည်ဆောင်ရွက်ခဲ့ပါကြောင်း၊ သထုံ-လှာကာ-မြိုင်ကလေးလမ်းပိုင်းတွင် ခရီးသည်ရထားအား လိုက်ပါစီးနင်းသူမရှိ၍ ဆက်လက်ပြေးဆွဲခြင်း မရှိသေးသည့်အပြင် လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ဆဲဖြစ်သဖြင့် ကုန်ရထားအား လမ်းပိုင်းပြုပြင်ပြီးသည့် လေးတိုင်ဘူတာအထိသာ ပြေးဆွဲပေးလျက်ရှိပြီး ကျန်ရှိသည့် လမ်းပိုင်းပြုပြင် မွမ်းမံထိန်းသိမ်းမှုများ ဆက်လက်ဆောင်ရွက်နေပါကြောင်း။

 

သထုံ - လှာကာ - မြိုင်ကလေး လမ်းပိုင်းတွင် တိုင်တရာရပ်စခန်းဘူတာအနီး၌ လမ်းပိုင်းမှာ ဆင်ခြေလျှော ၁ အချိုး ၆၀ ရှိခြင်း၊ သထုံမှ လေးတိုင် အထိ ၅ မိုင်ခန့်သာ သံလမ်းတစ်ဆက်လျှင် ကွန်ကရစ် ဇလီဖား ၁၇ တုံး ထည့်သွင်းပြုပြင်ထားပြီး ကျန် ၁၇ မိုင်ကျော်အတွက် နှစ်စဉ်ဘဏ္ဍာငွေထည့်သွင်း လျာထား၍ ကွန်ကရစ်ဇလီဖား ထပ်မံထည့်သွင်းခြင်း၊ လမ်းခင်းကျောက်ဖြည့်သွင်းခြင်းနှင့် တံတားနေရာများ စစ်ဆေးပြုပြင်ခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

သို့ပါ၍ သထုံ-လှာကာ-မြိုင်ကလေးလမ်းပိုင်းတွင် ရန်ကုန်-မော်လမြိုင် DEMU ရထားနှင့်ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် ဘားအံ(မြိုင်ကလေး) ဘူတာမှ လေးတိုင်ဘူတာအထိ ကျန်ရှိသည့် ၁၇ မိုင်အတွက် လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမည်ဖြစ်ပါကြောင်းနှင့် ယင်းအချိန်တွင် ချိတ်ဆက်ပြေးဆွဲနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို သတင်းအချက်အလက်များ၊ နည်းပညာ အထောက်အကူများ၊ ငွေကြေးပံ့ပိုးမှုများနှင့် အလုပ်အကိုင်ကျွမ်းကျင်မှုများ လွယ်ကူစွာရရှိစေရန်၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ နိုင်ငံတကာ စံချိန်စံညွှန်း ကိုက်ညီ၍ အရည်အသွေးပြည့်မီပြီး ပြည်တွင်း ပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် အဟန့်အတားများ လျော့နည်းစေရန်၊ ဒီဂျစ်တယ်အသုံးပြုမှု၊ သတင်းအချက်အလက် နည်းပညာအသုံးပြုမှုနှင့် အွန်လိုင်းကုန်သွယ်မှု စနစ်တို့ ဖွံ့ဖြိုးတိုးတက်လာစေရေးပံ့ပိုးကူညီရန်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးအတွက် လိုအပ်သောအထောက်အပံ့များ၊ အစီအစဉ်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားပါကြောင်း လွှတ်တော်သို့ တင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃) ဦးဟိန်းမင်းဦးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ၍ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးသတ္တမနေ့ကို အောက်တိုဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့