အမိမြေ၊ ဇာတိမြေ အေးချမ်းသာယာရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စွမ်းဆောင်

 

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို တပ်မတော်မှ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။ ပြန်လည်ခေါ်ဆောင်ခဲ့သူများသည် မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ချိုးဖောက်ခြင်းကြောင့် ထိန်းသိမ်းခံခဲ့ရသူများဖြစ်ပြီး ပြန်လည်ခေါ်ဆောင်ရန်အတွက် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်မှုကိုလည်း ပြုလုပ်ခဲ့ရသည်။

 

ယင်းသို့ ခေါ်ဆောင်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ပြီး တပ်မတော်(ရေ)မှ တာဝန်ရှိသူများ ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ဖြင့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးကို သွားရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေ ရသည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်အစိုးရက လွန်ခဲ့သောငါးနှစ်ကျော် ခြောက်နှစ်ကာလကပင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အကြိမ်ကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စင်းလုံးငှားလေယာဉ်များ၊ တပ်မတော်စစ်ရေယာဉ်များဖြင့် စနစ်တကျခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသူများမှာ ရွှေ့ပြောင်း အလုပ်သမားအဖြစ် ရရာအလုပ်လုပ်ကိုင်ရန် တရားဝင်/တရားမဝင် နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများ၊ မလေးရှားမှတစ်ဆင့် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါစသည့်တတိယနိုင်ငံများသို့ ဒုက္ခသည်အဖြစ် သွားရောက်နိုင်ရန်အတွက် မလေးရှားနိုင်ငံရှိ UNHCR တွင် အသိအမှတ်ပြုကတ် လျှောက်ထားရယူရန် လာရောက်ကြသူများဖြစ်ကြသည်။ ယင်းသို့ ရောက်ရှိလာကြသူများတွင် မြန်မာနိုင်ငံမှ မြန်မာတိုင်းရင်းသားများသာမက ပင်လယ်ပြင်မှ လှေစီးကမ်းတင်ရောက်ရှိနေကြသူများလည်းပါဝင်ပြီး UNHCR ၏ ဒုက္ခသည် အသိအမှတ်ပြုကတ် ရရှိရေးအတွက် မြန်မာနိုင်ငံမှ လာရောက်ကြသူ များ ဖြစ်ကြောင်း မမှန်မကန်ပြောကြားသူများလည်း ပါဝင်လျက်ရှိသည်ဟု သိရသည်။

 

လက်ရှိ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ရွှေ့ပြောင်းနေထိုင်သူများအနက် မြန်မာနိုင်ငံသားများဟု ဆိုသူများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်နေသည့် အခြေအနေများမှာ လွန်စွာတင်းမာလျက်ရှိသည်ကို တွေ့ရသည်။ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင် ရွှေ့ပြောင်းလုပ်သားများနှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေ သည့် နိုင်ငံခြားသားများကို ၎င်းတို့ နိုင်ငံတစ်ဝန်းလုံးတွင် ဆက်တိုက် စစ်ဆင်ရေးပြုလုပ်၍ ဖမ်းဆီးလျက်ရှိသည်။ စက်ရုံများ၊ ဆောက်လုပ် ရေးလုပ်ငန်းခွင်များ၊ ဈေးများ၊ လမ်းဘေးစားသောက်ဆိုင်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် အထောက်အထား မဲ့သူများ၊ ဗီဇာ/ပါမစ် စည်းကမ်းချိုးဖောက်ပြီး အလုပ်ပြောင်းလုပ်သူ၊ ကိုယ်ပိုင်ဆိုင်ဖွင့်သူများ စသည်တို့ ဖမ်းဆီးခံကြရသည်။

 

မလေးဒေသခံ ပြည်သူများ၏ လူမှုကွန်ရက်များတွင် ရွှေ့ပြောင်း နေထိုင်သူများအပေါ် ဆန့်ကျင်သည့် သဘောထားများ မြင့်တက်ခဲ့ရာ အထူးသဖြင့် မြန်မာနိုင်ငံတွင် မရှိသည့် လူမျိုးအမည်ခံထားသူများနှင့် ပတ်သက်နေခြင်းဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများသည် မလေးပြည်သူများ၏ အခွန်ဘဏ္ဍာများဖြင့် ဆောင်ရွက်ထားသည့် ကျန်းမာ ရေးစောင့်ရှောက်မှုများကို အခမဲ့ရယူခံစားခြင်း၊ ဒေသခံများ၏ အလုပ်အကိုင်များကို လုယူခြင်းနှင့် မလေးရှားမြေပေါ်တွင် ဒုက္ခသည်များက ကလေးများမွေးဖွားကာ လူဦးရေလျင်မြန်စွာတိုးပွားနေခြင်းတို့အပေါ် သည်းခံနိုင်စွမ်းမရှိတော့ဘဲ ဆန့်ကျင်လာကြခြင်းကြောင့် မလေးရှားအစိုးရအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများအရေးကို အလေးအနက်ပြု ဆောင်ရွက်လာခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် မိမိတို့ နိုင်ငံသားများ ပြည်ပတွင် ဒုက္ခ အခက်အခဲများနှင့် ရင်ဆိုင်ကြရပါက မိမိနိုင်ငံသားအသေအချာ ခိုင်မာပါက မဖြစ်မနေ ပြန်လည်ခေါ်ယူလျက်ရှိသည်။ မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိ၍ မြန်မာနိုင်ငံသား ၁၄၇၆ ဦးအား မလေးရှား တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်ညပိုင်းတွင် မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာလာသည့် စစ်ရေယာဉ်များမှာ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံရေပိုင်နက်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး မကြာမီရန်ကုန်မြို့သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

 

တပ်မတော်ရေယာဉ်များဖြင့် တင်ယူခေါ်ဆောင်လာခဲ့သည့် မြန်မာနိုင်ငံသားများတွင် လူမျိုးအသီးသီးတို့ ပါဝင်ကြပြီး အမိနိုင်ငံတော်ကြီး၏ ရင်ခွင်သို့ ပြန်လည်ရောက်ရှိရခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြရသကဲ့သို့ မိမိနိုင်ငံသားများအား ပြန်လည်ခေါ်ယူရေး စီမံဆောင်ရွက်ပေးသည့် နိုင်ငံတော်အကြီးအကဲ၏ ကြီးမားသော မေတ္တာတရားနှင့် အဘက်ဘက်မှ ဆောင်ရွက်ပေးသည့် တာဝန်ရှိသူများ၏ စေတနာများစွာတို့အတွက် အထူးကျေးဇူးတင်ကြသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားတို့အတွက် မြန်မာနိုင်ငံသည်သာလျှင် ဇာတိမြေ ဖြစ်ရာ မိမိတို့၏ အမိမြေ၊ ဇာတိမြေ သာယာရေးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စွမ်းဆောင်အလုပ်အကျွေး ပြုကြရပါမည့်အကြောင်း။ ။