ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်း  သြဂုတ်လတွင် ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်

အောက်တိုဘာ ၂

ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည်ဇူလိုင်လတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဩဂုတ်လတွင် ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ရာ ငါးလအတွင်း ပထမဆုံးအကြိမ် အခြေအနေဆိုးရွားလာခြင်း ဖြစ်သည်ဟု သိရသည်။

အလုပ်အကိုင်ရှိသူဦးရေသည် ယခင်လကထက်  ဦးရေ ၃၀၀၀၀ တိုးလာပြီး ရာသီအလိုက် ချိန်ညှိထားသော အလုပ်အကိုင်ရှိသူစုစုပေါင်း ၆၈ ဒသမ ၃၄ သန်းအထိ ရှိလာကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အလုပ်လက်မဲ့ဖြစ်နေသူများအနက် ၈၁၀၀၀၀ သည် ပိုမိုကောင်းမွန်သော အလုပ်ခွင်အခြေအနေများကို ရှာဖွေရန်အတွက် ၎င်းတို့၏ဆန္ဒအလျောက် အလုပ်မှ နုတ်ထွက်ခဲ့ကြရာ ဇူလိုင်လကထက် ၈ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး  ဦးရေ ၄၀၀၀၀၀ ကို ၎င်းတို့၏အလုပ်ရှင်များက အလုပ်မှထုတ်ပယ်ခဲ့ရာ ယခင်လကထက်  ၅ ဒသမ ၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။

အလုပ်အသစ်ရှာဖွေနေသူဦးရေ ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးလာပြီး ၄၆၀၀၀၀ အထိ ရှိလာကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ သီးခြားထုတ်ပြန်ချက်အရ သြဂုတ်လတွင် အလုပ်အကိုင်ရရှိနိုင်မှုအချိုးသည် ၁ ဒသမ ၁၈ ရှိပြီး အလုပ်ရှာဖွေသူ ၁၀၀ လျှင် အလုပ်အကိုင်အခွင့်အလမ်း ၁၁၈ ခုရှိကြောင်း ဆိုလိုခြင်းဖြစ်သည်ဟု သိရသည်။

စက်မှုလုပ်ငန်းအရ ကဏ္ဍ ၁၁ ခုအနက် ရှစ်ခုတွင် အလုပ်အကိုင်အခွင့်အလမ်းများသည် ယခင်နှစ်ကထက် ကျဆင်းခဲ့ပြီး တည်းခိုခန်းနှင့် စားသောက်ဆိုင်ဝန်ဆောင်မှုများတွင် ၁၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လက်ကားနှင့် လက်လီရောင်းချမှုတွင် ၁၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ခဲ့သည့် ကဏ္ဍ သုံးခုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် ၃ ဒသမ ၉ ရာခိုင်နှုန်း တိုးလာပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍသည် ၃ ဒသမ ၃ ရာခိုင်နှုန်း တိုးလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို