ထက်သန်သည့် စိတ်ဓာတ်ဖြင့် အမှန်တကယ် စိုက်ပျိုး(မြန်မာ့အလင်း)

 

မြန်မာနိုင်ငံတွင် တစ်ဦးချင်းဆီစားသုံးမှုသည် တစ်ရက်လျှင် ၂ ဒသမ ၂၅ ကျပ်သား (တစ်နှစ်လျှင် ပျမ်းမျှ ၁၁ ပိဿာခန့်) ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးစံနှုန်းအရ လူတစ်ဦးသည် တစ်နှစ်လျှင် ၆ ဒသမ ၅ ပိဿာခန့်သာ ဆီစားသုံးသင့်သည်ဟုဆိုရာ စံသတ်မှတ်ချက်ထက် များစွာပို၍ စားသုံးနေသည်ဟုဆိုနိုင်သည်။

 

လက်ရှိ စားသုံးနှုန်းအရ တစ်နိုင်ငံလုံး နှစ်စဉ်စားသုံးဆီလိုအပ်ချက်မှာ တန်ချိန် ၁ ဒသမ ၂ သန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် ၃ သိန်းခန့်သာဖြစ်ရာ နှစ်စဉ်ပြည်ပမှစားသုံးဆီတန်ချိန် ၈ သိန်းကျော် တင်သွင်းနေရသည်။ ပြည်ပမှတင်သွင်းသည့် စားသုံးဆီဆိုသည်မှာ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံတို့မှတင်သွင်းသည့် စားအုန်းဆီဖြစ်ပြီး ပြည်တွင်း၌စိုက်ပျိုးထုတ်လုပ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများမှ ကြိတ်ခွဲထွက်ရှိလာသည့် စားသုံးဆီများနှင့်နှိုင်းယှဉ်ပါက ကျန်းမာရေး အကျိုးရလဒ်မှာ လွန်စွာကွာခြားလှသည်။ ဆီစားသုံးမှုကို မလျှော့နိုင်သေးသည့် မိမိတို့ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ကျန်းမာရေးနှင့်မညီညွတ်လှသည့် စားသုံးဆီကို ပြည်ပမှတင်သွင်း စားသုံးနေကြရခြင်းပင်ဖြစ်သည်။

 

“ဆီဖူလုံမှုနှင့်ပတ်သက်၍ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဖူလုံနိုင်မည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်း၊ ဆီထွက်သီးနှံများအား ဆီကြိတ်ခွဲခြင်းမပြုလုပ်ဘဲ မိရိုးဖလာစားသုံးမှု၌ အသုံးပြုခြင်း၊ မြေပဲ၊ နှမ်းတို့ကို ကုန်ကြမ်းအဆင့်ဖြင့်ပင် ပြည်ပသို့တင်ပို့ခြင်းများလည်း ဆောင်ရွက်နေကြရသည်ကိုလည်း တွေ့မြင်ရကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းဆီဖူလုံမှုရှိစေရေး မိမိတို့အနေဖြင့် ဆီထွက်သီးနှံများ အမှန်တကယ်စိုက်ပျိုးကြရန်နှင့် တစ်ဧကအထွက်နှုန်းအတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဆိုပါက ပြည်ပမှစားသုံးဆီများ နှစ်စဉ်တင်သွင်းနေရမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း” ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ဆီထွက်သီးနှံများအား သတ်မှတ်ပေးထားသည့် ပန်းတိုင်ရည်မှန်းချက်များမှာ မြေပဲတစ်ဧကလျှင် တင်း ၇၀၊ နေကြာတစ်ဧကလျှင် တင်း ၅၀ နှင့် နှမ်းတစ်ဧကလျှင် တင်း ၂၀ စသည်ဖြင့်ဖြစ်သည်။ သီးနှံများ တစ်ဧကပန်းတိုင်အထွက်နှုန်း သတ်မှတ်ချက်များမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးသည့်မြေအခြေအနေ၊ ရာသီဥတုအခြေအနေတို့အပေါ်မူတည်၍ နိုင်ငံတကာနှင့် ချိန်ထိုးကာ နှစ်ပေါင်းများစွာအချိန်ယူ၍ စနစ်တကျသုတေသနပြု လေ့လာဆန်းစစ်တွက်ချက်သတ်မှတ်ထားခြင်းဖြစ်သည်။ ဥပမာမြေပဲသည် မြန်မာနိုင်ငံတွင် လက်ရှိပျမ်းမျှတစ်ဧက အထွက်တင်း ၄၅ မှ ၅၀ ထွက်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား စသည့်အာဆီယံနိုင်ငံတို့တွင် တစ်ဧက တင်း ၆၅ မှ ၈၀ ခန့်ထွက်ရာ မြန်မာနိုင်ငံတွင် ပန်းတိုင်ရည်မှန်းချက် တင်း ၇၀ သတ်မှတ်ထားသည်။ ၎င်းတို့နိုင်ငံများတွင် အထွက်နှုန်းကောင်းရခြင်းမှာ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ ခေတ်မီနည်းပညာများနှင့် သွင်းအားစုများကို စနစ်တကျသုံးစွဲခြင်း စသည်တို့ကြောင့်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လက်ရှိစိုက်ဧကနှင့်ပင် ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံရုံမျှမက လိုအပ်ချက်၏နှစ်ဆခွဲခန့် (၂၄၉ ဒသမ ၅ ရာခိုင်နှုန်း) အထိ ပိုမိုထုတ်လုပ်နိုင်ပြီး ပြည်ပသို့ပါ တင်ပို့နိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် စားသုံးဆီဖူလုံရေးအတွက် တစ်ဦးချင်းစားသုံးမှုကို ကျန်းမာရေးလိုအပ်ချက်နှင့်အညီသာ စားသုံးကြရမည်ဖြစ်သလို ဆီထွက်သီးနှံစိုက်ပျိုးမှုကိုလည်း တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီရန် အရေးကြီးသည်။ ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းများသည် မဖြစ်နိုင်သည့်သတ်မှတ်ချက်မျိုးမဟုတ်ဘဲ အခြားနိုင်ငံများတွင် စိုက်ပျိုးထွက်ရှိနေသည့် အထွက်နှုန်းများနှင့် ကိုယ့်ရေ၊ ကိုယ့်မြေတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်မည့်အခြေအနေတို့နှင့် စနစ်တကျ သုတေသနပြုသတ်မှတ်ပေးထားခြင်းသာဖြစ်ရာ လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်ကြခြင်းအားဖြင့် ပြည့်မီကျော်လွန်နိုင်သည့် အထွက်နှုန်းများသာဖြစ်သည်။

 

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် အခြေခံကျသည့်နည်းလမ်းတို့မှာ မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ (၄) မျိုးသာဖြစ်ပြီး တစ်ခုခုချွတ်ယွင်းခြင်း၊ နှစ်ခု သုံးခု ချွတ်ယွင်းခြင်း၊ အားထည့်လုပ်ကိုင်ဆောင်ရွက်မှုမပြုခြင်း စသည်တို့ကြောင့် သီးနှံအထွက်နှုန်းအားဖြင့်လည်း သမားရိုးကျအတိုင်း ထွက်လာခြင်းဖြစ်သည်။ တကယ်ဖြစ်ချင် တကယ်လုပ်ဟူသည့် စကားနှင့်အညီ မိမိစိုက်ပျိုးသည့် ဆီထွက်သီးနှံကို ပန်းတိုင်အထွက်နှုန်းရရှိရန် ထက်သန်သောစိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် အမှန်တကယ် ထွက်ရှိလာမည်ဖြစ်သည့်အကြောင်း။ ။