မန္တလေး အောက်တိုဘာ ၁
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူ ၉၈ ဦး တက်ရောက်ကြသည်။
ပြန်လည်ဖြေကြား
အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ငါးဦးက မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း ခြောက်ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားကြသည်။
ထို့နောက် ငါန်းဇွန်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူ တင်သွင်းထားသည့်“ ဂရန်ရရှိသင့်သူများ ဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေးရေး” အဆို နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများဆောင်ရွက်ကြပြီး ယင်းအဆိုကို သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် လွှတ်တော်က အဆိုအတည်ဖြစ်ကြောင်း ကြေညာသည်။
တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို နံနက် ၁၁ နာရီခွဲတွင် ရပ်နားခဲ့ပြီး အစည်းအဝေး သတ္တမနေ့ကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)


