(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် အောက်တိုဘာ ၁

 

(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစား ရဲအရာရှိကြီးများ၊ အနုပညာရှင် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးတာဝန်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရင်း ကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရ ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်သက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သမိုင်းအစဉ်အလာနှင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထမ်းဆောင်ခဲ့သည့် တာဝန်များကို ပြန်လည် အမှတ်ရဂုဏ်ပြုသည့် အခမ်းအနား ဖြစ်သကဲ့သို့ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပြန်လည်သုံးသပ် သတ်မှတ်ရမည့် အခါသမယလည်းဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့််ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံတကာ ဆက်ဆံရေးကိုလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်နှင့်အညီ ခိုင်မာအောင် တည်ဆောက်နေကြောင်း၊ ထိုသို့ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို အားကောင်း အောင်ဆောင်ရွက်ရာတွင် နိုင်ငံဖြတ်ကျော် မှုခင်းများကိုလည်း အလေးထားပြီး ပူးပေါင်းကာကွယ် တားဆီးဖြေရှင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

 

ယနေ့ခေတ်တွင် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးလာသည်နှင့်အမျှ Cyber Crime ၊ အွန်လိုင်း လိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ် ဆေးဝါးမှုနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ ပိုမိုရှုပ်ထွေးလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ရှုပ်ထွေးမှုများကို ထိရောက်စွာ ကာကွယ်တားဆီးရန်နှင့် အချိန်မီ တုံ့ပြန်နိုင်ရန်အတွက် နည်းပညာ ကျွမ်းကျင်မှုများ မြှင့်တင်ခြင်း၊ မှုခင်းသတင်း အချက်အလက်များ စုဆောင်းခြင်းနှင့် သုံးသပ်ခြင်း၊ ပြည်တွင်း ပြည်ပ ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်းစေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း။

 

အထူးသဖြင့် ယနေ့ ဒေသတွင်း နိုင်ငံများနည်းတူ ကြုံတွေ့နေရသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ သည် နိုင်ငံတစ်ခုတည်းက ဖြေရှင်း၍ မရနိုင်သည့် စိန်ခေါ်မှုများ ဖြစ်လာသည့်အတွက် နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက ပိုမို၍အရေးကြီးလာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL)ကို ၁၉၅၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သကဲ့သို့ ၁၉၉၈ ခုနှစ်တွင် အာဆီယံရဲအဖွဲ့ (ASEANAPOL)ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံ ဖြတ်ကျော်မှုခင်းများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

 

အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာ သည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍ မရသော ရာဇဝတ်မှုများအဖြစ် သတ်မှတ်၍ Zero Tolerance မူဝါဒဖြင့် နှိမ်နင်းလျက်ရှိကြောင်း၊ အွန်လိုင်း လောင်းကစားမှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝကိုထိခိုက် စေနိုင်ခြင်းကြောင့် အွန်လိုင်း လိမ်လည်မှု နည်းလမ်းများနှင့် အန္တရာယ်များကို ပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ပြစ်မှုကျူးလွန်သူများကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ကြရန် နိုင်ငံတော်အစိုးရက အလေးထား ဆောင်ရွက်နေကြောင်း၊ အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားမှုများကို အမြစ်ပြတ်နှိမ်နင်းရေး အတွက် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟို ကော်မတီ”ကို ၂၀၂၆ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း။

 

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု လုပ်ငန်းလုပ်ကိုင်သည့် နေရာများ ဖော်ထုတ်အရေးယူ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ၇၆၄၈၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ၇၃၂၅၈ ဦးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင် လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း။

 

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ကစပြီး အွန်လိုင်း လောင်းကစားမှုဖြင့် ကျော်ကြားနေသည့် KK Park အတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော လူနေအဆောက်အအုံများ အပါအဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရာနှုန်းပြည့် မိုင်းခွဲဖြိုချဖျက်ဆီးရှင်းလင်း နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း တွင်ရှိသည့် အဆောက်အအုံ ၇၇ လုံးကိုလည်း ရာနှုန်းပြည့်ဖြိုချ ဖျက်ဆီးရှင်းလင်းပြီးဖြစ်ကြောင်း၊ ယင်းသည် ရဲတပ်ဖွဲ့အတွက်  ကြီးမားသည့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ်သည်ကို ဂုဏ်ပြုပြောကြား လိုကြောင်း။

 

မိမိတို့ အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန် အဖြစ်ရှုမြင်ပြီး ထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးစစ်ဆင်ရေး (၄၁)ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ ဆောင်ရွက်နေသည့် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံ ချက်“Operation 42” ကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

 

မြန်မာနိုင်ငံသည် နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (INCB)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ အမေရိကန်မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့(DEA)စသည့် အဖွဲ့များအပြင် အိမ်နီးချင်းနိုင်ငံများ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ထိန်းချုပ်ရေးအဖွဲ့များနှင့်လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်သည်များကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင်ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် မြန်မာကျပ်ငွေ ၂၂၀၉ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၀၃ သန်း ကျော်)တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်မှာလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ထိရောက်သည့် အောင်မြင်မှု တစ်ခုပင်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခု စတုတ္ထအကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ခုနှစ်သည်လည်း မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းကဏ္ဍ(၄)ရပ်တို့ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး INTERPOL၊ ASEANAPOL တို့နှင့် ပူးပေါင်းပြီး လူကုန်ကူးမှုများ တားဆီးနှိမ်နင်းရေး စီမံကိန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း။

 

ထို့အပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈)ကို ပြည်ထောင်စု အစိုးရအဖွဲ့က သဘောတူပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU)များ လက်မှတ်ရေးထိုးပြီး သတင်းအချက်အလက် ဖလှယ်ခြင်းများနှင့် ဥပဒေ၊ နည်းဥပဒေများအရ အရေးယူခြင်းများကို ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

ရဲတပ်ဖွဲ့၏ လုပ်ငန်းများ အောင်မြင်ရန် ပြည်သူများ၏ ယုံကြည်အားကိုးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို နားလည်ပြီး တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လူ့အခွင့်အရေးအခြေခံမူ များကို လေးစားလိုက်နာ၍ ပြည်သူ့ ယုံကြည်မှု ပိုမိုခိုင်မာလာစေရန် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ကို ဆက်လက်မြှင့်တင် ဆောင်ရွက်ရမည်လည်း ဖြစ်ကြောင်း။

 

ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန် ပညာအရည်အချင်း၊ ကျွမ်းကျင် မှု၊ လုပ်ငန်းအတွေ့အကြုံနှင့် စည်းကမ်းတို့ကို စနစ်တကျ မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများ တိုးတက်လာသည်နှင့်အတူ မှုခင်းပုံစံများ ပြောင်းလဲလာသော ကြောင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု ရဲလုပ်ငန်း(Digital Policing)၊ ရဲလုပ်ငန်းသုံးနည်းပညာ (Police Technology)၊ မှုခင်းသိပ္ပံ (Forensic Science) နှင့် ခေတ်မီ စုံစမ်းစစ်ဆေးရေး နည်းပညာများကို ထိရောက်စွာ အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ မှုခင်းသတင်း အချက်အလက်များကို စနစ်တကျ စုဆောင်း၊ သိမ်းဆည်း၊ ခွဲခြမ်းစိတ်ဖြာပြီး အထောက်အထား အခြေပြု စုံစမ်းဖော်ထုတ်မှုများကို မြှင့်တင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရက ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်စွန့်စားမှုများနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင် မှုများကို အမြဲအလေးထား အသိအမှတ်ပြုကြောင်း၊ ယနေ့အခမ်းအနားမှ တစ်ဆင့် မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်နှင့်ကိုယ်အင်္ဂါများ စွန့်လွှတ်ပေးလှူသွားခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်နှင့် ကြိုးပမ်းမှုများကို ဂုဏ်ယူလေးစား အသိအမှတ်ပြုပါကြောင်းနှင့် လက်ရှိတွင်လည်း တာဝန်များကို စည်းကမ်းရှိရှိ၊ ရဲဝံ့စွာဖြင့် တာဝန် ယူမှုရှိစွာ ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်း အားထုတ်မှုများနှင့် စွန့်လွှတ် အနစ်နာခံမှုများကိုလည်း လေးစား စွာ ဂုဏ်ပြုပါကြောင်းကို  ပြောကြား လိုကြောင်း၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၉၄၀ တို့ ကို စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်နှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ် များ ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း ကိုလည်း အသိပေးလိုကြောင်း။

 

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုများကို အစဉ်အမြဲ နားလည်ပံ့ပိုးပေးကြသည့် မိသားစုဝင်များကိုလည်း ပြည်သူများကိုယ်စား မှတ်တမ်းတင် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ထမ်းဆောင်နေသည့် တာဝန်သည် နိုင်ငံတော်နှင့် ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့် တာဝန်ဖြစ်သည်ကို အမြဲသတိပြုကြရန် လိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ တာဝန်များကို စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာ နှင့် ဥပဒေနှင့်အညီ ဆက်လက် ထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အဆင့် အတန်းအားလုံးအနေဖြင့် မိသားစု စိတ်ဓာတ်၊ စည်းလုံးညီညွတ်သည့် စိတ်ဓာတ်များဖြင့် စနစ်တကျ အုပ်ချုပ်ကွပ်ကဲပြီး ပေးအပ်လာသည့် တာဝန်များကို မခိုမကပ်ဘဲ ကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည် ပြည့်ဝရမည်၊ ခေတ်မီရမည်” ဟူသည့် မျှော်မှန်းချက်များဖြင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြရန်၊ ထိုကဲ့သို့ တည်ဆောက်ရာတွင် ခေတ်မီ လက်နက်၊ အီလက်ထရောနစ် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ လုံခြုံရေးအသုံးအဆောင်များကိုလည်း ခေတ်ကာလနှင့်လျော်ညီ အောင် ဖြည့်ဆည်းဆောင်ရွက်ပေး နေသကဲ့သို့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ ကလည်း စွမ်းရည်မြင့်မားရေး၊ အရည်အသွေး ပြည့်မီစေရေးတို့ အတွက် စဉ်ဆက်မပြတ် လေ့ကျင့် ဖြည့်ဆည်းဆောင်ရွက်သွားကြရန်၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင်လည်း အဂတိကင်းစင်ပြီး ပြည်သူချစ်သည့် စွမ်းရည် ထက်မြက်သည့် ရဲတပ်ဖွဲ့ဖြစ်စေရေး အစဉ်တစိုက် လေ့ကျင့် တည်ဆောက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့ အားကိုးအားထား ပြုရသည့် စည်းကမ်းကောင်းမွန်သည့် တပ်ဖွဲ့ဝင်များဖြစ်အောင် အလေးထား ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်နှင့် လုပ်ငန်းတာဝန်(၆)ရပ် တို့ကို အောင်မြင်အောင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း။

 

ယနေ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခါသမယမှစ၍ ရဲတပ်ဖွဲ့ဝင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး မိမိတို့၏တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း၊ ရဲတပ်ဖွဲ့၏ စည်းကမ်း၊ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်များ ပိုမိုမြင့်မား လာပြီး ပြည်သူများ၏ ယုံကြည် အားကိုးမှုကို ရရှိသည့် ခေတ်မီ ရဲတပ်ဖွဲ့တစ်ရပ်အဖြစ် ဆက်လက် တိုးတက်ဖွံ့ဖြိုးလာပါစေရန် ဆုမွန် ကောင်း တောင်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ရဲသူရ တံဆိပ်ရရှိသူ ယာယီရဲမှူးကြီး ကျော်သူ၊ ဒုတိယရဲမှူး မြင့်ဇော် နှင့် ရဲမှူးကြီး ရန်နိုင်ထွန်း၊ ရဲဗလ တံဆိပ်ရရှိသူ ရဲတပ်ကြပ် သန့်စင်ဦး တို့အား ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ရာ ဆုတံဆိပ် ရရှိကြသူများနှင့် မိသားစုဝင်များက လက်ခံရယူကြသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသူ သုံးဦးအား လည်းကောင်း၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စွမ်းရည် သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရရှိသူ နှစ်ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ်ရရှိသူ တစ်ဦး အားလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ပြု ဆုတံဆိပ်ရရှိသူ သုံးဦးအားလည်းကောင်း ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် (၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် (၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ရဲတပ်ဖွဲ့အလိုက် ဂုဏ်ပြုမှတ်တမ်း ဓာတ်ပုံများနှင့် တပ်ဖွဲ့အလိုက် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်