ရန်ကုန် စက်တင်ဘာ ၃၀
နိုဝင်ဘာတွင်ကျင်းပမည့် ၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းနှင့် အိန္ဒိယ ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းသည် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယင်းခြေစမ်းပွဲများကို အောက်တိုဘာ ၄၊ ၇ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သန်လျင်မြို့ရှိ Star City ကွင်း (Sunset Venue) ၌ ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းနှင့် အိန္ဒိယအသင်းသည် မတ်လဆန်းကလည်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပြီး အိန္ဒိယအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေကျ ခဲ့သည်။
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၁၇ အသင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ မြန်မာဘောလုံးအကယ်ဒမီများမှ ပဏာမ ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျပန်လူမျိုး နည်းပြချုပ် ကိုင်ဆူကီက တာဝန်ယူကိုင်တွယ်လျက်ရှိသည်။ ထို့ပြင် ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်ဖြစ်သော M-League ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် Galaxy အသင်းအမည်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာ ယူ-၁၇ အသင်းတွင် ပဏာမ ကစားသမားများအဖြစ် ဂိုးသမား- အောင်ဘုန်းမြတ်(မန္တလေးတိုင်းဒေသကြီး)၊ လင်းလက်ထွန်း (Falcon FC)၊ ရောဘတ်၊ စောအောင်ကျော်ဖြိုး(ကရင်ပြည်နယ်)၊နောက်တန်း-ကြည်သာ(အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ ဟိန်းသန့်ချစ်ခင်(အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ မျိုးဇော်လွင် (မန္တလေးတိုင်းဒေသကြီး)၊ မြတ်သူမောင် (အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ မြင့်မြတ်အောင်(အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ လမင်းထိန်(မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ ဇင်မင်းမြတ်သူ(အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ မြတ်မင်းသူ(မြန်မာဘောလုံးအကယ်ဒမီ - မန္တလေး)၊ ခွန်စိုင်းကြယ်စင် (ရှမ်းပြည်နယ်)၊ မိုးကောင်းခန့် (မြန်မာဘောလုံးအကယ်ဒမီ - မန္တလေး)၊ အလယ်တန်း - ခွန်ဝေဖြိုး (အမျိုးသား ဘောလုံးအကယ်ဒမီ - ရန်ကုန်)၊ သန်းထိုက်အောင်(အမျိုးသားဘောလုံး အကယ်ဒမီ - ရန်ကုန်)၊ ခွန်ထွန်းဝေ (မြန်မာဘောလုံးအကယ်ဒမီ - မန္တလေး)၊ သူရမောင်(စစ်ကိုင်းတိုင်းဒေသကြီး)၊ နေယံထွဋ်(အမျိုးသားဘောလုံးအကယ်ဒမီ - ရန်ကုန်)၊ ပရင့်စ်ဒိုဒိုထန်(ရန်ကုန်တိုင်းဒေသကြီး)၊ သန့်ဇင်အောင်(မြန်မာဘောလုံးအကယ်ဒမီ - မန္တလေး)၊ သူရဟိန်းထက်(အမျိုးသားဘောလုံးအကယ်ဒမီ - ရန်ကုန်)၊ စောဂျိမ်း(ရန်ကုန် တိုင်းဒေသကြီး)၊ အောင်မြတ်သာ (မြန်မာဘောလုံး အကယ်ဒမီ - မန္တလေး)၊ ရှေ့တန်း - ပိုင်ဇေထွန်း၊ ဖုန်းအောင်ရဲရင့်၊ ကောင်းခန့်လင်း (အမျိုးသားဘောလုံးအကယ်ဒမီ - ရန်ကုန်)၊ စိုင်းမင်းအောင် (မြန်မာဘောလုံး အကယ်ဒမီ - မန္တလေး)၊ သက်နိုင်ဦး(ရန်ကုန်စီးတီး)တို့ ပါဝင်ကြသည်။
၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(A)၌ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေပြီး ယင်းပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ အိန္ဒိယ အသင်းမှာမူ အုပ်စု(E) တွင် မလေးရှား၊ ပါလက်စတိုင်း၊ စင်ကာပူ နှင့် ဂူအမ်အသင်းတို့နှင့် ကျရောက်နေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်သော်


