၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ - ၁၉ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ  ကရင်ပြည်နယ်အသင်းက ပထမဆုနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ

ရန်ကုန်   စက်တင်ဘာ   ၃၀

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ - ၁၉ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်တို့နှင့်အတူ   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ - ၁၉ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲ ပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း ၁၂ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ  အားကစားသမားက အပြန်အလှန်ခုခံကာကွယ်ရင်း  နောက်တန်း အားကစားသမား၏   မတော်တဆမှားယွင်းမှုကြောင့် မိမိဂိုးအားဝင်သွားသည့်အတွက်  တစ်ဖက်အသင်း အားဂိုးပေးလိုက်ရပြီး ကရင်ပြည်နယ်အသင်းမှ ပထမဂိုးကို လည်းကောင်း၊ ၃၁ မိနစ်တွင် ကရင်ပြည်နယ်အသင်းမှ  ကျောနံပါတ် (၇)နော်ကော်ကပြူးစေးက ဒုတိယဂိုးကို လည်းကောင်း၊ ၃၈ မိနစ်တွင် ကရင်ပြည်နယ်အသင်းမှကျောနံပါတ် (၁၈)နန်းမိုးပွင့်အေးချိုက တတိယဂိုးကို လည်းကောင်း   သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းပြီးဆုံးချိန်အထိ နှစ်သင်းစလုံး  ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ခြင်းမရှိသည့်အတွက်   ပြိုင်ပွဲပြီးဆုံးချိန် တွင် ကရင်ပြည်နယ်အသင်းက  သုံးဂိုး - ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ပေးအပ်ချီးမြှင့်

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု ရရှိသည့် ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၈) နန်းယမင်းအေးအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက လည်းကောင်း၊  အကောင်းဆုံး နောက်တန်းအားကစားသမားဆုရရှိသည့် မွန်ပြည်နယ်အသင်းမှ ကျောနံပါတ် (၁၂)ဆွေစင်ဖြိုးအား ကရင်ပြည်နယ်  ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်မောင်လှိုင်က လည်းကောင်း၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆုရရှိသည့်  ကရင်ပြည်နယ်အသင်း မှ ကျောနံပါတ်(၁၅) နန်းမိုးပွင့်အေးချိုအား  ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး  ဦးမျိုးမြင့်အောင် ကလည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ  ကျောနံပါတ်(၁၇) အေးချမ်းသူအား ရန်ကုန်တိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး  ဦးဗိုလ်ဌေးကလည်းကောင်း၊ ပွဲစဉ် တစ်လျှောက်   အကောင်းဆုံးအားကစားသမားဆုရရှိသည့်   ကရင်ပြည်နယ်အသင်းမှ   ကျောနံပါတ်(၇) နော်ကော် ကပြူးစေးအား   ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ   ဦးကျော်ကျော်စိုးက  လည်းကောင်း တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ် Trophy များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ စတုတ္ထဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ငွေသားဆုကျပ်သိန်း ၂၀ ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ   ဦးဇော်ဇော်က လည်းကောင်း၊  တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်သိန်း ၃၀ ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက လည်းကောင်း၊       ဒုတိယဆုရရှိသည့်   ဧရာဝတီတိုင်းဒေသကြီးအသင်းအား    တစ်ဦးချင်းဆုတံဆိပ်များနှင့်   ငွေသားဆုကျပ်သိန်း ၅၀ ကို     ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးအောင်နိုင်သူက တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ - ၁၉ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင်     ပထမဆုရရှိသော   ကရင်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ - ၁၉(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား ငွေသားဆုကျပ်သိန်း ၁၀၀ နှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်