နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၃၀

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်များနှင့် အတူ လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဥတ္တရသီရိမြို့နယ် ဇဝန သိဒ္ဓိရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး နှင်းဆီလမ်း ရေမြောင်းများအား နောင်လာမည့် ဘဏ္ဍာနှစ်တွင် အုတ်စီရေမြောင်းအဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်သွားရန်၊ နှင်းဆီလမ်းနှင့် စစ်ကိုင်းလမ်းဆုံ Box Culvert အဝတွင် မြေသား မြောင်းနံရံ ရေတိုက်စားမှုမရှိစေ ရေးအတွက် ရေဝဲပုံစံ(မြေကာ)နံရံအား လျာထားတွက်ချက် ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ပုဗ္ဗသီရိမြို့နယ် မြောက်ချောင်းအား စက်ယန္တရားများ အသုံးပြု၍ ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရထားသံလမ်း အောက်ရှိ ရေမျောအမှိုက်များကို ဆယ်ယူရန် မှာကြားသည်။

 

ဆက်လက်၍ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဘေးရှိ နရံဘန်ချောင်း ရေစီးရေလာ ကောင်းမွန်စေရေး သဲနုန်းဖော်နေမှုနှင့် ပုဗ္ဗသီရိမြို့နယ် နေရောင်ပြ အင်းဘုရား အနီးရှိ သင်းဝါးချောင်း ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

 

အောင်ကို (ပုဗ္ဗသီရိ)