ရွှေပြည်သာမြို့နယ်၌ စွမ်းရည်မြှင့်သင်တန်းဖွင့်

ရွှေပြည်သာ စက်တင်ဘာ ၃၀

 

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်စီမံခန့်ခွဲ‌ရေးကော်မတီရုံးခန်းမ၌ ကျင်းပရာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အမှာစကား ပြောကြားသည်။

 

သင်တန်းတွင် အလုပ်သမားရေးရာ ဥပဒေများ၊ ဥပဒေပါအကျိုး ခံစားခွင့်များ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသော အငြင်းပွားမှုများ၊ သဘောထားကွဲလွဲမှုများ လျော့နည်းကာ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအား မြင့်မားစေရန်အတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို မြို့နယ်တာဝန်ခံများက ရှင်းလင်းဆွေးနွေးခြင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးပို့ချခြင်း၊ အငြင်းပွားမှုများကို လက်တွေ့သရုပ်ပြ ဆွေးနွေးခြင်းများ ပြုလုပ်သည်။

 

ပေးအပ်

အဆိုပါ သင်တန်းတွင် စက်ရုံ၊ အလုပ်ရုံ ၂၈ ရုံမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား သင်တန်းသူ ၆၁ ဦး တက်ရောက်ခဲ့ရာ သင်တန်းအောင်မြင်စွာ ပြီးမြောက်၍ သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့သည်။

နေမျိုးထွန်း(ပြန်/ဆက်)