ဥပဒေရေးရာဝန်ကြီးဌာန
တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန် ပြည်သူတိုင်း ဥပဒေကို သိရှိနားလည်ပြီး လေးစားလိုက်နာခြင်းသည် အရေးကြီးပေသည်။ ပြည်သူတိုင်း ဥပဒေသိရှိနားလည်စေရန် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ပုံစံအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်သည် အထိရောက်ဆုံးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။
ဥပဒေအသိပညာပြန့်ပွားစေခြင်းအားဖြင့် ပြည်သူများသည် မိမိတို့၏ လိုက်နာစောင့်ထိန်းရမည့်တာဝန်နှင့် အခွင့်အရေးကို ကောင်းစွာခွဲခြားသိမြင်လာတတ်ခြင်းဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များ တိုးတက်မြင့်မားလာ စေပါသည်။ ထို့ကြောင့် ဥပဒေဆိုင်ရာအသိပညာပေးခြင်း (Legal Advocacy)သည် လူတစ်ဦးချင်းစီ၏ ဘဝလုံခြုံမှုကို ခိုင်ခံ့စေရုံသာမက နိုင်ငံတော်၏တရား ဥပဒေစိုးမိုးရေးတိုးမြှင့်မှုအတွက် အဓိကလုပ်ငန်းစဉ်နှင့် အခြေခံအုတ်မြစ်ဖြစ်ပေသည်။ အဆိုပါအချက်ကို ကောင်းစွာရှုမြင်သော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို ဥပဒေရေးရာဝန်ကြီးဌာနက တစိုက်မတ်မတ် အကောင်အထည်ဖော်လျက်ရှိပါသည်။
ဥပဒေအသိပညာပြန့်ပွားရေး
ဥပဒေအသိပညာပြန့်ပွားရေးဆိုသည်မှာ အများပြည်သူကို မိမိတို့၏ ဥပဒေအခွင့်အရေး၊ လိုက်နာရန် ဥပဒေတာဝန်များနှင့် ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေပြီး မိမိကိုယ်ကိုကာကွယ်နိုင်ရန်၊ တရားမျှတမှုရယူနိုင်ရန်၊ လုပ်သင့်မလုပ်သင့်သည်ကို ကောင်းစွာ ခွဲခြားသိရှိနားလည်စေရန်တို့အတွက် ဥပဒေရေးရာများနှင့်စပ်လျဉ်းသည့် အသိပညာပေး လုပ်ငန်းစဉ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဤလုပ်ငန်းစဉ်သည် ဥပဒေပြဋ္ဌာန်းချက်များကို အလွတ်ကျက်မှတ်ခြင်းသက်သက်မဟုတ်ဘဲ နိုင်ငံသားတစ်ဦးအနေဖြင့် နေ့စဉ်ကြုံတွေ့ရသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ခွဲခြမ်းစိတ်ဖြာ ဖြေရှင်းနိုင်သည့် အသိပညာကြွယ်ဝမှု လက်တွေ့ကျွမ်းကျင်မှု (Practical Skills) နှင့် ဝေဖန်ပိုင်းခြားနိုင်မှု (Critical Legal Awareness)ပေးသည့် ပညာရပ်လည်းဖြစ်သည်။
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်စေရန် ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနကို ဌာနခွဲ ငါးခုဖြင့် အသစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center, LAC) ကို ဖွင့်လှစ်ခဲ့၍ မိမိဌာနတွင်းဝန်ထမ်းများအတွက်သာမက အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအပါအဝင် အရာထမ်းအမှုထမ်းများ၊ ရှေ့နေရှေ့ရပ်များ၊ တက္ကသိုလ်များရှိ ဥပဒေပညာ အထူးပြုကျောင်းသားများ စသည့် အလွှာပေါင်းစုံတို့အား ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများကို ပုံစံမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။
- ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများ ဖွင့်လှစ်ခြင်း၊
- တက္ကသိုလ် ကျောင်းသား ကျောင်းသူများအတွက် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း (Naypyitaw State Academy မှ ဥပဒေကျောင်းသားများအတွက် လုပ်ငန်းခွင်လက်တွေ့ကွင်းဆင်းခြင်းကို ဥပဒေရေးရာဝန်ကြီးဌာနတွင် ဆောင်ရွက်စေခြင်း)၊
- Grade 11 နှင့် Grade 12 ကျောင်းသား ကျောင်းသူများအား ဥပဒေအသိပညာ သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ခြင်း၊
- ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း(ToT)များကို ပညာရေးဝန်ကြီးဌာနမှ အထက်တန်းပြ ဆရာ ဆရာမများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဖွင့်လှစ်ခြင်းနှင့် ဆင့်ပွားသင်တန်းများ ပို့ချစေခြင်း၊
- နိုင်ငံတစ်ဝန်းလုံးတွင် ဥပဒေအရာရှိများက ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊
- ဥပဒေဆိုင်ရာစာအုပ်များထုတ်ဝေခြင်း၊
- ခေတ်မီနည်းပညာ အသုံးပြု၍ ဥပဒေအသိ ပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း (Myanmar Law Information System လွှင့်တင်ခြင်းနှင့် Myanmar Legal AI Assis-tant စနစ် ဆောင်ရွက်ခြင်း)၊
- ဥပဒေအရာရှိများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ လိုက်နာကျင့်သုံးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- ဥပဒေအရာရှိများအား ဥပဒေသုတေသနအဖွဲ့ ဖွဲ့စည်းပေး၍ ဥပဒေသုတေသနစာတမ်းများ ရေးသားပြုစုကာ ယင်းစာတမ်းများ ကိုးကား၍ နိုင်ငံတော်၏ မဏ္ဍိုင်ကြီး ၃ ရပ်ကို အထောက် အကူပြုပေးခြင်း၊
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများ ဖွင့်လှစ်ခြင်း
အစိုးရဌာန၊ အဖွဲ့အစည်းအသီးသီးရှိ အကြီးအကဲများ၏ ဆုံးဖြတ်ချက်များသည် ပြည်သူလူထု အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်ဖြစ်ရာ မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး အတွက် ဥပဒေအသိပညာရှိရန် အရေးကြီးပါသည်။ ထို့ကြောင့် ဥပဒေရေးရာဝန်ကြီးဌာနသည် အစိုးရ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းအကြီး အမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများကို ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများဖြစ်သည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၇)အထိ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး (Certificate of Legal Advocacy ) (CLA) ချီးမြှင့်ပေးနိုင်ခဲ့ပါသည်။ ယခုအခါတွင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူး ၁၇၈ ဦး အား CLA လက်မှတ် ချီးမြှင့်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
အစိုးရဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းအသီးသီးတွင် ဥပဒေနှင့်စပ်လျဉ်း၍ ကိုင်တွယ်ကျင့်သုံးနေ ရသည့် အဆင့်မြင့်အရာထမ်းများအား ဦးစားပေးရွေးချယ်ကာ ဥပဒေရေးရာ အခြေခံသဘောတရား များကို သိရှိနားလည်စေရန်၊ ဥပဒေရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ဥပဒေဝန်ဆောင်မှုများကို သိရှိနားလည်စေရန်၊ လုပ်ငန်းတာဝန်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်စေရန်၊ ဥပဒေကို သိရှိနားလည်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဥပဒေအသိပညာဒီပလိုမာ (Diploma in Legal Advocacy, DLA) သင်တန်းအမှတ်စဉ်(၁)ကို သင်တန်းကာလ တစ်နှစ်ဖွင့်လှစ်သင်ကြား ပို့ချနိုင်ခဲ့ပြီး ဥပဒေအသိပညာဒီပလိုမာ (DLA) ချီးမြှင့်ပေးခဲ့ပါ သည်။ ယခုအခါ DLA လက်မှတ်ရရှိပြီးသူ ၅၀ ရှိ ပါသည်။
ဥပဒေအသိပညာဒီပလိုမာသင်တန်း(Diploma in Legal Advocacy, DLA)သည် ဥပဒေပညာရပ်အား နယ်ပယ်အသီးသီး၌ လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများကို ဦးစားပေးသင်ကြားပို့ချသည့် သင်တန်းဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းဖြစ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးကဏ္ဍများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလုပ်ငန်းများတွင် များစွာအထောက်အကူပြုစေရန် ဥပဒေအသိပညာဒီပလိုမာနှင့် ထိုက်တန်သည့် ဥပဒေသုတေသနစာတမ်းများ၊ ဥပဒေကျမ်းကြီးများကိုလည်း အောင်မြင်စွာ ပြုစုရေးသားစေသည့် သင်တန်းတစ်ခုဖြစ်ပါသည်။
တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
ဥပဒေရေးရာဝန်ကြီးဌာနသည် “ပြည်သူ့အတွက်တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” (Building Legal trust for the People) မဟာဗျူဟာစီမံကိန်းနှင့်အညီ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်အသီးသီးရှိ ဥပဒေပညာဌာနမှ ကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသားများအတွက် အမှတ်စဉ်(၁)နှင့် အမှတ် စဉ် (၂)ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ထိုသို့သင်ကြားပို့ချပေးခြင်းအားဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ဥပဒေအား ပိုမို လေးစားလိုက်နာတတ်စေရန်နှင့် တရားဥပဒေစိုးမိုးရေး၏ အရေးပါပုံအား သိရှိနားလည်ပြီး အနာဂတ်တွင် ပြည်တွင်းတွင်သာမက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဥပဒေပညာရှင်များအဖြစ် လေ့ကျင့်ပေးနိုင်မည်ဖြစ်ပါသည်။
အခြေခံပညာအထက်တန်းအဆင့်တွင် ဥပဒေအသိပညာသင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ခြင်း
ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သဖြင့် ၎င်းတို့အား ဥပဒေအသိ ပညာပေးခြင်းသည် ငယ်စဉ်ကပင် ဥပဒေကို သိရှိနားလည်လာပြီး ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံသားကောင်းများဖြစ်လာစေရန် ဥပဒေရေးရာဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာအထက်တန်းအဆင့် Grade 11 နှင့် Grade 12 ကျောင်းသား ကျောင်းသူများအား ဥပဒေအသိပညာသင်ကြားပို့ချသည့်လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ပါသည်။ ပထမဦးစွာ Grade 11 နှင့် Grade 12 သင်ကြားပို့ချမည့် အထက်တန်းပြ ဆရာ ဆရာမ များကို ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်း(ToT)များ ဖွင့်လှစ်ပို့ချခဲ့ပြီး ယင်းဆရာ ဆရာမများမှ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဥပဒေအသိပညာဆင့်ပွားသင်တန်းများကို ဆက်လက်ဖွင့်လှစ်ခဲ့ပြီး အထက်တန်းပြ ဆရာ ဆရာမများကို ဆင့်ပွားပို့ချခဲ့ပါသည်။ ဆရာ ဆရာမပေါင်း ၆၉၀၈ ဦးကို ToT ပေးနိုင်ခဲ့ပါ သည်။
ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းစာအုပ်ပြုစုခဲ့ပြီး အခြေခံပညာ အထက်တန်းအဆင့် Grade 11 နှင့် Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ်သင်ကြား ပို့ချချိန်ကို တစ်လလျှင် ပျမ်းမျှ ၃ ချိန်နှုန်းဖြင့် တစ်နှစ်လျှင် ၂၄ ချိန် ပြည့်မီအောင် ထည့်သွင်းကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၂၀၂၅-၂၀၂၆ ပညာသင် နှစ်တို့တွင် Grade 11 နှင့် Grade 12 ကျောင်းသား ကျောင်းသူများကို ဥပဒေအသိပညာသင်ကြားပို့ချ လျက်ရှိပါသည်။
ထိုသို့ Grade 11 နှင့် Grade 12 ကျောင်းသား ကျောင်းသူများကို ဥပဒေအခြေခံများ သင်ကြားပေး ခြင်းဖြင့် ဥပဒေ၏ အကျိုးအပြစ်အား သိရှိနားလည်စေပြီး တရားဥပဒေစိုးမိုးရေးအတွက် အခြေခံ အုတ်မြစ်ကောင်းတစ်ရပ် ချမှတ်နိုင်သည်ကို တွေ့ရပါသည်။ ယခုအခါ Grade 11 နှင့် Grade 12 ကျောင်းသား ကျောင်းသူပေါင်း ရှစ်သိန်းခန့် ဥပဒေအသိပညာရရှိပြီ ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)


