မြန်မာနိုင်ငံကို ဗြိတိသျှတို့ ကျူးကျော်သိမ်းပိုက်ပြီးနောက် အရပ်ဘက်အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဗြိတိသျှရဲစနစ် (British Policing System) ကို စတင်မိတ်ဆက်ခဲ့သည်။ ၁၈၆၁ ခုနှစ်တွင် ကိုလိုနီရဲအဖွဲ့ကို စတင်တည်ထောင်ခဲ့ရာ ထိုစဉ်က ပြည်သူများက ပုလိပ်အဖွဲ့ဟုခေါ်ခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်သို့ လုံးဝကျရောက်သွားခဲ့ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Burma Police အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ကိုလိုနီအုပ်ချုပ်ရေး၏ယန္တရားအဖြစ် အသုံးချခဲ့သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်တွင်လည်း ကိုလိုနီခေတ်က ကျန်ရစ်ခဲ့သည့် Burma Police ဖွဲ့စည်းပုံစနစ်ဖြင့် ဆက်လက်လည်ပတ်ခဲ့ရာ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တော်လှန်ရေးကောင်စီအစိုးရက ‘‘ပြည်သူ့ရဲတပ်ဖွဲ့’’အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ကိုလိုနီစနစ်ဆန်သော အမည်နှင့် ဖွဲ့စည်းပုံတို့ ချုပ်ငြိမ်းသွားခဲ့သလို ရဲတပ်ဖွဲ့နေ့အဖြစ်လည်း စတင်သတ်မှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့ကို ‘‘မြန်မာနိုင်ငံရဲတပ်ဖွဲ့’’ ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယခုအခါ (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခါသမယသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန် (၄) ရပ်နှင့် ပြစ်မှုများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီး ပြစ်မှုများ စုံစမ်းဖော်ထုတ် တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် လုပ်ငန်းတာဝန် (၆) ရပ်တို့ကို ထမ်းဆောင်လျက်ရှိရာတွင် ‘‘သစ္စာ၊ သမာဓိ၊ သတ္တိ’’ ဆိုသည့် ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်၍ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယနေ့ကာလတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို လက်ကိုင်ထားကာ နိုင်ငံတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် တပ်မတော်၊ ပြည်သူတို့နှင့် အတူလက်တွဲကာ အကြမ်းဖက်သောင်းကျန်းသူချေမှုန်းရေးကို ရွပ်ရွပ်ချွံချွံ၊ စွန့်လွှတ်စွန့်စား ကြိုးပမ်းထမ်းဆောင်လျက်ရှိသည်။ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထား အသိအမှတ်ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စိစစ်ချီးမြှင့်ပေးလျက်ရှိသည့်အပြင် မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်နှင့် ကြိုးပမ်းမှုတို့အပေါ်တွင်လည်း နိုင်ငံတော်က ဂုဏ်ယူလေးစား အသိအမှတ်ပြုလျက်ရှိသည်။
လက်ရှိကာလ မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်းလုံး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံတည်ငြိမ်မှုရှိရေးပင်ဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်း၍ ပြစ်မှုများကျူးလွန်မှုမရှိအောင် ကြိုတင်ကာကွယ်ရေး၊ အမှုအခင်းများ ဖြစ်ပေါ်လာပါကလည်း တရားခံများကို ချက်ချင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးတို့ကို တရားဥပဒေနှင့်အညီ စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်း ဒေသအနှံ့အပြားတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ပြည်သူများ၏ လူနေမှုဘဝ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနေရသည့် အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ ရဲတပ်ဖွဲ့ဝင်တိုင်းသည် ရဲတပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်း၊ အရည်အသွေးတို့ ကောင်းမွန်ကြရန် လိုအပ်သည့်အပြင် ပြည်သူ့ဆက်ဆံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း နားလည်ကောင်းမွန်နေရန်လိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ‘‘မျိုးချစ်စိတ် ရှိရမည်၊ စွမ်းရည် ပြည့်ဝရမည်၊ ခေတ်မီရမည်’’ ဆိုသည့် မျှော်မှန်းချက်များနှင့် တည်ဆောက်လျက်ရှိရာတွင် ပြည်သူက အထင်ကြီးလေးစားပြီး ဂုဏ်ယူအားကိုးရသည့် ရဲတပ်ဖွဲ့ဖြစ်စေရေး၊ စိတ်ဓာတ်ကောင်းမွန်၍ စွမ်းရည်ပြည့်ဝပြီး တာဝန်ကျေပွန်သော အဖွဲ့အစည်းကောင်းတစ်ရပ်ဖြစ်ရေး၊ လုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုနှင့် ဂုဏ်သိက္ခာမြင့်မားသော ဥပဒေဘက်တော်သားများ ဖြစ်လာရေးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးက ကြိုးပမ်းစွမ်းဆောင်ကြရပါမည့်အကြောင်း။ ။


