၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ကျားရိုင်းအမှတ်တံဆိပ် အကြောအားတိုးဆေး (ဆေးမှုန့်/ဆေးထုပ်)၊ ဂုဏ်မာန်တစ်ထောင် အမှတ်တံဆိပ် ရွှေသက်စောင့်အားတိုးဆေး (ဆေးပြား/ ဆေးဘူး)တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့် အညီမဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း၊ သတ်မှတ်ချက် (၁၀)ချက် ပြည့်စုံမှန်ကန်မှု မရှိခြင်းနှင့် ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
၃။ ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ကြာပန်းကြီးအမှတ်တံဆိပ် အမျိုးသားအားတိုး ဆေး(ဆေးမှုန့်/ဆေးထုပ်)၊ 333 အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး (ဆေးမှုန့်/ ဆေးထုပ်)နှင့် နေကြာပန်းအမှတ်တံဆိပ် အကြောအားတိုးဆေး (ဆေးမှုန့်/ဆေးထုပ်) တို့သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေခြင်း၊ တောင်တန်းအမှတ် တံဆိပ် အမျိုးသားအားတိုးဆေး(ဆေးမှုန့်/ဆေးထုပ်) သည် အခြားဆေး၏ တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်ကို ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါသည်။
၄။ သို့ဖြစ်ပါ၍ အဆိုပါတိုင်းရင်းဆေးဝါးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သော ကြောင့်အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။
၅။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင် များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန



