မြိတ်မြို့၌ တနင်္သာရီ​(လူမျိုး)ဒေသရိုးရာ ခေါသရပ်နေ့ အထိမ်းအမှတ် ဒေသမုန့်ဆွမ်းအမျိုး ၅၀ ကျော်ကို သံဃာတော်နှင့်သီလရှင်များအား လှူဒါန်း

မြိတ် စက်တင်ဘာ ၃၀

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီး ဘုရားရင်ပြင်တွင် ယနေ့နံနက် ၅ နာရီတွင် သံဃာတော်နှင့် သီလရှင်များအားပင့်ဖိတ်၍ တနင်္သာရီ (လူမျိုး) ဒေသရိုးရာ ခေါသရပ်ထိုးမုန့်နှင့် မြိတ်ဒေသမုန့်ဆွမ်း အမျိုး ၅၀ ကျော်ကို ခေါသရပ်နေ့ အထိမ်းအမှတ်အဖြစ် အရုဏ်မုန့်ဆွမ်းလောင်းလှူခဲ့ကြသည်။

 

နှစ်စဉ် တော်သလင်းလပြည့်​ကျော်(၄)ရက်နေ့ကို ခေါသရပ်နေ့အဖြစ် တနင်္သာရီမြို့တည်စ ကတည်းကပင် ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့် တနင်္သာရီ(လူမျိုး)ဒေသ၏ ဒေသရိုးရာပွဲတော်တစ်ခု ဖြစ်သည်။ အဆိုပါ တနင်္သာရီရိုးရာ ခေါသရပ်နေ့ကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ မြို့နယ်များတွင်သာ ကျင်းပလေ့ရှိကြသည်။

 

ယနေ့ ကျင်းပသည့် တနင်္သာရီ (လူမျိုး) ဒေသရိုးရာ ခေါသရပ်နေ့ ဆွမ်းလောင်းလှူပွဲသည် တစ်ကမ္ဘာလုံးအေးမြချမ်းသာ ဘုရားကြီး၌ ပဉ္စမအကြိမ် ပြုလုပ်သည့် အရုဏ်မုန့်ဆွမ်းလောင်းလှူပွဲဖြစ်သည်။

 

ဆွမ်းလောင်းလှူပွဲတွင် ဆရာတော် သံဃာတော်များနှင့် သီလရှင်များက မေတ္တာဘာဝနာပွားများကြပြီး အလှူရှင်များက ခေါသရပ် ထိုးမုန့်နှင့် မြိတ်ဒေသမုန့်ဆွမ်း အမျိုး ၅၀ ကျော်ကို သံဃာတော်နှင့် သီလရှင်အပါး ၂၇၀ အား အရုဏ်မုန့်ဆွမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)