မြစ်ကြီးနားမြို့ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

မြစ်ကြီးနား စက်တင်ဘာ ၂၉

နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်နယ်၊ ပြည်မ အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ထောက်ပံ့ပေးအပ်

အလားတူ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှုများကို ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့က မြစ်ကြီးနားမြို့ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

 

အဆိုပါထောက်ပံ့ပေးအပ်ပွဲကို မြစ်ကြီးနားမြို့ မနောရွှေပြည်ခန်းမ၌ ကျင်းပပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ယာယီနေရပ် စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်ပြီး တိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကား ပြောကြားသည်။

 

ထို့ပြင် တက်ရောက်လာသူများ၏ အခက်အခဲတင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်