ATR 72-600 လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

 

ရန်ကုန် စက်တင်ဘာ ၂၉

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)၏ လေယာဉ်အုပ်စုနှင့် လေကြောင်းကွန်ရက်ဖွံ့ဖြိုးတိုးချဲ့ရေး၏ အဆင့်သစ်တစ်ရပ်အဖြစ် ATR 72-600 လေယာဉ်အသစ် XY-ANE (MSN 1827) သည် ပြင်သစ်နိုင်ငံ Toulouse မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီတွင် ရောက်ရှိလာသည်။

 

MAI ၏ မြန်မာနိုင်ငံရှိ မြို့များအမည်ဖြင့် လေယာဉ်များကို အမည်ပေးသည့် အစဉ်အလာအရ XY-ANE ကို Naypyitaw ဟု အမည်ပေးထားပြီး Water Cannon Salute ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။

 

အဆိုပါလေယာဉ်သည် မြန်မာနိုင်ငံတွင် နောက်ဆုံးပေါ်မျိုးဆက် PW127XT အင်ဂျင်တပ်ဆင်ထားသော ပထမဆုံး ATR 72-600 လေယာဉ်ဖြစ်ပြီး လည်ပတ်မှုပိုမိုကောင်းမွန်ခြင်း၊ လောင်စာဆီသုံးစွဲမှုကို ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်းနှင့် အင်ဂျင် အသုံးပြုနိုင်မှု (On-Wing Reliability) ပိုမိုကောင်းမွန်ခြင်းတို့ကို ပံ့ပိုးပေးနိုင်ကြောင်း၊ ထို့ပြင် XY-ANE နှင့်အတူ ATR 72-600 လေယာဉ်အုပ်စုတွင်ပါဝင်မည့် XY-ANF (MSN 1836) သည်လည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလေယာဉ်ရောက်ရှိလာမှုသည် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အကောင်အထည်ဖော်မည့် MAI ၏ မဟာဗျူဟာမြောက် လေယာဉ်အုပ်စု တိုးချဲ့ရေးအစီအစဉ်၏ ကနဦးခြေလှမ်းတစ်ရပ်ဖြစ်ပြီး အဆိုပါ မဟာဗျူဟာအရ MAI သည် ၎င်း၏ အဓိက Airbus လေယာဉ်အုပ်စုကို လက်ရှိ ရှစ်စင်းမှ ၁၁ စင်း အထိ တိုးချဲ့သွားမည်ဖြစ်ပြီး Wet-Lease စနစ်ဖြင့် လည်ပတ်မည့် A321F လေယာဉ်တစ်စင်းလည်း ပါဝင်မည်ဖြစ်သည်။

 

ထို့ပြင် ဒေသတွင်းခရီးစဉ်များ အတွက် ATR Turboprop လေယာဉ်အုပ်စုကိုလက်ရှိ လေးစင်းမှ ကိုးစင်းအထိ တိုးမြှင့်သွားမည်ဖြစ်ပြီး Mingalar နှင့်အတူ လည်ပတ်မည့် လေယာဉ်တစ်စင်းလည်း ပါဝင်မည်ဖြစ်သည်။

 

အဆိုပါ တိုးချဲ့ရေးအစီအစဉ်များ အကောင် အထည်ဖော်ပြီးစီးပါက ၂၀၂၆ ခုနှစ် နှစ်ကုန်တွင် MAI ၏ စုစုပေါင်း လေယာဉ်အရေအတွက် အစင်း၂၀ အထိ ရောက်ရှိရန် ရည်မှန်းထားပြီး MAI အနေဖြင့် ရန်ကုန်နှင့် မန္တလေးတို့ကို အဓိကလေကြောင်း အချက်အချာနေရာများအဖြစ်ထားရှိကာ မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာခရီးစဉ်များ အပါအဝင် ခရီးစဉ်ဒေသ ၄၁ ခုသို့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ကိုထက်