ရန်ကုန် စက်တင်ဘာ ၂၈
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၅၈) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ (58th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2026)ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာ့လက်ရွေးစင် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ အနေဖြင့် Bodybuilding up to 65 kg ပြိုင်ပွဲတွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ အားကစားသမား ရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ အားကစားသမား ဟိန်းဇော်လင်းက မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု ကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
ထို့အတူ Men’s Sports Physique up to 170 cm ပြိုင်ပွဲ တွင် အာဖဂန်နစ္စတန်၊ ထိုင်း၊ ပါကစ္စတန်၊ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ လာအိုနှင့် မော်လ်ဒိုက်နိုင်ငံတို့မှ ပြိုင်ပွဲဝင်အားကစားသမား ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ အားကစားသမား နေမျိုးထွဋ်က ရွှေတံဆိပ်ဆုကို ထပ်မံ ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
အလားတူ Men’s Bodybuilding up to 60 kg ပြိုင်ပွဲတွင် အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ဟောင်ကောင်(တရုတ်)တို့မှ အားကစားသမားကိုးဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ အားကစားသမား အောင်ထွဋ်က တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Women’s Wellness Physique ပြိုင်ပွဲ၌ မွန်ဂိုလီးယား၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင် (တရုတ်)၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ အားကစားသမား ကိုးဦး ယှဉ်ပြိုင်ခဲ့ရာ မိုးသက်ခိုင်က တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ မြန်မာအသင်းမှ အားကစားသမား ဟိန်းဇော်လင်းက ကာယဗလ မောင် ၆၅ ကီလိုတန်းပြိုင်ပွဲတွင် အကောင်းဆုံးကိုယ်ဟန်ပြဆု(Best Poser 2026 Asia) ကို လည်းကောင်း ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
အဆိုပါ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအတွင်းရေးမှူး ဦးချိုထွန်းအောင် ဦးဆောင်၍ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း (အုပ်ချုပ်သူ)၊ ဒေါ်ရီရီဝင်း(နည်းပြ)၊ ဦးနေလင်း(နည်းပြ)၊ ဦးအောင်နိုင်(ဒိုင်)၊ ဒေါ်နန်းလောင်ခမ်း(ဒိုင်) နှင့် ပြိုင်ပွဲဝင်အားကစားသမား ခြောက်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲများ အပြီးတွင် ရွှေတံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ် နှစ်ခု စုစုပေါင်း ဆုတံဆိပ် လေးခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါ အောင်ပွဲရ မြန်မာ့လက်ရွေးစင်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးမျိုးမြင့်အောင်၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးမိတ်သင်္ဂဟများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


