နေပြည်တော် စက်တင်ဘာ ၂၈
တပ်မတော်စစ်ကြောင်းများက KNU ၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း - ဖာပွန်သွား လမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် အဆိုပါ လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား ထပ်မံ၍ ပြန်လည်သိမ်းပိုက် ထိန်းချူပ်နိုင်ခဲ့ကြောင်း သိရသည်။
KNU ၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ဒေသတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်စေရန် ရည်ရွယ်၍ ကမမောင်း - ဖာပွန်သွား ကားလမ်းမကြီးအား ယာယီစိုးမိုးထားသဖြင့် တပ်မတော် စစ်ကြောင်းများက အဆိုပါ လမ်းကြောင်း တစ်လျှောက်ကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် ကမမောင်းမြို့တွင် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ် မေ ၅ ရက်မှစ၍ စစ်ကြောင်းများခွဲကာ လမ်းကြောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြရာ မေ ၈ ရက်တွင် ကျောက်ကွင်းလေးကျေးရွာ၊ မေ ၁၀ ရက်တွင် ဝက်သိုးခိုကျေးရွာနှင့် မီဇိုင်းချောင်းဖျားကျေးရွာ၊ မေ ၁၆ ရက်တွင် နေကကျေးရွာ၊ မေ ၁၈ ရက်တွင် ရေပူကျေးရွာ၊ မေ ၂၄ ရက်တွင် မိုင်(၄၀) ကျေးရွာ၊ မေ ၃၁ ရက်တွင် နိုခဲဒိုကျေးရွာနှင့် ဘောကျိုထကျေးရွာ၊ ဇွန် ၃ ရက်တွင် ကတိုင်တိကျေးရွာ၊ ဇွန် ၂၃ ရက်တွင် ဘောကြို့လယ်ကျေးရွာ၊ ဇွန် ၂၄ ရက်တွင် ရှမ်းရွာကျေးရွာ၊ ဇွန် ၂၇ ရက်တွင် တောင်သူစုကျေးရွာ၊ ဇူလိုင် ၂၅ ရက် တွင် ဖာလုံလေးကျေးရွာနှင့် စက်တင်ဘာ ၇ ရက်တွင် ကမမောင်း - ဖာပွန် လမ်းကြောင်းပေါ်ရှိ မိုင်တိုင်အမှတ်(၂၈/၅) မိုင်၏ အရှေ့ဘက်မီတာ ၁၈၀၀ ခန့် အကွာ ဖာလုံကြီးကျေးရွာတို့အား အဆင့်ဆင့် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဆင်စွယ်ကျေးရွာအား ထပ်မံသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော် စစ်ကြောင်းများအနေဖြင့် အဆိုပါကျေးရွာနှင့် လမ်းကြောင်း တစ်လျှောက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များထံမှ ယာယီခြေကုပ်စခန်း ၁၁ ခု၊ ရန်သူ့အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ FPV Drone ၂၄ စင်း၊ မိုင်းများ၊ လမ်းလျှောက်စကား ပြောစက်များ၊ အသုံးအဆောင် ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြရသည်။
အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အဆိုပါ ကျေးရွာများနှင့် လမ်းကြောင်းတစ်လျှောက်အား ထိန်းချုပ်စိုးမိုးထားစဉ်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာအတွင်းရှိ လူနေအိမ်များ၌ ဘန်ကာများပြုလုပ်၍ ခံစစ်စခန်းများပြုလုပ်ခြင်း၊ ဒေသခံပြည်သူများ၏ စားရေရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့် တန်ဖိုးကြီးပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးပြီး အတင်းအဓမ္မ ယူဆောင်အသုံးပြုခြင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ၎င်းတို့၏လုပ်ရပ်များကို မထောက်ခံသည့် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းတို့ကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်ခဲ့ကြသည့်အပြင် ကမမောင်း - ဖာပွန် လမ်းကြောင်း တစ်လျှောက် ဖြတ်သန်းသွားလာလျက်ရှိသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများ ကောက်ခံခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်း၊ လမ်း/တံတားများ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့မှုကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်များဖြစ်ပေါ် ခဲ့ရပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာထိခိုက် ပျက်စီးခဲ့ရသဖြင့် ဒေသခံပြည်သူများက ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရသည်။
တပ်မတော် စစ်ကြောင်းများ အနေဖြင့် အဆိုပါဒေသရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကမမောင်း - ဖာပွန် လမ်းကြောင်း တစ်လျှောက်ရှိ ကျန်ရှိသည့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည် ထိန်းချုပ်နိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံ ပြည်သူများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် လမ်းတစ်လျှောက် အကြမ်းဖက် သောင်းကျန်းသူများ ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ မြေမြှုပ်မိုင်းအန္တရာယ်မှ အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များကို ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။





