AI ကြောင့် ဆရာ့တန်ဖိုး နိမ့်ကျသွားနိုင်ပါသလား

ဒေါက်တာမောင်သင်း

မြန်မာ့လူ့အဖွဲ့အစည်းတွင် “ပညာရွှေအိုး လူမခိုး” ဟူ၍ရှိပါသည်။ ပညာရွှေအိုးကို မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းပေးသူများမှာ ဆရာများပင်ဖြစ်ကြပေသည်။ ဆရာများက လက်ဆင့်ကမ်းနေသည့် မျိုးဆက်တိုင်း၏ဘဝကို သာယာဖွံ့ဖြိုးစေမည့် “ပညာ”၏ အနှစ်အဓိပ္ပာယ်မှာ

အမှား-အမှန်ကို ခွဲခြားသိမြင်ခြင်း၊

မှန်သော အသိကိုသိခြင်း၊

မှန်သောလမ်းကို ရွေးချယ်နိုင်ခြင်း၊

မှန်ကန်စွာ ဘဝကိုတည်ဆောက်နိုင်ခြင်း……တို့ဖြစ်ပါသည်။

ယနေ့ကမ္ဘာကြီးတွင် နည်းပညာတိုးတက်မှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေပြီး Artificial Intelligence (AI) ဟုခေါ်သော ဉာဏ်ရည်တုနည်းပညာက ပညာရေးအပါအဝင် လူသားတို့၏ နေ့စဉ် ဘဝအတွင်းသို့ပင် နက်ရှိုင်းစွာ ဝင်ရောက်လာပြီဖြစ်သည်။ မေးခွန်းတစ်ခုကို ရိုက်ထည့်လိုက်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း အဖြေများရရှိနိုင် သောခေတ်သို့ ရောက်ရှိလာသည့်အခါ “AI တိုးတက်လာလျှင် ဆရာများ၏ အခန်းကဏ္ဍသည် လျော့ကျသွားမည်လား”ဟူသော သံသယ မေးခွန်း ပညာရေးလောကတွင် ပေါ်ပေါက်လာခဲ့ပေသည်။

ယနေ့ခေတ်တွင် မိမိသိလိုသည့် အကြောင်းအရာများကို အင်တာနက်မှတစ်ဆင့် စာအုပ်များ၊ သုတေသနစာတမ်းများ၊ ဗီဒီယို သင်ခန်းစာများနှင့် အွန်လိုင်းပညာရေး အရင်းအမြစ်များကို ကမ္ဘာအနှံ့ မှ ရယူနိုင်ပေသည်။ ထိုအထဲတွင် AI သည် ပိုမိုထူးခြားသော အခန်းကဏ္ဍတစ်ခုကိုရယူနေကာ မေးခွန်းများကို အလျင်အမြန် ဖြေကြားပေးနိုင်သည်။ ရှုပ်ထွေးသောအကြောင်းအရာများကို ရိုးရှင်းလွယ်ကူစွာ ရှင်းပြပေးနိုင်သည်။

ဘာသာစကားအမျိုးမျိုးဖြင့် ရေးသားထားသည့် ပညာရပ်မျိုးစုံကို ဘာသာပြန်ပေးနိုင်သည်။ စာရေးသားရာတွင် အထောက်အကူပြုနိုင်သည်။ အချက်အလက်များကို လျင်လျင်မြန်မြန် စုစည်းပေးနိုင်သည်။ ထို့ကြောင့် ကျောင်းသားများအတွက် AI သည် အချိန်မရွေး အသုံးပြုနိုင်သော သက်မဲ့သင်ကြားရေးအဖော်တစ်ဦး (Non- Living Facilitator) ဖြစ်လာနေသည်။ သို့အတွက်ကြောင့် ဆရာများအတွက် စိုးရိမ်စိတ်ဖြင့် အဆိုပါမေးခွန်း ပေါ်ပေါက်လာခြင်းပါ။

AI မယှဉ်နိုင်သော တန်ဖိုးတစ်ရပ်အဖြစ်

ဆက်လက်တည်ရှိနေမည်

သို့သော် ပညာရေးသည် အချက်အလက်များကို စုဆောင်းပေးခြင်း၊ အချက်အလက်များလောက်သာသိရန်၊ အဖြေများကို မှတ်သားရန်မဟုတ်ဘဲ လူတစ်ဦး၏ အကောင်း၊ အဆိုး ခွဲခြားနိုင်စွမ်းပညာရရှိစေပြီး မှန်ကန်စွာ ဘဝတည်ဆောက်နိုင်ကာ အသိဉာဏ်၊ အကျင့် စာရိတ္တ၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် လူသားဆန်မှု ပင်ကိုလက္ခဏာတို့ကို ပျိုးထောင်ပေးရသည့်လုပ်ငန်းဖြစ်သောကြောင့် AI နည်းပညာ မည်မျှပင်တိုးတက်လာပါစေ၊ အဆိုပါပညာနှင့် လူ့တန်ဖိုးပေါ်လွင်အောင် လေ့ကျင့်ပေးနေသည့် ဆရာတို့၏တန်ဖိုးသည် AI မယှဉ်နိုင်သော တန်ဖိုးတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။

ထို့အပြင် AI သည် ဉာဏ်ရည်အတုပါ။ ဉာဏ်ရည်အစစ်မဟုတ်ပါ။ AI ကို ဆရာ ဆရာမများကဲ့သို့ လူသားက ဖန်တီးထားခြင်းပါ။ ဖန်တီးခံရသည့်အတုဆိုသည်မှာ ဖန်တီးသူ ဉာဏ်ရည်အစစ်ပိုင်ရှင် ဆရာ ဆရာမများကဲ့သို့ လူသားကိုမမီနိုင်ပါ။ ထူးခြားချက်မှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် AI သည် အနန္တဂိုဏ်းဝင်အဆင့်မဟုတ်ပေ။

ထို့အတူ AI ဆီမှ အချက်အလက်ရရှိခြင်းသည် ပညာရခြင်း မဟုတ်ပါ။ အဖြေတစ်ခု၊ အချက်အလက်တစ်ခုကို သိရှိခြင်းနှင့် ထိုအချက်အလက်၊ ထိုအဖြေ၏အဓိပ္ပာယ်ကို နားလည်ခြင်းလည်း မတူညီပါ။ ပညာရေး၏ အဓိကရည်ရွယ်ချက်သည် အချက်အလက် သိရန် အဖြေများကိုမှတ်သားစေရန် အဓိကအကြောင်းရင်းမဟုတ်ပေ။ အကြောင်းအရာတစ်ခုကို ကိုယ်တိုင်စဉ်းစား ဝေဖန်ဆုံးဖြတ်တတ်ရန်၊ အမှန်နှင့် အမှားကို ခွဲခြားတတ်ရန်၊ မိမိ၏ဆုံးဖြတ်ချက်အတွက် တာဝန်ယူတတ်ရန်နှင့် အခြားသူများအပေါ် ကိုယ်ချင်းစာ လေးစားတတ်ရန် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်သည်။

ထိုအရည်အသွေးများသည် စာအုပ်ထဲမှ စာသားများကိုဖတ်ရှုခြင်းဖြင့်သာ ရရှိလာခြင်းမဟုတ်ဘဲ ဆရာများ၏မြင့်မားသည့် ဝါနှင့် သမ္ဘာ၊ အတွေ့အကြုံ၊ ပြည့်ဝစွာ လမ်းညွှန်ရှင်းပြနိုင်မှု၊ စံနမူနာပြမှုနှင့် လူသားဆန်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် စေတနာပြည့်ဝမှုတို့ဖြင့် တဖြည်းဖြည်းချင်း ပျိုးထောင်မှုဖြင့်သာ ပေါက်ဖွားလာခြင်းဖြစ်သည်။

ဆရာဟူသည် စာသင်ခန်းထဲတွင်သာ သင်ခန်းစာကို သင်ပြပေးသူသက်သက်မဟုတ်ပါ။ ကျောင်းသား၏ ဘဝခရီးလမ်းကို လမ်းညွှန်ပေးသူဖြစ်သည်။ ကျောင်းသား၏ အားသာချက်ကို ရှာဖွေဖော်ထုတ် ပေးသူ၊ အားနည်းချက်ကို ပြုပြင်မြှင့်တင်ပေးသူ၊ အမှားလုပ်မိသည့် အခါ အပြစ်တင်မှုမပြုဘဲ အမှားမှ သင်ခန်းစာယူတတ်အောင် လမ်းညွှန်ပေးသူဖြစ်သည်။ ထို့အပြင် ကျောင်းသားတစ်ဦးသည် မိမိကိုယ်ကို ယုံကြည်မှုအားနည်းလာသည့်အချိန်တွင် “မင်း လုပ်နိုင် တယ်”ဟု ယုံကြည်မှုပေးနိုင်သူ၊ အခက်အခဲများကြားတွင် လက်မလျှော့ရန်အားပေး၍ အောင်မြင်သည့်လမ်းကို ညွှန်ပြပေးနိုင်သူမှာလည်း ဆရာပင်ဖြစ်သည်။

AI တွင် လူသားဆန်မှု ဝိသေသတန်ဖိုးများကိုမတွေ့နိုင်

တစ်ခါတစ်ရံ ကျောင်းသားတစ်ဦး၏ စာမေးပွဲကျရှုံးမှုသည် ပညာရပ်နားမလည်ခြင်းကြောင့်မဟုတ်ဘဲ စိတ်ပျက်အားငယ် နေခြင်းကြောင့်ဖြစ်နိုင်သည်။ စာမေးပွဲရလဒ်မကောင်းသည့်အတွက် မိမိကိုယ်ကို အသုံးမကျသူဟု ထင်လာနိုင်သည်။ မိမိ၏အိပ်မက်များကို လက်လျှော့ချင်လာနိုင်သည်။ ထိုအချိန်တွင် AI သည် စာမေးပွဲအဖြေများကို ရှင်းပြပေးနိုင်သော်လည်း ကျောင်းသား၏စိတ်ထဲတွင် ဖြစ်ပေါ်နေသော ခံစားမှု၊ စိတ်ပျက်အားငယ်မှု၊ နာကျင်မှုကို ဆရာ တစ်ဦးကဲ့သို့ စာနာမှု၊ စေတနာအရင်းခံဖြင့် နားလည်ပေးရန်မလွယ်ကူပါ။ ဆရာသည် ကျောင်းသား၏ စကားလုံးများကိုသာ နားထောင် ခြင်းမဟုတ်ဘဲ မျက်နှာပေါ်က စိတ်အားငယ်မှု၊ စိတ်ပျက်မှု၊ အသံထဲက မျှော်လင့်ချက်ပျောက်ဆုံးမှုနှင့် ဘဝနာကျင်မှုအပြုအမူများကိုပါ သိနိုင်၊ ဖတ်နိုင်၊ အဓိပ္ပာယ်ဖော်နိုင်သည်။ ထိုသို့သော နားလည်မှု၊ ကိုယ်ချင်း စာမှုနှင့် အားပေးမှုတို့သည် ဆရာတို့၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် စေတနာတို့မှ ပေါက်ဖွားလာသည့် လူသားဆန်မှုတန်ဖိုးများဖြစ်ကြသည်။ စက်ရုပ်ဖြစ်သည့် AI တွင် အဆိုပါလူသားဆန်မှု ဝိသေသ တန်ဖိုးများကို မတွေ့နိုင်ပေ။

ကျောင်းသားတိုင်းသည် ပုံစံတူများမဟုတ်ကြပါ။ တစ်ဦးသည် စာတော်သော်လည်း မိမိကိုယ်ကို ယုံကြည်မှုနည်းနိုင်သည်။ တစ်ဦးသည် စာတွင် အားနည်းသော်လည်း အနုပညာ သို့မဟုတ် အားကစားတွင် ထူးချွန်နိုင်သည်။ တစ်ဦးသည် အပြင်ပန်းတွင် တက်ကြွပျော်ရွှင်နေ သော်လည်း အတွင်းစိတ်တွင် အခက်အခဲများစွာ၊ ဝမ်းနည်းစရာများ ရှိနေနိုင်သည်။ ထိုကွဲပြားမှုများကို သိနိုင်၊ အဓိပ္ပာယ်ဖော်နိုင်ပြီး ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့်ကိုက်ညီအောင် လမ်းညွှန် ပေးနိုင်ခြင်းသည် ဆရာတို့၏ မြင့်မားသော ဆရာ့စွမ်းရည်များဖြစ်ပေ သည်။ ကျောင်းသားများ၏ ရှေ့ရေး၊ ဘေးအန္တရာယ်ကို ကာကွယ်ရေးအတွက် တစ်ခါတစ်ရံ တင်းကျပ်ရန်လိုသည့်အခါ တင်းကျပ်ပေးပြီး အားပေးရန်လိုသည့်အခါ နူးညံ့စွာ အားပေးနိုင်သည်။ ထိုသို့သော လူသားတစ်ဦးချင်းစီအပေါ် စာနာမှု၊ ကိုယ်ချင်းစာမှု၊ နားလည်မှုကို AI ကဲ့သို့ စက်တစ်ခုဖြင့် အပြည့်အဝအစားထိုးရန် မလွယ်ကူပါ။

ဆရာသည် “ဘာကို သိရမည်” ဆိုသည်ထက် “ ဘယ်လို စဉ်းစားရမည်”ကို သင်ကြားလေ့ကျင့်ပေးသူဖြစ်သည်။ ဆရာက မေးခွန်းတစ်ခု မေးသောအခါ အဖြေမှန်တစ်ခုရရှိရန်သာ ရည်ရွယ်ခြင်းမဟုတ်ပါ။ အဖြေဖော်ထုတ်ရန် ကြိုးစားရင်း ကိုယ်တိုင်စဉ်းစားတတ်သည့် အလေ့ အကျင့်ဖြစ်ထွန်းစေလိုခြင်း၊ အကြောင်းနှင့်အကျိုး ဆက်စပ်ရှာဖွေ စေလိုခြင်း၊ အမှားနှင့်အမှန် ခွဲခြားတတ်နိုင်ကာ မှန်ကန်သောအတွေး အမြင်ဖြင့် ဘဝခရီးလမ်းမှန်ကို ရွေးချယ်တတ်စေလိုခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာ၏ သင်ကြားလမ်းညွှန်မှုသည် စာအုပ်ထဲမှစာသားများ၊ သင်ခန်းစာများနှင့် ကျောင်းဝင်းဘောင်ကို ကျော်လွန်ပြီး ကျောင်းသား၏ တွေးခေါ်မြော်မြင်ပုံ၊ ဆုံးဖြတ်ပုံနှင့် ဘဝတစ်သက်တာ ရှင်သန်ရပ်တည်ပုံအထိ သက်ရောက်မှုရှိသည်။

နည်းပညာအသစ်အဆန်းများ ပေါ်ထွန်းလာသည်နှင့်အတူ ယင်းကိုအသုံးချသည့်ကျင့်ဝတ်ကို သင်ကြားလေ့ကျင့်ပေးရန်လည်း ပညာရေး၏ တာဝန်ဖြစ်လာသည်။ နည်းပညာကို မကောင်းသော ရည်ရွယ်ချက်များဖြင့် အသုံးပြုလျှင် လူ့အဖွဲ့အစည်းကို ဆိုးကျိုးသက်ရောက်နိုင်သည်။ AI ကိုပင် ကောင်းမွန်သော ရည်ရွယ်ချက်အတွက် အသုံးချနိုင်သကဲ့သို့ မမှန်ကန်သောနည်းလမ်းဖြင့် အသုံးချနိုင်သည်။ ထို့ကြောင့် နည်းပညာအသုံးပြုမှုကျင့်ဝတ်နှင့်အတူ တာဝန်ယူမှု၊ ရိုးသားမှု၊ ကိုယ်ကျင့်တရားနှင့် လူမှုတာဝန်သိစိတ်တို့လည်း လိုအပ်သည်။ အဆိုပါ လူ့တန်ဖိုးများကို ကျောင်းသားတို့၏ဦးနှောက်ထဲတွင် အထုံပါရမီအဖြစ် ဘဝတစ်သက်တာစွဲမြဲသွားစေရန် ပျိုးထောင်ပေးနိုင် သူမှာ ပညာရေးကို ရှေ့တန်းက အကောင်အထည်ဖော်နေသည့် ဆရာ များပင်ဖြစ်ပေသည်။ AI က နည်းပညာအသုံးချမှုကျင့်ဝတ်ကို ဖော်ဆောင်ပေးနိုင်ခြင်း ကင်းပေသည်။

ထို့အပြင် ဆရာသည် အသိနှင့် အတတ်ပညာသင်ပေးရုံသာမက ကျောင်းသားများအတွက် စံနမူနာကောင်းတစ်ခုဖြစ်အောင် နေထိုင် နေသူလည်းဖြစ်သည်။ ဆရာ၏ ပညာအရာတွင် ဝါနှင့် သမ္ဘာ ရင့်ကျက်မှု၊ တာဝန်ယူမှု၊ ရိုးသားမှု၊ စည်းကမ်းရှိမှု၊ တရားမျှတစွာ ဆုံးဖြတ်နိုင်မှုနှင့် ဆူကြုံနိမ့်မြင့် ခွဲခြားမှုကင်းကာ တန်းတူလေးစား ဆက်ဆံမှုတို့ကို ကျောင်းသားများက အတုမြင်၊ အတတ်သင်ပုံစံမျိုးဖြင့် သင်ယူကြသဖြင့် ဆရာသည် တပည့်အပေါင်း၏ “စံနမူနာပြလူသား” (Role Model) ဖြစ်ပေသည်။ တစ်ခါတစ်ရံ ဆရာက စာကြောင်း တစ်ကြောင်းမျှမရေးဘဲ မိမိ၏အပြုံး၊ ငြိမ်းအေးသောအမူအရာ၊ ယဉ်ကျေးသောဟန်ပန်အပြုအမူဖြင့် လူသားဆန်မှု၊ လူ့ယဉ်ကျေးမှု သင်ခန်းစာတစ်ခုခုကို သင်ကြားပေးနေတတ်သည်။ ထိုအရာသည် AI မည်မျှပင် တိုးတက်လာပါစေ အလွယ်တကူ အစားထိုး၍မရနိုင်သော လူသားဆန်မှုလက္ခဏာများဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ နှင့် စေတနာတို့မှ ပေါက်ဖွားလာသည့်စာနာမှု၊ ကိုယ်ချင်းစာတရားရှိမှု၊ စာရိတ္တကောင်းမွန်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ပင်ဖြစ်ပေသည်။

ဆရာ၏လက်ထောက်အဖြစ် အသုံးချသင့်

AI တိုးတက်လာခြင်းကို ဆရာများအတွက် စိုးရိမ်စရာမဟုတ်ပါ။ ဝမ်းသာစရာပါ။ AI သည် ဆရာတို့၏ သင်ကြားရေးလုပ်ငန်းများကို ပိုမိုထိရောက်စေမည့် သင်ကြားရေးအထောက်အကူပြု နည်းပညာ တစ်ခုသာဖြစ်ပေသည်။ သင်ခန်းစာပြင်ဆင်ရာတွင် ပြဋ္ဌာန်းစာအုပ် အလွန် အချက်အလက်များကို ရယူဖြည့်စွက်၊ သင်နိုင်၊ ရှင်းပြနိုင်သည်။ ကျောင်းသားများ၏ အဆင့်အလိုက် လေ့ကျင့်ခန်းများ AI အကူအညီ ဖြင့် ဖန်တီးနိုင်သည်၊ အဖြေထုတ်နိုင်သည်။ ရှုပ်ထွေးသောအကြောင်း အရာများကို ရှင်းလင်းတင်ပြရန် နည်းလမ်းများရှာဖွေနိုင်သည်။ ထို့ကြောင့် AI ကို ဆရာ၏ လက်ထောက်အဖြစ် အသုံးချသင့်သည်။

ဆရာသည် AI ကို အသုံးချသူပါ။ AI ၏ အခိုင်းခံမဟုတ်ပေ။ အနာဂတ်ပညာရေးတွင် AI သည် ဆရာ့လက်ထောက်အဖြစ် ဆောင်ရွက်ရပေလိမ့်မည်။ AI ၏ လျင်မြန်စွာ အချက်အလက်များ စုစည်းနိုင်စွမ်းကိုအသုံးချပြီး ဆရာ၏ အတွေ့အကြုံ၊ ဉာဏ်ပညာ၊ ကျောင်းသားအပေါ်ထားသည့် လူသားဆန်မှုအရည်အသွေးတို့နှင့် ပေါင်းစပ်နိုင်ပါက ပညာရေး၏ အရည်အသွေး ပိုမိုမြင့်မားလာနိုင်သည်။ နည်းပညာက ဆရာ၏ လုပ်နိုင်စွမ်းကို ပိုမြင့်အောင်ကူညီနိုင်သဖြင့် ပညာရေး၏ အဓိကတာဝန်ဖြစ်သော လူသားပျိုးထောင်ရေးကို ပိုမိုကောင်းမွန်လာပေလိမ့်မည်။

AI ကို အသုံးပြုရာတွင်လည်း ဆရာ၏လမ်းညွှန်မှုသည် အရေးကြီး သည်။ AI မှပေးသော အချက်အလက်တိုင်းကို မှန်ကန်သည်ဟု မဆိုနိုင်ပေ။ AI သည် သူ့အလိုလို အရာရာကို သိနိုင်သူမဟုတ်ပေ။ AI ရှိ အချက်အလက်များသည် AI ပရိုဂရမ်ထည့်သွင်းသူ ပညာရှင်၏ ဗဟုသုတအပေါ်မူတည်သည်။

မည်သည့်နည်းပညာရှင်မှ အကုန်မသိနိုင်သဖြင့် ပြန်လည်စစ်ဆေး တတ်ရန်လိုအပ်သည်။ ကိုယ်တိုင်စဉ်းစားခြင်းမရှိဘဲ AI ထံမှရရှိသော အဖြေကိုသာ စဉ်းစားဆင်ခြင်မှုကင်းစွာ ကူးယူအသုံးပြုခြင်းသည် အသံတိတ်အလွတ်ကျက်မှု (Silent Rote Learning) ဖြစ်၏။ ဆင်ခြင် ဉာဏ်မဲ့ ပုံတူကူးမှုပင်ဖြစ်သည်။ ပညာရေး၏အဓိပ္ပာယ်ကို လျော့နည်းစေနိုင်သည်။

ထို့ကြောင့် ကျောင်းသားများအား AI ကို အသုံးပြုတတ်စေရုံ သာမက AI ကို ဆန်းစစ်ဝေဖန်မှု (Critical Thinking) ဖြင့် အသုံးပြုတတ်ရန် ဆရာများက သင်ကြားပေးရမည်ဖြစ်သည်။ ဤနေရာတွင် ဆရာသည် AI အပါအဝင် နည်းပညာအသုံးပြုသူများကို လမ်းညွှန်ပေးသူအဖြစ် ပိုမိုအရေးကြီးသောကဏ္ဍမှ ပါဝင်လာပြီဖြစ်သဖြင့် ဆရာကိုယ်တိုင်က AI ကို ခိုင်းနိုင်သူ၊ AI ကို ကျွမ်းကျင်စွာ အသုံးချနိုင်သူဖြစ်ရန်နှင့် AI တွင် ပါဝင်သည့်အချက်အလက်များကို စိစစ် သုံးသပ်နိုင်သူဖြစ်ရလေအောင် မိမိဉာဏ်ပညာဗဟုသုတကို အမြဲ လုံ့လထုတ် ဖြည့်ဆည်းနေရန် တာဝန်ရှိပေသည်။

စေတနာ စကားတစ်ခွန်းကြောင့် ကျောင်းသား၏ဘဝကို မြင့်မားစေနိုင်

ဆရာတို့၏တန်ဖိုးကို စာသင်ခန်းအတွင်း ပညာရပ်ကို ကျွမ်းကျင် ပိုင်နိုင်စွာ သင်ပြနိုင်မှုဖြင့် တိုင်းတာ၍မရနိုင်ပါ။ ဆရာ၏ စေတနာ အပြည့်ဖြင့်ပြောခဲ့သော စကားတစ်ခွန်းကြောင့် ကျောင်းသား၏ဘဝကို မြင့်မားစေနိုင်သည်။ “မင်းလုပ်နိုင်တယ်”ဟူသော ယုံကြည်မှုတစ်ခု သည် တပည့်၏ အောင်မြင်မှုအတွက် အားအင်ဖြစ်လာနိုင်သည်။ “အမှားလုပ်တာ မရှက်ရဘူး၊ အမှားကနေ သင်ခန်းစာမယူတာကိုပဲ ရှက်သင့်တယ်”ဟူသည့် ဆရာ၏ အတွေးအမြင်တစ်ခုသည် မျိုးဆက်တိုင်း၏ ဘဝတစ်လျှောက်လုံးတွင် အားထားစရာ အယူအဆ တစ်ခုဖြစ်လာနိုင်သည်။ ထိုသို့ပြောသည့်အချိန်တွင် ဆရာ (ဦးနှောက် အစစ်ပိုင်ရှင်)၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာတရားပြည့်ဝသည့် အသံ၊ အမူအရာ၊ စာနာမှု၊ အားပေးမှု၊ တပည့်အပေါ် ယုံကြည်မှု မျက်လုံးများသည် လူသားရဲ့မူပိုင်ပါ။ AI စက်ရုပ်မှာ မရှိပါ။

ကျောင်းသားတစ်ဦး အောင်မြင်လာသောအခါ သူ၏နာမည်သည် ထင်ရှားလာနိုင်သော်လည်း ထိုအောင်မြင်မှု၏ နောက်ကွယ်တွင် ရှိနေသော ဆရာ၏အမည်မှာ မထင်ရှားနိုင်ပါ။ သို့သော် ဆရာသည် ထိုအရာကို မမျှော်လင့်ပါ။ ကျောင်းသား၏အောင်မြင်မှုကို မြင်ရခြင်း သည်ပင် ဆရာအတွက် အကြီးမားဆုံး ဆုလာဘ်တစ်ရပ်ဖြစ်သည်။ ကျောင်းသားကောင်းတစ်ဦးဖြစ်လာခြင်းသည် ဆရာ၏တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ခြင်းဖြစ်ပေသည်။

ယနေ့ ကမ္ဘာကြီးကို တိုးတက်အောင် အကျိုးပြုနေကြသော နယ်ပယ်အစုံမှ ပညာရှင်များအားလုံးသည် တစ်ချိန်က ဆရာတစ်ဦးဦး၏ရှေ့တွင် ထိုင်ခဲ့ကြသူများသာဖြစ်ကြပါသည်။ ထိုအထဲတွင် ယနေ့ AI နည်းပညာကို ဖန်တီးနေသူများပင်လျှင် တစ်ချိန်က “ပထမဆုံး စာလုံး”ကို ရေးတတ်အောင် သင်ပေးခဲ့သူ၊ “ပထမဆုံးမေးခွန်း”ကို ဖြေကြားနိုင်အောင် လမ်းညွှန်ပေးခဲ့သူ၊ “မိမိ၏ အရည်အချင်းအစစ် အမှန်ကို ပထမဆုံးမြင်တွေ့ပြီး အားပေးပျိုးထောင်ခဲ့သူ” ဆရာတစ်ဦး ၏ကျေးဇူးကြောင့် ယခုလို ခေတ်သစ်နည်းပညာဖန်တီးနိုင်သော ဘဝကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်ပေသည်။ ထို့ကြောင့် AI ကို ဖန်တီးသူများ အား ယခုလိုဖန်တီးနိုင်အောင် အစပြုပေးသူ လူသားသည် ဆရာများ ပင်ဖြစ်ပေသည်။ AI နှင့် ဆရာကြားတွင် မျိုးဆက်တစ်ဆက်ခြားနေခြင်း ဟူသောအချက်က ဆရာတို့၏ မြင့်မားသည့်တန်ဖိုးကို အထင်အရှား ဖော်ပြနေသည်။ သို့ပါ၍ ဆရာများသည် မြန်မာ့လူ့အဖွဲ့အစည်း၏ အနန္တဂိုဏ်းဝင်ဘဝကို သမိုင်းစဉ်ဆက် ရပ်တည်နိုင်ခဲ့သည်။

ဆရာများ၏ကျေးဇူးတရားကို အမှတ်တရဖော်ကျူးသည့်နေ့

ကမ္ဘာ့ဆရာများနေ့သည် ဆရာ ဆရာမများကို ဂုဏ်ပြုသည့်နေ့ တစ်နေ့လောက်သာမဟုတ်ပါ။ ပညာ၏တန်ဖိုးကို အစောဆုံးလူသားမျိုးဆက်များဆီရောက်အောင် ပို့ပေးသူနှင့် ပို့ပေးမှုကို အမြဲသတိရ ရမည့်နေ့လည်းဖြစ်သည်။ မျိုးဆက်သစ်များ၏ ဘဝလမ်းကြောင်းကို ပြောင်းလဲပေးခဲ့သော ဆရာများ၏ ကျေးဇူးတရားကို အမှတ်တရ ဖော်ကျူးသည့်နေ့ဖြစ်သည်။ စာရေးတတ်အောင် “ပထမဆုံးစာလုံး” ကို သင်ပေးခဲ့သော ဆရာမှသည် မိမိ၏ မှန်ကန်၍တောက်ပသော အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်နိုင်အောင် လမ်းညွှန်ပေးခဲ့သော ဆရာများအထိ ဆရာတိုင်းသည် မျိုးဆက်သစ်တို့၏ဘဝထဲတွင် AI က ချေဖျက်နိုင်စွမ်းမရှိသော မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် စေတနာဖြင့် ဘဝအောင်မြင်ရေးအုတ်မြစ်များကို ခိုင်မာစွာ ချထားပေးသူများဖြစ်ကြ ကြောင်း ဖော်ညွှန်းပြဆိုနေသည့် နေ့တစ်နေ့လည်းဖြစ်ပေသည်။

AI သည် လူသားတို့၏ အသိပညာရှာဖွေမှုကို ပိုမိုမြန်ဆန်စေ နိုင်သည်။ သို့သော် အသိပညာကို အကျိုးရှိစွာ အသုံးချတတ်ရန် ဆရာ၏ လမ်းညွှန်မှုလိုအပ်သည်။ AI သည် အဖြေကို ပေးနိုင်သည်။ သို့သော် မေးခွန်းကို မှန်ကန်စွာမေးတတ်အောင် သင်ပေးသူမှာ ဆရာဖြစ်သည်။ AI သည် စာကို ရှင်းပြနိုင်သည်။ သို့သော် စာထဲမှ အသိပညာကို “နေ့စဉ်ဘဝ အသုံးချပညာ” အဖြစ် ပြောင်းလဲနိုင်အောင် လမ်းပြပေးသူမှာ ဆရာဖြစ်သည်။ AI သည် အချက်အလက်များကို သိမ်းဆည်းနိုင်သည်။ သို့သော် လူသားတစ်ဦး၏ စိတ်နှလုံးကို နားလည် ပေးပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ အမြဲပွားများနေရေး၊ အမှန်တရား၊ ရိုးသားမှု၊ ကိုယ်ချင်းစာမှုနှင့် တာဝန်ယူမှုတို့ကို ပျိုးထောင် ပေးသူမှာ ဆရာဖြစ်သည်။ AI မှာ ဆရာကဲ့သို့ စိတ်ကို ဖြူစင်ယဉ်ကျေး အောင်၊ စာနာတတ်အောင်၊ လူ့အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးလိုစိတ်၊ တာဝန်သိစိတ်၊ တာဝန်ယူစိတ်တို့ ဖြစ်ထွန်းလာအောင် ခိုင်းစေနိုင်သည့် “စေတသိက်”ကို ပိုင်ဆိုင်ခြင်းမရှိပေ။

ထို့ကြောင့် AI နည်းပညာတိုးတက်လာခြင်းသည် ဆရာတို့၏ တန်ဖိုးကို လျော့နည်းလာစရာမရှိပေ။ အမှန်မှာ AI ခေတ် ရောက်လာလေလေ လူသားဆန်မှု၏ တန်ဖိုး၊ စာရိတ္တ၏ မြင့်မြတ်ဂုဏ်နှင့် ဆရာ တို့၏ လူသားပျိုးထောင်ရေးအခန်းကဏ္ဍသည် ပိုမိုထင်ရှားလာလေ လေဖြစ်သည်။ နည်းပညာသည် လူသားတို့၏ လက်ထဲတွင် အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်နိုင်သော်လည်း ထိုကိရိယာကို မည်သို့ အသုံးချရမည်ကို ဆုံးဖြတ်ပေးမည့် လူသားမျိုးစေ့ကောင်းများကို ပျိုးထောင်ပေးရန် ဆရာကောင်း၊ ဆရာမြတ်တို့၏အခန်းကဏ္ဍ အမြဲ လိုအပ်နေမည်ဖြစ်သည်။ ခေတ်တွေ ပြောင်းလဲသွားမည်။ နည်းပညာ တွေ တိုးတက်လာမည်။ AI တွေ ပိုမိုထက်မြက်လာမည်။ သို့သော် ကျောင်းသားတစ်ဦး၏ မျှော်လင့်ချက်ကို နားလည်ပေးမည့် ဆရာ၏ မျက်လုံး၊ ကျရှုံးသည့်အခါ ပြန်ထူပေးမည့် ဆရာ၏လက်နှင့် အနာဂတ်ကို ယုံကြည်စွာလမ်းညွှန်ပေးမည့် ဆရာ့နှလုံးသားတန်ဖိုးများကို AI အပါအဝင် မည်သည့်နည်းပညာနှင့်မျှ အစားထိုး၍မရနိုင်ပါ။

အနာဂတ်ကို AI က ပိုမိုထက်မြက်အောင် ဖန်တီးပေးနိုင်သော် လည်း ထိုအနာဂတ်ကို ကောင်းမွန်စွာ တည်ဆောက်မည့်လူသားများ ကို ပျိုးထောင်ပေးသူမှာ ဆရာများပင်ဖြစ်သည်။ ထို့ကြောင့် ဆရာသည် AI နှင့် ယှဉ်ပြိုင်ရမည့်သူမဟုတ်ပါ။ AI ကို ဖန်တီးနိုင်၊ အသုံးချနိုင်ပြီး လူသားဖွံ့ဖြိုးရေးအတွက် အကျိုးရှိအောင် အသုံးချတတ်မည့်မျိုးဆက်များကို လမ်းညွှန်ပျိုးထောင်ပေးသူ ဖြစ်ပေသည်။

သို့ဖြစ်၍ နည်းပညာမည်မျှပင် တိုးတက်လာပါစေ၊ ခေတ်တွေ မည်မျှပင် ပြောင်းလဲလာပါစေ၊ လူသားတို့၏ ဘဝလမ်းကြောင်းကို ပညာအလင်းဖြင့် ထွန်းညှိလမ်းပြပေးသော ဆရာတို့၏တန်ဖိုးသည် အစဉ်အမြဲ မလျော့မပါး တည်ရှိနေမည်ဖြစ်သည်။ AI သည် စက်ရုပ်ပါ၊ ဆရာ ဆရာမများ၏ လက်ထဲကထွက်သွားသည့် တပည့်များက AI ကို တီထွင်သူ၊ AI စက်ရုပ်နှင့် ဆရာကြား မျိုးဆက်တစ်ဆက် ကွာခြား နေသေးသည်။ ဉာဏ်ရည်အတုက ဉာဏ်ရည်အစစ်ဖြစ်သူ တပည့်များက ဖန်တီးထားသည့်စက်ရုပ်၊ ထိုစက်ရုပ်မှာ အချက်အလက်ကို မြန်မြန်စုစည်းနိုင်စွမ်းသာရှိ၏။

အချက်အလက်များကို အသစ်အသစ်ဖန်တီးနိုင်သည့် တီထွင်နိုင် စွမ်းမရှိ။ လူသား အထူးသဖြင့် AI ပရိုဂရမ်ထည့်သွင်းသူ ခိုင်းသလောက် သာလုပ်နိုင်၏။ ဝေဖန်ပိုင်းခြား၍ မလုပ်နိုင်။ အပြောင်းအလဲအခြေအနေ တစ်ခုကို ရင်ဆိုင်ကျော်လွှားရန်မတတ်နိုင်ပေ။ ပြောင်းလဲသောအခြေ အနေနှင့် အခက်အခဲကို ကျော်လွှားနိုင်ရန် လူသား၏စိတ်ကို ဖန်တီးလိုစိတ်ဖြစ်သွားအောင် ခိုင်းစေနိုင်တာက “စေတသိက်” ပါ။

ယင်း “စေတသိက်”သည် ဆရာများနှင့် သူ၏ နောက်မျိုးဆက်များ ဖြစ်သည့် တပည့်လူသားများမှာသာရှိသည့် “ဝိသေသထူး” ဖြစ်၏။ ထိုဝိသေသထူး “စေတသိက်”ကြောင့် အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ၊ စာနာမှု၊ ကိုယ်ချင်း စာမှု၊ စာရိတ္တပြည့်ဝမှု၊ လူ့အဖွဲ့အစည်းငြိမ်းချမ်းမှုများ ဖြစ်လာ၏။

သို့အတွက် အဆိုပါလူသားဆန်မှုကင်း၍ အချက်အလက် စုဆောင်းထားသော AI ဉာဏ်ရည်တုနှင့် “လူသားဆန်မှု ဝိသေသထူးများ အပြည့်အဝ” ရှိသည့် ဉာဏ်ရည်အစစ်ပိုင်ရှင် ဆရာများ၏စွမ်းရည်၊ ဉာဏ်ရည်တို့ကို ဘယ်လိုမှ မနှိုင်းယှဉ်အပ်ပါသဖြင့် ဆရာ့တန်ဖိုးသည် “အနန္တဂိုဏ်းဝင်” မြင့်မြင့်မြတ်မြတ်နေရာမှာသာ ဆက်လက်၍ တည်တည်တံ့တံ့ ရပ်တည်နေမည်ဖြစ်ပြီး နိမ့်ကျသွားစရာ လုံးဝမရှိကြောင်း သမိုင်းစဉ်ဆက် ပေါ်ထွန်းခဲ့သော ဆရာများအား ဦးခိုက်လျက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။