ပြည့်စုံသည့်ပညာရပ်ဝန်းများဖန်တီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်

ပညာရှာဖွေဆည်းပူးရာ၌ ခေတ်မီတိုးတက်ပြီး စနစ်ကျနကောင်းမွန်သည့် ပညာရပ်များကို သင်ကြားလေ့လာနိုင်ရန်လိုအပ်သကဲ့သို့ ပညာဆည်းပူးသူများ အနေဖြင့် ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပညာရပ်များကို သင်ယူနိုင်သည့်အခွင့် အလမ်းများရှိရန်လိုအပ်သည်။ တစ်ချိန်သောကာလက မြန်မာနိုင်ငံ၏အဆင့်မြင့် ပညာကဏ္ဍ၌ သင်ယူမှု၊ သင်ကြားမှုနှင့် ပညာရပ်ဝန်း ဝန်းကျင်များသည် စံနမူနာပြအခြေအနေအရပ်ရပ်ရှိခဲ့သဖြင့် ဒေသတွင်းနိုင်ငံများကြား၌ မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးသည် တန်းဝင်ဂုဏ်မြောက်အခြေအနေများရှိခဲ့သည်။

 

ယခုအခါ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြန်လည်အဆင့်မြင့်မားလာစေရန်အတွက် နိုင်ငံတော်အစိုးရက အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့ကို မျက်ခြည်မပြတ် တစိုက်မတ်မတ် အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေးကဏ္ဍတွင် သင်ကြားမှု၊ သင်ယူမှုကဏ္ဍတွင်သာမက ပညာရပ်ဝန်းနှင့် ကျောင်းဥပဓိရုပ်အင်္ဂါရပ်များကိုပါ အဆင့်အတန်းမြင့်မားလာအောင် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံ၏အနာဂတ်သည် ပညာရေးကဏ္ဍအပေါ်တွင် အခြေခံသဖြင့် နိုင်ငံတော်အကြီးအကဲက ပညာရေးကဏ္ဍမြင့်မားတိုးတက်လာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် မကြာခဏကွင်းဆင်းလမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး “ပညာရေးအရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်းကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်း များကို တက္ကသိုလ်များမှ စဉ်ဆက်မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့်လည်း ပညာတတ်လူသားအရင်းအမြစ်ကောင်းများမွေးထုတ်၍ ဒေသကောင်းရာကောင်းကျိုးများကို နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြန်လည်အကျိုးပြုတာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း” မှာကြားခဲ့သည်။

 

ပညာရေးကဏ္ဍတွင် တက္ကသိုလ်များအလိုက် ဘာသာရပ်များအလိုက် တက်ရောက်ကြသည့် ကျောင်းသားဦးရေအချိုး၊ သင်ကြားသင်ယူမှုအခြေခံ အဆောက်အအုံနှင့် သင်ကြားရေးဝန်ထမ်းအချိုးတို့ကို စနစ်တကျတွက်ချက်၍ လိုအပ်ပါက အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်း၊ လူဦးရေအနည်းငယ်သာရှိသည့် ဘာသာရပ်များ စုပေါင်းသင်ကြားခြင်းတို့ကို လေ့လာဆန်းစစ်ဆောင်ရွက်လျက်ရှိသည်။ သင်ကြားရေး၊ သင်ယူရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ကဲ့သို့သော တက္ကသိုလ်တစ်ရပ်၏ အဓိကပြယုဂ်နှင့် ဂုဏ်ဒြပ်ဖြစ်သည့် အရေးကြီးအဆောက်အအုံများတည်ဆောက်ရာ၌ ဘက်ပေါင်းစုံမှ စဉ်းစားတွက်ချက်ခြင်း၊ အဆိုပြုနေရာနှင့် အဆိုပြုပုံစံဒီဇိုင်းအကြမ်းများရေးဆွဲ၍ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ရွေးချယ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်ခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်နယ်မြေတွင် ကျောင်းသား ကျောင်းသူများ နှလုံးမွေ့လျော် ဖွယ်ကောင်းပြီး စိတ်ရွှင်လန်းဆန်းတက်ကြွစွာ ပညာသင်ကြားဆည်းပူးခဲ့ရသော အဆောက်အအုံများစွာရှိခဲ့သည်။ အဆိုပါအဆောက်အအုံများတွင် ကမာရွတ်မြို့နယ် ဆေးတက္ကသိုလ်(၁)ရန်ကုန်ဝင်းအတွင်းရှိ ရှေးယခင်ကတည်ရှိခဲ့သည့် လိပ်ခုံးပုံအဆောက်အအုံကို မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့်အသွင်ဖြင့် အသစ်ပြန်လည်တည်ဆောက်ရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်တည်ဆောက်နေသည်။ ယခင်က အထင်ကရအဆောက်အအုံတစ်ခုအဖြစ် ကျော်ကြားတည်ရှိခဲ့သည့် လိပ်ခုံးပုံသစ်သားခန်းမကြီးကို ဗြိတိသျှဗိသုကာပညာရှင် Ragian Squire က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၉၅၄-၁၉၅၆ ခုနှစ်များတွင် ရန်ကုန် စက်မှုတက္ကသိုလ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လိပ်ခုံးပုံသစ်သားခန်းမကြီး ကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တွင် မိုးရေစားမှုနှင့် ကာလကြာမြင့်မှုတို့ကြောင့် သစ်သားဖွဲ့စည်းပုံယိုယွင်းလာခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် ကြီးမားခြင်းတို့ကြောင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ယခုတည်ဆောက်မည့် လိပ်ခုံးပုံအဆောက်အအုံသည် အသွားအလာများပြားသည့် လမ်းမကြီးဘေးတွင်ရှိသောကြောင့် အသံထိန်းစနစ် ဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်ထားသည်ဟု သိရသည်။

 

ယခုအခါ တက္ကသိုလ်အင်္ဂါရပ်များနှင့်အညီဖြစ်စေရေး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး၊ အသစ်တည်ဆောက်ရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ သွားလာမှုလွယ်ကူစေရေး၊ စိတ်ချမ်းမြေ့ဖွယ် ကောင်းသည့် ကျောင်းပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရေး၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် ပတ်ဝန်းကျင်ဖော်ဆောင်ပေးရေးစသည်တို့အပြင် အဆင့်မြင့်တက္ကသိုလ်များ၏ လိုအပ်သောဘာသာရပ်များအလိုက် သင်ကြားပေးနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ နိုင်ငံတော်အစိုးရက ရင်းနှီးမြှုပ်နှံ မြှင့်တင်ဆောင်ရွက်ပေးနေသည့် ပညာအခွင့်အလမ်းကောင်းများကို ထိရောက်စွာအသုံးချပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။