ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် စက်တင်ဘာ ၂၇

 

၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁(MICC-1)၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက် အမှာစကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 

တက်ရောက်

 

အခမ်းအနားသို့ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   လွှတ်တော်ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာ ရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့ အစည်း ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုပညာ ဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရရှိ ကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက “ကမ္ဘာမြေကို ပုံဖော် မည့်နည်းပညာ” သီချင်းဖြင့် ကပြ ဖျော်ဖြေကြသည်။

 

ထို့နောက် ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့၏ ဆောင်ပုဒ်မှာ “ခရီးသွား ကဏ္ဍ ဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တု နည်းပညာသုံးကြစို့” (Digital Agenda and Artificial Intelligence to Redesign Tourism) ဖြစ်ကြောင်း၊ ယင်း ဆောင်ပုဒ်သည် ခေတ်သစ် ကမ္ဘာကြီး၏ လျင်မြန်စွာပြောင်းလဲ နေသည့် နည်းပညာရေစီးကြောင်း နှင့်အညီ ခရီးသွားလုပ်ငန်းကို အမြော်အမြင်ရှိရှိနှင့် တိုးမြှင့် ဆောင်ရွက်နိုင်ရန် အလွန် သင့်လျော်ပြီး အချိန်ကိုက်ဖြစ် သည့် လမ်းညွှန်ချက်တစ်ခု ဖြစ်ကြောင်း။

 

ဉာဏ်ရည်တုနှင့် ဒီဂျစ်တယ် နည်းပညာများကို အသုံးပြုခြင်းသည် ခရီးသွားဧည့်သည်များ အတွက် ပိုမိုကောင်းမွန်သည့် ခရီးသွား အတွေ့အကြုံများကို ဖန်တီးပေးနိုင်သကဲ့သို့ ခရီးသွား လုပ်ငန်း ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များ အတွက်လည်း လုပ်ငန်းစီမံခန့်ခွဲမှု၊ ဈေးကွက် ရှာဖွေမှုနှင့် ဆုံးဖြတ်ချက် ချမှတ်မှုများကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နည်းပညာ ကိုအသုံးချရာတွင် နည်းပညာ၏ အကျိုးကျေးဇူးများကို အာရုံစိုက် ရမည်ဖြစ်သကဲ့သို့ လုံခြုံရေး၊ ကိုယ်ရေး အချက်အလက် ကာကွယ်ရေး၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် လူသား ဗဟိုပြုမှု အစရှိသည့် အချက်များကိုလည်း အလေးထားသတိပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ပြည်ဝင်ခွင့်ဗီဇာ ဆိုင်ရာကိစ္စရပ်များတွင် ဖြေလျှော့ မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာတွင် ကျင်းပ ပြုလုပ်သည့် ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွား ပြခန်းများ ပါဝင်ပြသခြင်း၊ ရင်းနှီး ကျွမ်းဝင်မှုခရီးစဉ်များ ဆောင်ရွက် ခြင်းများအပြင် ဒီဂျစ်တယ် နည်းပညာသုံး ခရီးသွားမြှင့်တင် ရေးလုပ်ငန်းများကိုလည်း စဉ်ဆက် မပြတ် တိုးမြှင့်ဆောင်ရွက်သွားကြ မည်ဆိုပါက ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း။

 

နည်းပညာအသစ်များကို အသုံးပြုသည့်အခါ ဒေသခံပြည်သူ လူထု၏ အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်မသွားဘဲ ပိုမို ကောင်းမွန်လာရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ကြသည့် ဒေသထွက် လက်မှုပညာလုပ်ငန်းရှင်များ၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များပါ ဒီဂျစ်တယ်စနစ်၏ အကျိုးကျေးဇူးကို ခံစားရရှိရန် အရေးကြီးကြောင်း၊ လက်မှု လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းရှင်များက ထုတ်လုပ် ရောင်းချသည့် ထုတ်ကုန်ပစ္စည်း များကို ဒီဂျစ်တယ်ပလက်ဖောင်း များမှတစ်ဆင့် ကမ္ဘာ့စျေးကွက်တွင် ရောင်းချနိုင်အောင် ချိတ်ဆက်ပေး ရမည်ဖြစ်ကြောင်း၊ ယနေ့ကျရောက် သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ ရည်မှန်းချက်နှင့်အညီ ချမှတ်ထားသည့် ဆောင်ပုဒ်အတိုင်း ခေတ်မီနည်းပညာ ဆန်းသစ်မှုများကို တီထွင်ဖန်တီးအသုံးချပြီး နိုင်ငံတော်၏ ခရီးသွားကဏ္ဍကို အဆင့်အတန်းသစ် တစ်ခုထိ တက်လှမ်းနိုင်အောင် အတူတကွ လက်တွဲ ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း က ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် လက်ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်သည်။

 

ဆက်လက်၍  ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် Ms. Shaikha AI Nuwais ၏ သတင်းစကား ရုပ်သံဗီဒီယိုနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းအမျိုး အစား Video ကို လည်းကောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ “ခရီးသွားခြင်းနှင့် ကမ္ဘာ” သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ဒုတိယသမ္မတက ဝန်ဆောင်မှု စွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်း ကုမ္ပဏီများနှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်အောင်စန်းက ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အထိမ်းအမှတ် Short Video ပြိုင်ပွဲ၊ စာတမ်းဖတ်ပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာ အဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အဖြစ်  ခင်းကျင်းပြသထားသည့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြခန်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ပြခန်း၊ ဆုရရှိခဲ့ကြသည့် ဓာတ်ပုံ၊ ဆောင်းပါး၊ စာတမ်း၊ စာစီစာကုံး၊ ကုမ္ပဏီများနှင့် ဟိုတယ်များမှ ပြခန်းတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနား များကို ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၉၈၀ ပြည့်နှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် သည် (၄၆) နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်