စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စာကြည့်တိုက်များ (အပိုင်း-၂)
ကွင်းစလန်နှင့် ဆစ်ဒနီတက္ကသိုလ်များစာကြည့်တိုက်၊ ဩစတြေးလျနိုင်ငံ
ဒေါက်တာမျိုးကြွယ်(ပါမောက္ခချုပ်-ငြိမ်း)
ဩစတြေးလျနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် အာဆီယံနိုင်ငံအချို့ စသည့် ကမ္ဘာ့နိုင်ငံများ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲ သင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ ကမ္ဘာ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုကို လေ့လာ၊ အတုယူနိုင်ရန် အမိ နိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ စာကြည့်တိုက်များအကြောင်း ဆက်လက်ဆွေးနွေး လိုပါသည်။
စာရေးသူ စာကြည့်တိုက်များကို လေ့လာရာတွင် ထူးထူးခြားခြား ပြောင်းလဲသွားမှုမှာ ၁၉၈၆ ခုနှစ် ကိုလံဘိုစီမံကိန်းပညာသင်ဆု (Colombo Plan Scholarships)ရပြီး ဩစတြေးလျနိုင်ငံသို့ မဟာ စိုက်ပျိုးရေးပညာဘွဲ့ ယူသွားရန် ပြင်ဆင်ချိန်ကတည်းက စခဲ့ပါသည်။
ပညာသင်ဆု အရွေးချယ်ခံရသဖြင့် ထိုအချိန်က ပညာရေးဝန်ကြီးဌာနအောက်ဖြစ်၍ အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာဌာန (IFL – Institute of Foreign Languages) ယခု ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (YUFL– Yangon University of Foreign Languages)တွင် သုံးလ၊ တက္ကသိုလ်များကွန်ပျူတာ ဌာန (University Computer Center – UCC - ယခု ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ)တွင် တစ်လသင်တန်းများကို အခြားတက္ကသိုလ်များမှ ပညာသင်များနှင့်အတူ သင်တန်းတက်ခဲ့ရပါသည်။
အသက် ၆၈ နှစ် ရောက်သည်အထိသင်တန်းတက်နေရဆဲ
သင်တန်းအမျိုးမျိုးကိုလည်း အထက်တန်း ကျောင်းသားဘဝကတည်းက တက်ခဲ့ရသည်မှာ ယခုအသက် ၆၈ နှစ် ရောက်သည်အထိ သင်တန်းတက်နေရဆဲပါ။
(ယခု စာရေးသူတက်နေသည့် အများပြည်သူ ရှေ့ဟောပြောနည်းပညာ၊ စောင့်ကြည့်၊ မှတ်သား၊ စစ်ဆေးခြင်းနှင့် တန်ဖိုးဖြတ်၊ ဆန်းစစ်ခြင်း၊ ကွန်ပျူတာ အခြေခံအသုံးပြုနည်းသင်တန်းနှင့် သတင်း အချက်အလက်နည်းပညာ သင်တန်းဆရာ ဆရာမများမှာ စာရေးသူ၏ ညီ၊ ညီမ၊ သား၊ သမီး အရွယ်များ ဖြစ်သော်လည်း စာရေးသူ မသိသည့် ခေတ်မီပညာများ ဖြစ်နေသည့်အတွက် အလွန်အကျိုးရှိပါသည်။ တကယ့်ရာသက်ပန်သင်ယူမှု (Real Life-long Learning)ပါပဲ။)
ထိုစဉ်က နိုင်ငံခြားဘာသာသိပ္ပံရှိ စာကြည့်တိုက်မှာ အင်္ဂလိပ်ဘာသာ မူရင်းစာအုပ်များ (Original Text and Reference Books from Cambridge University Press, Oxford University Press) ငှားရမ်း၍ ရပါပြီ။ တက္ကသိုလ်များကွန်ပျူတာဌာနတွင် ပထမဆုံးစတင် အသုံးပြုရသော သေတ္တာပုံ ကွန်ပျူတာကြီးများမှစ၍ မမြင်ဖူး၊ မကြားဖူးတာတွေ သင်ယူရေး စခဲ့ရပါသည်။
စာရေးသူတို့နှင့်အတူပါလာသော ဆရာ ဦးအောင်သန်းက “ထို့ကြောင့် ဤအရာကို ကွန်ပျူ တာဟုခေါ်သည်” ဆိုပြီး တင်စားခဲ့ပါသည်။ ပြီးလျှင် ဩစတြေးလျသံရုံးတွင် အင်္ဂလိပ်ဘာသာစကား စွမ်းရည် စာမေးပွဲဖြေခဲ့ရပြီး အင်္ဂလိပ်စာ လိုအပ်ချက် ရှိ၍ ဆစ်ဒနီမြို့ အင်္ဂလိပ်စာသင်ကြားရေးဌာန (English Preparation Centre - EPC) တွင် အခြားနိုင်ငံမှ သူငယ်ချင်းများ၊ မြန်မာပြည်မှ ဆရာ ဆရာမများနှင့်အတူ ကွင်းစလန်တက္ကသိုလ် (The Univer-sity of Queensland) မသွားခင် အင်္ဂလိပ်စာသင်တန်း တက်ရောက်ခဲ့ရပါသည်။
စာရေးသူတို့က နယ်မှဖြစ်၍ အင်္ဂလိပ်စာ ညံ့ပါသည်။ ဆင်ပေါင်ဝဲတွင် အင်္ဂလိပ်စာကျူရှင်ကို ကိုးတန်း ရောက်မှ ဆရာဦးဇော်ဝင်းနှင့် သင်ဖူးပါသည်။ မကွေးမြို့ နံမည်ကြီး ဆရာကြီး ဦးဆုမြိုင်ကျောင်း တက်ဖို့ ၁၀ တန်းတွင် ပြောင်းလာရာ ဘာကြောင့်မှန်းမသိ တက်ခွင့်မရခဲ့ပါ။ ထို့ကြောင့် ဖွင့်ခါစ ဦးနန်း လှိုင်၏ စတားကျူရှင်တက်ခဲ့ရပါသည်။ သို့ဖြင့် ဆယ်တန်းအောင်ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ရောက်လာပါတော့သည်။
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ အင်္ဂလိပ်စာ သင်ကြားရေးဌာနတွင် စာရေးသူတို့ ပုံမှန်သင်ကြား နေရသည့် သဒ္ဒါ၊ အသံထွက်၊ ဝေါဟာရများကို သင်ကြားခြင်းမဟုတ်ပါ။ တက္ကသိုလ် တက်ရောက် မည့် ကျောင်းသားများအတွက် လိုအပ်မည့် အင်္ဂလိပ်စာများ (English for Academic Purposes) ကို သင်ကြားပေးခြင်းဖြစ်ပါသည်။
ဥပမာ - စာကြည့်တိုက်အသုံးချပုံ (Use of University Library)၊ သင်ခန်းစာလုပ်ငန်းများနှင့် သိပ္ပံနည်းကျရေးပုံရေးနည်း (Assignment and Scientific Writing Skills)၊ မြို့ထဲသို့ သွားရာတွင် တွေ့ကြုံရမည့် အခက်အခဲများ (Out and About)၊ ဈေးဝယ်ပုံ ဈေးဝယ်နည်း၊ ဘဏ်တွင်ငွေသွင်း၊ ငွေထုတ်နည်း၊ ထိုစဉ်က (Automated Teller Machines-ATM)ကတ်ကို မြင်တောင်မမြင်ဖူးပါ။ အင်္ဂလိပ်စကားပြော ရုပ်ရှင်ကြည့်ရှု၍ အင်္ဂလိပ်စာဘာသာရပ်ကို လေ့လာနည်း(Using Movies for English Language Skill)၊ နားထောင်နိုင်မှု စွမ်းရည်လေ့လာခြင်း (Listening Skill) စသည်တို့ဖြစ်ပါသည်။ ဆစ်ဒနီ တက္ကသိုလ်စာကြည့်တိုက် (Sydney University Library)သို့သွား၍ စာကြည့်တိုက်အသုံးပြုနည်းများကို လေ့လာခဲ့ရပါသည်။
ပင်မစာကြည့်တိုက်မကြာခဏသွားရောက်ခဲ့
ထိုမှ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလတွင် စာရေးသူတကယ်မဟာစိုက်ပျိုးရေးပညာ သင်ယူရမည့် ကွင်းစလန်တက္ကသိုလ် (The University of Queen-sland, Brisbane - UQ) သို့ ရောက်ရှိသောအခါမှ ကြိုတင်ပြင်ဆင်နေသည့် ရက်သတ္တပတ်များ (Orientation Weeks) တွင် စာကြည့်တိုက်လေ့လာ ရေး(Library Tour)ကို အချိန်ပေးပြီး လေ့လာသင်ယူ ခဲ့ရပါသည်။ ကွင်းစလန်တက္ကသိုလ်တွင် စာကြည့်တိုက် အဆောက်အအုံပေါင်း (Seven Library Branches) ခုနစ်ခုလောက်ရှိပြီး စိုက်ပျိုးရေးနှင့်ဆိုင်သော ဇီဝသိပ္ပံစာကြည့်တိုက် (Biological Science Library)၊ ဘွဲ့ကြိုစာကြည့်တိုက် (Under-graduate Library)၊ ပင်မစာကြည့်တိုက် (Main Library)တို့ကိုသာ မကြာခဏ သွားရောက်ခဲ့ရပါသည်။
ထိုစဉ်က ပထမဆုံးအတွေ့အကြုံမှာ မိတ္တူကူးခြင်းပါ။ မိတ္တူကူးစက်ပေါ်နေပြီ ဖြစ်သော်လည်း စာရေးသူတို့အဖို့ ပထမဆုံးအတွေ့အကြုံပါ။ ကွန်ပျူတာပရင်တာမှာ (Dot Printer) ဖြစ်ပြီး လေဆာပရင်တာ၊ အင်တာနက်၊ လက်ပ်တော့၊ ကွန်ပျူတာ အမိန့်ပေးခလုတ်(မောက်စ်)၊ မိုဘိုင်းလက်ကိုင် ဖုန်းတို့ မပေါ်သေးပါ။ သို့သော် လေ့လာရမည့် ပြဋ္ဌာန်း စာအုပ်၊ ရည်ညွှန်းစာအုပ်၊ စိုက်ပျိုးရေးဆိုင်ရာဂျာနယ်များမှာမူ စုံလင်လှပါသည်။
စာကြည့်တိုက်က ကျောင်းဖွင့်ရက်တွင် နေ့တိုင်း (တစ်ပတ် ၇ ရက်) နံနက် ၈ နာရီမှ ည ၁၀ နာရီ၊ စနေ၊ တနင်္ဂနွေ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးပါသည်။ (ဂျာမနီနိုင်ငံ စာကြည့်တိုက်များမှာ တနင်္ဂနွေ ပိတ်ပါသည်။ စာရေးသူမှာ မိသားစုနှင့်ဝေး၊ တစ်ဦးတည်း ကျောင်းသားဘဝပြန်ရောက်သည်နှင့် အချိန်အားသရွေ့ စာကြည့်တိုက်သို့ ရောက်ဖြစ်ပါသည်။)
ကျောင်းဖွင့်ရက် ပထမဆုံးစာသင်ချိန်ဖြစ်သည့် အပင်ပတ်ဝန်းကျင်ဆိုင်ရာ ဇီဝကမ္မဗေဒ (Plant Ecophysiology)တွင် ဆရာမကြီး ဒေါ်ဝင်းကြည်နှင့် အတူ ဩစတြေးလျ ဘွဲ့ကြို ဒုတိယနှစ်အတန်းကို တက်ရောက်ရာ ကျောင်းစာ သင်ခန်းစာစာရွက်များ ဝေငှရာတွင် တွဲဖက်ဖတ်ရှုရန် ရည်ညွှန်းစာအုပ်များ စာရင်းပါလာပါသည်။
စာရေးသူမှာ အလေ့အကျင့်မရှိ၊ နားမလည် သဖြင့် ၂ ရက် - ၃ ရက်နေမှ စာကြည့်တိုက်သို့ သွားရောက်ငှားရမ်းရာ တချို့စာအုပ်မှာ စာရေးသူ ထက်အရင် ကျောင်းသားများက ငှားရမ်းထားသဖြင့် ၂ပတ် - ၃ ပတ် နောက်ကျပြီးမှ ငှားရမ်းခွင့်ရပါတော့ သည်။ တချို့ရှားပါးစာအုပ် (Rare Books; Reference Books) များမှာ ကျောင်းသားတစ်ဦးလျှင် ၃ ရက်-၅ ရက်ခန့်သာ ငှားပေးပါသည်။ ထိုခေတ်က အင်တာနက် မရသေးသဖြင့် စာတမ်းအကျဉ်း (Abstracts– Agriculture Abstracts, Horticulture Abstracts, Soil Science Abstracts, etc.) စာအုပ်များတွင် လိုအပ်သော စာတမ်းအကျဉ်း (Abstract/Summary of the Paper)ကို ရှာဖွေပြီးမှ ဂျာနယ်စာအုပ်စင်များတွင် လိုအပ်သော စာတန်းများကိုရှာ၍ မိတ္တူကူးခဲ့ရပါသည်။ ယခုခေတ်လို အွန်လိုင်းဂျာနယ်၊ ပီဒီအက်ဖိုင် (pdf files)၊ လေဆာပရင်တာများ မပေါများသေးပါ။
စာရေးသူ မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ရပြီး တက္ကသိုလ်ပြန်ရောက်ကတည်းက ဩစတြေးလျတွင် သင်ယူခဲ့ရသည့် အင်္ဂလိပ်စာဘာသာရပ်အချို့ကို ဆရာ ဆရာမ အငယ်များကို သင်ကြားပေးခဲ့ပါသည်။ ထိုစဉ်က ဖယောင်းတွင် လက်နှိပ်စက်နှင့်ရိုက်၊ စာကူးစက်လှည့် (သို့) စာရွက်အပါးများကို ကာဗွန် စာရွက်ခံ၍ ၃ ရွက်-၄ ရွက် အကြိမ်ကြိမ်ရိုက်ခဲ့ရပါ သည်။ ကူညီဆောင်ရွက်ပေးခဲ့သည့် လယ်ယာသီးနှံ ဌာနမှ အလွန်ကျွမ်းကျင်သော လက်နှိပ်စက်စာရေးမကြီး ဒေါ်အေးသိန်းကို သတိရမိပါသည်။ ထို့ကြောင့်ထင်သည် စာရေးသူ၏ ပညာရေးက ဆုံးခန်းမတိုင်ဘဲ အသက်ကြီးမှ ပါရဂူဘွဲ့သင်ကြားရန် နိုင်ငံခြားသို့ ထပ်မံသွားရပါတော့သည်။ (Digital Library နှင့် ဂျာမနီ နိုင်ငံတက္ကသိုလ်စာကြည့်တိုက်များ (အပိုင်း-၃) သီးသန့်ရေးပါမည်)။
သင်ယူသူအားလုံးအတွက် ဒီဇိုင်း(UDL- Uni-versal Design for Learning) သီအိုရီအရ တက္ကသိုလ် စာကြည့်တိုက်များကို ပိုမိုအသုံးပြုလာစေရန် အားပေးရပါမည်။
ဤဒီဇိုင်းသီအိုရီ ဆိုသည်မှာ သင်ယူသူအားလုံးအတွက် သင်ယူရာတွင် ဖြစ်ပေါ်နိုင်သော အတား အဆီးများကို လျှော့ချပေးပြီး သင်ယူမှုတွင် ပါဝင်နိုင်ရန် နည်းလမ်းအမျိုးမျိုး၊ သတင်းအချက်အလက်/ဗဟုသုတကို ရယူနိုင်ရန် နည်းလမ်းအမျိုးမျိုး၊ သင်ယူထားသည်များကို ဖော်ပြနိုင်ရန် နည်းလမ်း အမျိုးမျိုး စသည့်ပေးအပ်သည့် သင်ကြားရေး မူဘောင်တစ်ခု ဖြစ်ပါသည်။
UDL ၏ အဓိကမူကြီး သုံးရပ်ကို တက္ကသိုလ် စာကြည့်တိုက်နှင့် အောက်ပါအတိုင်း ဆက်စပ် စဉ်းစားနိုင်ပါသည်။
|
UDL မူကြီး |
အဓိကမေးခွန်း |
စာကြည့်တိုက်တွင် အသုံးချနိုင်ပုံ |
|
Engagement-ပါဝင်စိတ်ဝင်စားမှု |
WHY? ဘာကြောင့်လဲ |
ကျောင်းသားများ စာကြည့်တိုက်ကို ဘာကြောင့် အသုံးပြုသင့်သလဲ၊ မည်သို့ စိတ်ဝင်စားလာအောင် လုပ်မလဲဆိုတာ ပြင်ဆင်ရပါမည်။ |
|
Representation- သတင်းအချက်အလက်တင်ပြခြင်း |
WHAT? ဘာတွေလဲ |
မည်သည့်စာအုပ်၊ ဒီဂျစ်တယ်အရင်းအမြစ်၊ သုတေသနအချက်အလက်များ ပေးသင့်လဲ စဉ်းစားရန်။ |
|
Action & Expression- လက်တွေ့အသုံးချခြင်းနှင့် ဖော်ပြခြင်း |
HOW? ဘယ်လိုလုပ်မလဲ |
ကျောင်းသားများသည် သတင်းအချက်အလက်ကို မည်သို့ ရှာဖွေ၊ အကဲဖြတ်၊ အသုံးချ၊ ဖန်တီးမည်နည်း။ |
UDL အခြေခံတက္ကသိုလ် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသော မူဘောင် တစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။
ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ကို ဘာကြောင့် အသုံးပြုသင့်သလဲ
ဤမေးခွန်းသည် စိတ်အားထက်သန်မှုနှင့် ပါဝင်မှုတို့နှင့် သက်ဆိုင်ပါသည်။ ကျောင်းသား ကျောင်းသူများက စာကြည့်တိုက်တွင် စာအုပ်များနှင့် ကွန်ပျူတာများ ရှိသောကြောင့်သာ စာကြည့်တိုက်ကို အသုံးပြုမည်မဟုတ်ပါ။ စာကြည့် တိုက်သည် မိမိတို့၏ သင်ယူမှု၊ သုတေသနနှင့် အနာဂတ် အလုပ်အကိုင်အတွက် မည်မျှအရေးကြီး သည်ကို ကောင်းစွာနားလည်ရန် လိုအပ်ပါ သည်။
ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုရခြင်း အကြောင်းများ
(က) သင်ခန်းစာများကို အထောက်အကူပြုရန် - ဥပမာ သင်ရိုးစာအုပ်များ၊ ကိုးကားစာအုပ်၊ စာတန်း များ၊ သင်ခန်းစာဆိုင်ရာ အကြောင်းအရာများ၊ ဘာသာရပ်ဂျာနယ်များ ဖတ်ရှုနိုင်ခြင်း၊
(ခ) သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်- သုတေသနစာတမ်းများ၊ အီလက်ထရောနစ် စာအုပ် များ၊ ဘွဲ့ကြို၊ ဘွဲ့လွန်ကျမ်းများ၊ သုတေသန သတင်းအချက်အလက်များ ရှာဖွေနိုင်ခြင်း၊
(ဂ) သတင်းအချက်အလက်ဆိုင်ရာ တတ်ကျွမ်းမှု ဖွံ့ဖြိုးရန် - ယုံကြည်စိတ်ချရသော အချက်အလက် များ ရှာဖွေခြင်း၊ အရင်းအမြစ်များကို အကဲဖြတ်ခြင်း၊ သတင်းမှားများကို ခွဲခြားခြင်း၊ ကိုးကားမှု မှန်ကန်စွာ ပြုလုပ်ခြင်း၊
(ဃ) ထိရောက်စွာ လေ့လာသင်ယူရန် - တိတ်ဆိတ်သော စာဖတ်ခန်း၊ အဖွဲ့လိုက်လေ့လာနိုင်သော နေရာ၊ ဒီဂျစ်တယ်နည်းဖြင့် ရှာဖွေဖတ်ရှုရန်နေရာ၊ အခန်း (Digital Learning Space)၊ ကွန်ပျူတာနှင့် အင်တာနက် အသုံးပြုခွင့်ပေးထားခြင်း၊
(င) တစ်သက်တာသင်ယူမှု ဖွံ့ဖြိုးရန် - နည်းပညာ ရရှိမှု၊ နည်းပညာအသစ်များ၊ အလုပ်အကိုင်အခွင့် အလမ်း၊ စဉ်ဆက်မပြတ်ပညာရေးစနစ် တီထွင် ဖန်တီးပေးထားခြင်း၊
(စ) ပညာရပ်ဆိုင်ရာ အစုအဖွဲ့တည်ဆောက်ရန် - ဥပမာ - ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲများ၊ စာအုပ် အသင်း/ကလပ်များ၊ သုတေသနစာတန်း ဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။
စာရေးသူ၏အတွေးတစ်စ
၂၀၂၅-၂၀၂၆ ခုနှစ်များ၌ စာရေးသူ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ခေတ္တပြန်ရောက်သွားစဉ် မိတ်ဆွေပါမောက္ခတစ်ဦး၏ အကူအညီဖြင့် ဆစ်ဒနီတက္ကသိုလ်၊ စာကြည့်တိုက်များကို လေ့လာခွင့်ရရှိခဲ့ ပါသည်။ ဒီဂျစ်တယ်ခေတ်၊ သတင်းအချက်အလက် ခေတ်၊ အင်တာနက်ခေတ်တွင် နည်းပညာက အလွန် ပြောင်းလဲနေသဖြင့် စာကြည့်တိုက်သို့ ကျောင်း သား ကျောင်းသူများကိုယ်တိုင် မလာတော့ဘူး ထင်ထားရာ လုံးဝလွဲပါသည်။ ဆစ်ဒနီတက္ကသိုလ် စာကြည့်တိုက်တွင် ကျောင်းသား ကျောင်းသူများဖြင့် ပြည့်ကျပ်နေပါသည်။
စာရေးသူတို့အဖွဲ့သည် နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက်အပါအဝင် တက္ကသိုလ်၊ သုတေသန ဌာနများရှိ စာကြည့်တိုက်များကို လေ့လာကြည့်ရာ စာအုပ်ကောင်းများ များစွာရှိနေသော်လည်း စာဖတ်သူ နည်းနေသေးသည်ကို သတိထားမိပါ သည်။ ထို့အတွက်-
(၁) စာကြည့်တိုက်ကို များစွာအသုံးပြုနိုင်အောင် ဆိတ်ငြိမ်၊ အေးချမ်းသော၊ အိုက်၍ ချွေးပြန်မနေ သော ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်း၊
(၂) ပင်ပန်းမှုမှ ပြန်လည်လန်းဆန်းမှု ရရှိစေရန် ကော်ဖီနှင့် အဆာပြေမုန့်ဆိုင် အသေးလေး ဖွင့်လှစ် ပေးခြင်း၊
(၃) စာဖတ်သူကိုယ်တိုင် အခြားဒေသ၊ နယ်မြေများသို့ သွားရောက်ရန်မလိုဘဲ စာကြည့်တိုက်အချင်းချင်း ငှားရမ်းဖတ်ရှုကြည့်ရှုနိုင်သော အခွင့်အရေးစနစ် ဖန်တီးပေးခြင်း၊
(၄) ကျောင်းသား ကျောင်းသူများအား ဖတ်ရှုလိုက် သော စာအုပ်များမှ အနာဂတ်အတွက် ပုံဖော်ခြင်း ပြိုင်ပွဲလေးများ (Book Reading Contest) ဖြင့် ဆုပေးခြင်းစနစ်များ ဖန်တီးပေးပါက စာဖတ်သူ များပြားလာပြီး အတွေးအခေါ်များ တိုးတက်၊ ပြောင်းလဲလာနိုင်မလားဟု တွေးမိနေပါသည်။ ။


