အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ်  တိုက်ခိုက်မှုများကြောင့်  အရပ်သား ၅၀၀၀ ကျော် သေဆုံးခဲ့

တီဟီရန်   စက်တင်ဘာ   ၂၇

အမေရိကန်နှင့် အစ္စရေးတို့၏  အီရန်အပေါ်တိုက်ခိုက်မှုများကြောင့် အမျိုးသမီးနှင့် ကလေးငယ် ရာနှင့်ချီအပါအဝင် အရပ်သား ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အဘတ်စ် အာရာချီက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွင်း ပစ်မှတ်ထားခံခဲ့ရသည့် အရပ်သားဆိုင်ရာနေရာများအဖြစ် လူနေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများ၊ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများအပြင် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ပါဝင်ကြောင်း အာရာချီက နယူးယောက်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်မြို့တော် တီဟီရန်နှင့် အခြားမြို့များအပေါ် ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အီရန်သည်  ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်း၏ ထိန်းချုပ်မှုကို တင်းကျပ်ခဲ့သည်။

ဇွန် ၁၈ ရက်တွင် အမေရိကန်နှင့် အီရန်တို့သည် လက်ဘနွန်နိုင်ငံအပါအဝင် ဒေသတွင်းရှိ စစ်ပွဲမျက်နှာစာအားလုံးတွင် အဆုံးသတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်အရ ၎င်းတို့သည် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ အတွင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း အဆိုပါသတ်မှတ်ရက်မှာ ဩဂုတ် ၁၇ ရက်တွင် ကုန်ဆုံးခဲ့သည်။ မကြာသေးမီက တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဆွေးနွေးပွဲများ၏ အခြေအနေမှာ မရေမရာဖြစ်နေဆဲဖြစ်သည်။                                                               

အင်န်အိတ်ချ်ကေ