ကောင်းပြည့်
အီတိုင်းပုစီမံကိန်း၏ အောင်မြင်မှုတစ်ခုဖြစ်သော “ဇီဝမျိုးစုံမျိုးကွဲ စင်္ကြံ” (Biodiversity Corridor) တည်ထောင်သည့် နည်းလမ်းကိုလည်း မြစ်ဆုံဒေသတွင် ကျင့်သုံးသင့်ပါသည်။ ဆည်ပတ်လည်ရှိ ကျန်ရှိနေသော သဘာဝတောအုပ်များကို တစ်ခုနှင့်တစ်ခု ပြန်လည်ဆက်သွယ်ပေးခြင်းဖြင့် တောရိုင်းတိရစ္ဆာန်များ ဘေးကင်းစွာ ကူးသန်းသွားလာနိုင်ရန် ဖန်တီးပေးခြင်းမှာ မြစ်ဆုံစီမံကိန်း၏ ဂေဟစနစ်ဆိုင်ရာ တာဝန်ယူမှုကို ပြသရာရောက်ပါသည်။ အဆိုပါနည်းလမ်းသည် သစ်တောများပြုန်းတီးခြင်းကို တားဆီးပေးရုံသာမက မျိုးသုဉ်းလုနီးပါး သတ္တဝါများကိုလည်း ပြန်လည်ရှင်သန်ခွင့်ပေးနိုင် မည်ဖြစ်ပါသည်။
မြစ်ဆုံစီမံကိန်းတည်ရှိရာနေရာသည် အသက်ဝင်နေဆဲဖြစ်သော စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ကီလိုမီတာ ၁၀၀ ဝန်းကျင်သာကွာဝေးပြီး အခြားပြတ်ရွေ့ခွဲများနှင့် နီးကပ်နေသည်ဟု ဘူမိဗေဒပညာရှင်များက ထောက်ပြကြသော်လည်း ယနေ့ခေတ်အဆင့်မြင့် အင်ဂျင်နီယာအတတ်ပညာများက ထိုစိန်ခေါ်မှုများကို ထိရောက်စွာဖြေရှင်းပေးနိုင်ပြီဖြစ်သည်။ စီမံကိန်းတွင် အသုံးပြုမည့် ကျောက်ဖြည့်တမံ (Rock-fill Dam) ဒီဇိုင်းသည် ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုလှိုင်း များကို ပျော့ပျောင်းစွာတုံ့ပြန်နိုင်စွမ်းရှိပြီး ကွန်ကရစ်တမံများထက် ပိုမိုခိုင်ခံ့ဘေးကင်းပါသည်။ ပြင်းအား ၈ ဒသမ ၀ ရစ်ခ်တာစကေးအထက်ရှိသော ငလျင်ဒဏ်ကိုပင် ကြံ့ကြံ့ခံနိုင်ရည်ရှိစေရန် အသေးစိတ်တွက်ချက်ပုံစံထုတ်ထားခြင်းက ဒေသတွင်း လုံခြုံစိတ်ချရမှုကို အပြည့်အဝအာမခံချက်ပေးထားခြင်းပင် ဖြစ်ပါသည်။
နိုင်ငံတကာအဆင့်မီ ငလျင်တိုင်းတာရေးနှင့် ကြိုတင်သတိပေးစနစ်
ထို့အပြင် နိုင်ငံတကာအဆင့်မီ ငလျင်တိုင်းတာရေးနှင့် ကြိုတင်သတိပေးစနစ်များကို စီမံကိန်းဧရိယာတစ်ဝိုက်တွင် စနစ်တကျတပ်ဆင်ထားမည်ဆိုပါက သဘာဝဘေးအန္တရာယ်ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။ ပြတ်ရွေ့နှင့်နီးကပ်သည့် အခြားသော ကမ္ဘာ့နိုင်ငံများရှိ ဆည်ကြီးများသည်လည်း နည်းပညာပိုင်းဆိုင်ရာခိုင်မာမှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ဘေးကင်းစွာ လည်ပတ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ပညာရှင်များ၏ စိုးရိမ်မှုများကို နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များဖြင့် စနစ်တကျ ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် အရေးပါသော လျှပ်စစ်စွမ်းအင်ကို ဘေးကင်းလုံခြုံစွာ ထုတ်ယူနိုင်ရုံသာမက ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်အဟုန်ဖြင့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။
မြစ်ဆုံဒေသ၏ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲရမည်ဖြစ်ပါသည်။ ဒေသခံပြည်သူများကို သစ်တောထိန်းသိမ်းရေးနှင့် စီမံကိန်း၏အကျိုးကျေးဇူးများတွင် တိုက်ရိုက်ပါဝင်စေခြင်း၊ ပညာပေးခြင်းနှင့် လူနေမှုဘဝပြန်လည်ထူထောင်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်မည်ဆိုပါက လူနှင့်သဘာဝပတ်ဝန်းကျင် မျှတစွာရှင်သန်နိုင်သည့် စနစ်တစ်ခုဖြစ်လာပါမည်။ စီမံကိန်းမှရရှိလာသော အကျိုးအမြတ်များကို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအသုံးပြုခြင်းဖြင့် လူမှုရေးရာစိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတကာအဆင့်မီ သာယာဝပြောသော “အမြင်သစ် မြန်မာနိုင်ငံ (A New Vision of Myanmar)” လူ့ဘောင်လောကကို တည်ဆောက်နိုင်ရန်အတွက် လုံလောက်သော လျှပ်စစ်စွမ်းအင် အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်ရန်မှာ ယနေ့ခေတ်တွင် အမျိုးသားရေးတာဝန်တစ်ရပ်ကဲ့သို့ အလွန်ပင်အရေးကြီးလှပါသည်။ အဆိုပါ မြင့်မြတ်သောမျှော်မှန်းချက်ကို အတိုဆုံးသောအချိန်ကာလအတွင်း လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မည့် မဟာဗျူဟာမြောက် စီမံကိန်းကြီးမှာ မြစ်ဆုံစီမံကိန်းပင် ဖြစ်ပါသည်။
အကယ်၍ ကျွန်ုပ်တို့သည် ကမ္ဘာ့အောင်မြင်သောစံနမူနာများမှ နည်းပညာနှင့် စီမံခန့်ခွဲမှု အတွေ့အကြုံများကို သင်ခန်းစာယူကာ မြန်မာ့ပထဝီဝင် အနေအထားနှင့်ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်နိုင်မည်ဆိုပါက မြစ်ဆုံစီမံကိန်းသည် မြန်မာ့စီးပွားရေးကို အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လာစေမည့် သမိုင်းဝင်အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲ အသေအချာပင် ဖြစ်ပါသည်။
ဘရာဇီးနှင့် ပါရာဂွေးနိုင်ငံတို့၏ အီတိုင်းပုစီမံကိန်းနှင့် တရုတ်နိုင်ငံ၏ မြစ်ကျဉ်းသုံးသွယ် ရေကာတာတို့သည် လူသားတို့၏ နည်းပညာစွမ်းပကားဖြင့် သဘာဝတရားကို အကျိုးရှိရှိ ထိန်းကျောင်းကာ နိုင်ငံ၏ကံကြမ္မာကို မည်သို့ပြောင်းလဲပစ်နိုင်သည်ဆိုသည့် သက်သေပြချက်များပင်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းကြီးများသည် ရိုးရှင်းသော ကွန်ကရစ် တံတိုင်းကြီးများ မဟုတ်ဘဲ နိုင်ငံ၏စီးပွားရေးကို မောင်းနှင်ပေးသည့် အင်အားကြီးမားသော နှလုံးသွေးကြောများအဖြစ် ဆယ်စုနှစ်များစွာ တည်ရှိနေကြပါသည်။ အဆိုပါကမ္ဘာ့စံနမူနာပြုစီမံကိန်းများထံမှရရှိသော အဓိကသင်ခန်းစာမှာ ခေတ်မီအင်ဂျင်နီယာအတတ်ပညာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမူဝါဒတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ပါက ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်တည်တံ့နိုင်သည်ဟူသော အချက်ပင်ဖြစ်ပါသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် မဟာဗျူဟာမြောက် အခွင့်အလမ်းတစ်ခုဖြစ်
မြန်မာနိုင်ငံအတွက်လည်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် နိုင်ငံတော်၏အနာဂတ်ကို လင်းထိန်စေမည့်၊ စက်မှုကဏ္ဍနှင့် လူမှုစီးပွားဘဝများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးနိုင်မည့် မဟာဗျူဟာမြောက် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ မြစ်ဆုံစီမံကိန်းမှ ထွက်ရှိလာမည့် ဧရာမလျှပ်စစ်စွမ်းအားသည် မြန်မာနိုင်ငံ၏ စက်မှုဇုန်များကို အရှိန်အဟုန်ဖြင့် လည်ပတ်စေမည်ဖြစ်ပါသည်။ လျှပ်စစ်မီးတည်ငြိမ်စွာရရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များ သိသိသာသာကျဆင်းလာကာ မြန်မာ့ထုတ်ကုန်များသည် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာပါလိမ့်မည်။ ယင်းကဲ့သို့သော အရှိန်အဟုန်ဖြင့် တိုးတက်မှုသည် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ရုံသာမက ပြည်တွင်းရှိ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်မည့် အနာဂတ်မျှော်လင့်ချက်လည်း ဖြစ်ပါသည်။
ထို့အပြင် စီမံကိန်းသည် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိစေခြင်းဖြင့် အမျိုးသားဝင်ငွေ (GDP) ကို မြှင့်တင်ပေးနိုင်ရုံသာမက ပိုလျှံသောလျှပ်စစ်ဓာတ်အားကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခြင်းဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာသော နိုင်ငံခြားဝင်ငွေကိုလည်း ရရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် မြစ်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်ကို ထိန်းညှိပေးခြင်း၊ နွေရာသီစိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်ခြင်းနှင့် ရေကြောင်းသွားလာရေးကို ပိုမိုကောင်းမွန်စေခြင်း စသည့် တန်ဖိုးမဖြတ်နိုင်သော ဘေးထွက်အကျိုးကျေးဇူးများကိုပါ မြန်မာပြည်သူများအတွက် ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မည်။
အထူးသဖြင့် စီမံကိန်းတည်ရှိရာ ကချင်ပြည်နယ်အတွက် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းသည် ဒေသတွင်း လျှပ်စစ်မီး အပြည့်အဝရရှိစေရုံသာမက လမ်းတံတားနှင့် အခြေခံအဆောက်အအုံများကိုပါ တစ်ပါတည်းတိုးတက်ကောင်းမွန်လာစေမည့် ဖွံ့ဖြိုးရေးမဏ္ဍိုင်ကြီးတစ်ခုဖြစ်ပါသည်။ စီမံကိန်းကြောင့် ပေါ်ထွက်လာမည့် အလုပ်အကိုင်အခွင့် အလမ်းသစ်များနှင့် နည်းပညာလွှဲပြောင်းမှုများသည် ဒေသခံလူငယ်များ၏ အနာဂတ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ရေကြောင်းသွားလာရေး ပိုမိုကောင်းမွန်လာခြင်းနှင့် ရေဘေးအန္တရာယ်ကို စနစ်တကျထိန်းချုပ်ပေးနိုင်ခြင်းတို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုလုံခြုံစိတ်ချရလာမည် ဖြစ်ပါသည်။
ထို့ပြင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကြောင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း များ (SMEs) ကျယ်ပြန့်လာကာ ကချင်ပြည်နယ်၏ ဒေသထွက်ကုန်များကို နိုင်ငံတကာဈေးကွက်ဝင် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်တော့မည်ဖြစ်သလို၊ စနစ်တကျဖော်ဆောင်မည့် အစိမ်းရောင်ဇုန်များနှင့် ဂေဟစနစ်ခရီးသွားလုပ်ငန်း (Ecotourism) များကြောင့် ပြည်နယ်၏ သဘာဝအလှတရားကိုထိန်းသိမ်းရင်း ဒေသခံများအတွက် ရေရှည်တည်တံ့သော ဝင်ငွေလမ်းကြောင်းများကိုလည်း ကဏ္ဍစုံမှ ပွင့်လန်းလာစေမည်ဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်းရှိ အောင်မြင်သော ရေအားလျှပ်စစ်စီမံကိန်းများ၏ အနှစ်သာရဖြစ်သည့် မြစ်၏မူလရေစီးနှုန်းနှင့် ရေပမာဏကို မြစ်အောက်ပိုင်းသို့ ပုံမှန်စီးဆင်းစေမည့်နည်းစနစ်များ၊ ငါးကူးလမ်းကြောင်းများ၊ နုန်းထုတ်ပြွန်စနစ်များ (Sediment Flushing Outlets)၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအစီအမံများနှင့် ခေတ်မီငလျင်ဒဏ်ကာကွယ် ရေးနည်းပညာများကို မြစ်ဆုံစီမံကိန်းတွင် စနစ်တကျ ထည့်သွင်းကျင့်သုံးသွားမည်ဆိုပါက ကျွန်ုပ်တို့၏ အမိဧရာဝတီမြစ်၏ဂေဟစနစ်ကို ရေရှည်တည်တံ့စေရုံသာမက နိုင်ငံတော်အတွက် အဖိုးတန်လှသော စွမ်းအင်ရတနာများကိုပါ ဘေးကင်းလုံခြုံစွာ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ရေအားလျှပ်စစ်ကဲ့သို့သော သန့်ရှင်းသောစွမ်းအင်သည် ကမ္ဘာကြီးပူနွေးမှုကို တိုက်ဖျက်ရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အထိရောက်ဆုံးသော လက်နက်တစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် လူသားတို့၏ ဆန်းသစ်တီထွင်မှုစွမ်းပကားနှင့် သဘာဝတရား၏ အရင်းအမြစ်များကို ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်ခြင်းဖြင့် မြစ်ဆုံစီမံကိန်းသည် နောင်လာနောက်သား မျိုးဆက်များအတွက် စွမ်းအင်လုံခြုံမှု၊ လူမှုစီးပွားသာယာဝပြောမှုနှင့် အစိမ်းရောင်အနာဂတ်ကို ထွန်းလင်းတောက်ပစေမည့် ‘အနာဂတ်၏ မီးရှူးတန်ဆောင်’ တစ်ခုအဖြစ် မြန်မာ့မြေပေါ်တွင် ခိုင်မာစွာပေါ်ထွန်းလာသင့်ပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။


