ဒေါက်တာ သုတအောင်
ပို့ကုန်တိုးမြှင့်ရေးကို ဆွေးနွေးကြသည့်အခါ ပြည်ပဈေးကွက်အသစ်များ ရှာဖွေခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်မှုဘဏ္ဍာငွေ၊ အရည်အသွေးစံနှုန်းများ၊ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်ရေး စသည့်အချက်များကို အဓိကထား စဉ်းစားလေ့ရှိကြသည်။
ယင်းအချက်များသည် ပို့ကုန်တိုးတက်ရေးအတွက် အရေးကြီးသည်မှာ မငြင်းနိုင်ပေ။ သို့သော် ပို့ကုန်တိုးတက်ရေးနှင့်ပတ်သက်၍ စဉ်းစားသင့်သည့် အခြားမေးခွန်းတစ်ခုလည်း ရှိနေသည်။ “ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်မည့် မိမိတို့၏စီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းဈေးကွက်၌ မည်မျှယှဉ်ပြိုင်နိုင်စွမ်းရှိကြသနည်း။ ပြည်တွင်း ယှဉ်ပြိုင်မှုက ယင်းတို့အား ပိုမိုထိရောက်လာစေရန်၊ ကုန်ကျစရိတ်လျှော့ချရန်၊ အရည်အသွေးမြှင့်တင်ရန်နှင့် ဆန်းသစ်တီထွင်ရန် မည်မျှတွန်းအားပေးနိုင်သနည်း” ဟူသော မေးခွန်းဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မူဝါဒများတွင် MSME များကို အားပေးခြင်းအားဖြင့် ပို့ကုန်ကဏ္ဍကို အားကောင်းစေရန်၊ နိုင်ငံ တကာဈေးကွက်ဝေစု ပိုမိုရရှိစေရန်၊ ကုန်သွယ်မှုကို မျှတပြီး လွယ်ကူချောမွေ့စေရန်နှင့် Digital Trade မှ အကျိုးကျေးဇူးများရရှိစေရန် ရည်မှန်းထားသည်။ ထို့ကြောင့် ယှဉ်ပြိုင်မှုမူဝါဒနှင့် ပို့ကုန်မြှင့်တင်ရေး မူဝါဒတို့ကို သီးခြားကိစ္စနှစ်ရပ်အဖြစ်သာမကြည့်ဘဲ အပြန်အလှန် အထောက်အကူပြုနိုင်သည့် မူဝါဒများအဖြစ်လည်း စဉ်းစားနိုင်သည်။
အိန္ဒိယနိုင်ငံ၏ စိတ်ဝင်စားဖွယ်အတွေ့အကြုံ
ထိုကိစ္စနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံကို လေ့လာထားသည့် စာတမ်းတစ်စောင်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ စီးပွားရေးပညာရှင် Tushar Poddar က ၂၀၀၄ ခုနှစ်တွင် ရေးသားခဲ့သည့် International Monetary Fund Working Paper အမှတ် 04/173 ကို “Domestic Competition Spurs Exports: The Indian Example” ဟု အမည်ပေးထားသည်။ စာတမ်းအမည်ကိုပင် “ပြည်တွင်းယှဉ်ပြိုင်မှုက ပို့ကုန်ကိုတွန်းအားပေး သည် အိန္ဒိယနိုင်ငံ၏ ဥပမာ” ဟု အနီးစပ်ဆုံး ဘာသာပြန်နိုင်သည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အိန္ဒိယနိုင်ငံ၏ ပို့ကုန်သည် သုံးဆနီးပါး တိုးလာခဲ့သည်။ Poddar သည် ယင်းတိုးတက်မှုကို လုပ်ငန်းအဆင့် အချက်အလက်များအသုံးပြု၍ လေ့လာခဲ့ရာ အရေးကြီးသည့်တွေ့ရှိချက်တစ်ခုမှာ ပို့ကုန်တိုးတက်မှုသည် ပို့ကုန်လုပ်ငန်းအသစ်များ ဝင်ရောက်လာခြင်းကြောင့်သာမဟုတ်ဘဲ ယခင်ကတည်းကရှိနေသော အိန္ဒိယလုပ်ငန်းများက ပို့ကုန်ပိုမိုပြုလုပ်လာခြင်းကြောင့်ဖြစ်သည်ဟူသော အချက်ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ၁၉၉၁ ခုနှစ်နောက်ပိုင်း စီးပွားရေးဖြေလျှော့မှုများ ပြုလုပ်လာခြင်းနှင့် နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းတို့ကြောင့် အချို့သော ပြည်တွင်းလုပ်ငန်းများသည် ယှဉ်ပြိုင်မှုဖိအားပိုမိုကြုံတွေ့ခဲ့ရသည်။ ယင်းဖိအားသည် လုပ်ငန်းများကို ထိရောက်မှုမြှင့်တင်ရန်၊ ကုန်ကျစရိတ်လျှော့ချရန်နှင့် ဆန်းသစ်တီထွင်ရန် တွန်းအားပေးခဲ့သည်။ အဆိုပါ စာတမ်း၏ လေ့လာတွေ့ရှိချက်အရ ပိုမိုထိရောက်သော လုပ်ငန်းများသည် ပို့ကုန်ပြုလုပ်နိုင်ရန် အလားအလာပိုများခဲ့ပြီး ပြည်တွင်းယှဉ်ပြိုင်မှုမှ ဖြစ်ပေါ်လာသော ထိရောက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့သည် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူပြုခဲ့သည်။
Poddar သည် အိန္ဒိယမော်တော်ယာဉ်လုပ်ငန်းကိုလည်း စိတ်ဝင်စားဖွယ် ဥပမာတစ်ခုအဖြစ်ဖော်ပြထားသည်။ ယခင်က ပြိုင်ဘက်ဝင်ရောက်မှုနည်းပါးပြီး ကာကွယ်ထားသည့် ဈေးကွက်ဖြစ်ခဲ့သော်လည်း ပြိုင်ဘက်အသစ်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာသည့်နောက်ပိုင်း ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာခဲ့သည်။ ထုတ်လုပ်မှုစွမ်းအား တိုးတက်လာပြီး မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း ပို့ကုန်များလည်း တိုးတက်လာခဲ့သည်။ Poddar ၏အမြင်တွင် ယှဉ်ပြိုင်မှုဖိအားက လုပ်ငန်းများကို ပြုပြင်ပြောင်းလဲရန်၊ ပိုမိုထိရောက်လာရန်နှင့် နောက်ဆုံးတွင် ပြည်ပဈေးကွက်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် အရေးပါသော တွန်းအားတစ်ရပ် ဖြစ်ခဲ့သည်။
ပို့ကုန်တိုးတက်ရေးသည် နယ်စပ်ဂိတ်ရောက်မှ စတင်ခြင်းမဟုတ်
အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံကို မြန်မာနိုင်ငံနှင့် တိုက်ရိုက်တူညီသည်ဟု မဆိုနိုင်ပါ။ နိုင်ငံ တစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေ၊ ဈေးကွက်ဖွဲ့စည်းပုံ၊ အဖွဲ့အစည်းများနှင့် ပြင်ပပတ်ဝန်းကျင်တို့ ကွာခြားကြသည်။ ထို့အပြင် ယှဉ်ပြိုင်မှုမူဝါဒ တစ်ခုတည်းဖြင့် ပို့ကုန်တိုးတက်လာမည်ဟုလည်း မဆိုနိုင်ပေ။ သို့ရာတွင် Poddar ၏ လေ့လာချက်မှ အရေးကြီးသည့် အယူအဆတစ်ခု ရယူနိုင်သည်။ ပို့ကုန်တိုးတက်ရေးသည် ကုန်ပစ္စည်းနယ်စပ်ဂိတ်ရောက်မှ စတင်သည့်ကိစ္စမဟုတ်ပါ။ နိုင်ငံတကာ ဈေးကွက်သို့ မရောက်မီကတည်းက လုပ်ငန်းများသည် မိမိတို့၏ထုတ်လုပ်မှု၊ အရည်အသွေး၊ ကုန်ကျစရိတ်၊ နည်းပညာ၊ ဝန်ဆောင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုတို့တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် လိုအပ်သည်။
ယှဉ်ပြိုင်မှုရှိသည့် ဈေးကွက်တစ်ခုတွင် ဖောက်သည်များကို ထိန်းသိမ်းနိုင်ရန် စီးပွားရေး လုပ်ငန်းများက ပိုမိုကောင်းမွန်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများပေးနိုင်ရန်၊ ကုန်ကျစရိတ်ကို ထိန်းချုပ်ရန်နှင့် နည်းလမ်းအသစ်များရှာဖွေရန် အားထုတ်ရသည်။ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်နှင့် သက်ဆိုင်သည့် တရားဝင်ရှင်းလင်းချက်များတွင်လည်း မျှတသော ယှဉ်ပြိုင်မှုရှိလျှင် ကုန်ပစ္စည်း အရည်အသွေးတိုးတက်ခြင်း၊ ကုန်ပစ္စည်းအသစ်များ ထုတ်လုပ်ရန်ကြိုးပမ်းခြင်းနှင့် ထုတ်လုပ်မှုစွမ်းအား မြင့်တက်နိုင်ခြင်းတို့ကို ယှဉ်ပြိုင်မှု၏ အကျိုးကျေးဇူးများအဖြစ် ဖော်ပြထားသည်။ ထိုအကျိုးကျေးဇူးများ သည် ပြည်တွင်းစားသုံးသူများအတွက်သာ အရေးကြီးခြင်းမဟုတ်ဘဲ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်လို သည့် လုပ်ငန်းများအတွက်လည်း အရေးကြီးသည်။
ဒီဂျစ်တယ်စီးပွားရေးခေတ်တွင် ယှဉ်ပြိုင်မှု
ယနေ့ခေတ်တွင် ယှဉ်ပြိုင်မှုနှင့် ပို့ကုန်ယှဉ်ပြိုင် နိုင်စွမ်းတို့၏ ဆက်စပ်မှုကို စဉ်းစားရာ၌ ဒီဂျစ်တယ် စီးပွားရေးကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်လာသည်။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က လုပ်ငန်းတစ်ခု၏ ဈေးကွက်ဝင်ရောက်နိုင်စွမ်းကို စက်ရုံ၊ ဆိုင်ခန်း၊ ဖြန့်ချိရေးကွန်ရက်နှင့် အရင်းအနှီးတို့က အဓိကဆုံးဖြတ်ခဲ့ကြသည်။ ယနေ့တွင်မူ အင်တာနက်ချိတ်ဆက်မှု၊ အွန်လိုင်းဈေးကွက်များ၊ ဒီဂျစ်တယ်ပလက်ဖောင်းများ၊ အွန်လိုင်းကြော်ငြာ၊ အီလက်ထရွန်နစ်ငွေပေးချေမှုနှင့် ဒီဂျစ်တယ် ကုန်သွယ်မှုတို့ကလည်း လုပ်ငန်းတစ်ခု၏ ဈေးကွက်သို့ ဝင်ရောက်နိုင်စွမ်းကို ပိုမိုဆုံးဖြတ်လာကြသည်။
ယင်းသည် အထူးသဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အခွင့်အလမ်း ဖြစ်နိုင်သည်။ ယခင်က ဖောက်သည်အသစ်များထံ ရောက်ရှိရန် ငွေကြေးများစွာသုံးစွဲ၍ ကိုယ်ပိုင် ဖြန့်ချိရေးကွန်ရက်ထူထောင်ရန် လိုအပ်ခဲ့သည့် လုပ်ငန်းတစ်ခုသည် ယနေ့တွင် ဒီဂျစ်တယ် နည်းလမ်းများအသုံးပြု၍ အကွာအဝေး ပိုမိုဝေးကွာ သောဖောက်သည်များထံ ရောက်ရှိနိုင်သည်။ ထိုသို့ဖြင့် ဈေးကွက်ဝင်ရောက်မှုအတွက် လိုအပ်သည့် အချို့သောကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး လုပ်ငန်းငယ်များအတွက် ယခင်ကထက် ပိုမိုကျယ်ပြန့် သောဈေးကွက်ကို စမ်းသပ်နိုင်သည့် အခွင့်အလမ်း များ ပေါ်ပေါက်လာနိုင်သည်။ ASEAN SME Policy Index 2024 တွင်ပင် မြန်မာနိုင်ငံရှိ SME များအတွက် ဒီဂျစ်တယ်ပလက်ဖောင်းတစ်ခုသည် ပြည်တွင်းသာမက မြန်မာနိုင်ငံပြင်ပရှိ ဈေးကွက်အသစ်များသို့ ဝင်ရောက်နိုင်ရန် အရေးပါသည့်အကျိုးရှိနိုင်ကြောင်း အကြံပြုထားသည်။ ယင်းအခွင့်အလမ်းကို အသုံးချနိုင်ရန် broadband infrastructure တွင် ရင်းနှီးမြှုပ်နှံမှုနှင့် broadband provider များအကြား ယှဉ်ပြိုင်မှုကောင်းမွန်လာခြင်းတို့က coverage တိုးတက်စေပြီး ကုန်ကျစရိတ် လျှော့ချပေးနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ဤအချက်သည် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆက်စပ်နေသည့် ရိုးရှင်းသော်လည်း အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။ ဒီဂျစ်တယ်စီးပွားရေးကို ဖွံ့ဖြိုးစေလိုလျှင် နည်းပညာ ရှိရုံနှင့် မလုံလောက်ပါ။ ထိုနည်းပညာနှင့် ဝန်ဆောင် မှုများကို လုပ်ငန်းများက သင့်တင့်သည့်စျေးနှုန်းဖြင့် ရယူအသုံးပြုနိုင်ရန်နှင့် ဝန်ဆောင်မှုပေးသူများက လည်း ပိုမိုကောင်းမွန်သော အရည်အသွေး၊ စျေးနှုန်းနှင့် ဆန်းသစ်တီထွင်မှုတို့ဖြင့် အပြိုင်အဆိုင် ဝန်ဆောင်မှုပေးနိုင်သည့် ပတ်ဝန်းကျင်ရှိရန် လိုအပ်သည်။
ဒီဂျစ်တယ်ပလက်ဖောင်းများ - အခွင့်အလမ်းနှင့် စိန်ခေါ်မှု
ဒီဂျစ်တယ်ပလက်ဖောင်းများသည် လုပ်ငန်းငယ်များအတွက် အခွင့်အလမ်းကြီးများ ဖန်တီးပေးနိုင်သော်လည်း ဒီဂျစ်တယ်စီးပွားရေး တိုးတက်လာခြင်းက မျှတသောယှဉ်ပြိုင်မှုကို အလိုအလျောက် ဖြစ်ပေါ်စေမည်ဟု မယူဆသင့်ပေ။ ဒီဂျစ်တယ် ဈေးကွက်အချို့တွင် network effects ဟုခေါ်သည့် သဘောတရားကြောင့် အသုံးပြုသူများလေ ပလက်ဖောင်းတစ်ခု၏ တန်ဖိုးက ပိုမိုမြင့်တက်လာ လေဖြစ်နိုင်သည်။ အသုံးပြုသူများနှင့် ရောင်းချသူများ အများအပြားရှိပြီးသား ပလက်ဖောင်းတစ်ခုသည် ပြိုင်ဘက်အသစ်များထက် ပိုမိုအားသာလာ နိုင်သည်။
Data များစွာ စုဆောင်းပိုင်ဆိုင်နိုင်ခြင်း၊ algorithm များအသုံးပြုနိုင်ခြင်းနှင့် ဒီဂျစ်တယ် ecosystem တစ်ခုအတွင်း ဝန်ဆောင်မှုများစွာကို ချိတ်ဆက်ထားနိုင်ခြင်းတို့ကလည်း ထိုအားသာချက်ကို ပိုမိုကြီးမားစေနိုင်သည်။ ထိုအခြေအနေတွင် ပလက်ဖောင်းတစ်ခုသည် ဈေးကွက်အတွင်း ပြိုင်ဘက်တစ်ဦးသာမဟုတ်တော့ဘဲ ဈေးကွက်သို့ ဝင်ရောက်ရန် လိုအပ်သည့်လမ်းကြောင်းတစ်ခု အဖြစ်ပါ ဖြစ်လာနိုင်သည်။ ယင်းသည် ယှဉ်ပြိုင်မှု မူဝါဒအတွက် မေးခွန်းအသစ်များ ပေါ်ပေါက်စေသည်။ လုပ်ငန်းတစ်ခုကို ပလက်ဖောင်းပေါ်တွင် မည်မျှမြင်သာစေမည်၊ မည်သည့်စည်းကမ်းများဖြင့် ရောင်းချခွင့်ပြုမည်၊ အခကြေးငွေမည်မျှကောက်ခံမည်၊ ပလက်ဖောင်းပိုင်ရှင်၏ ကိုယ်ပိုင်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများနှင့် အခြားလုပ်ငန်းများကို မည်သို့ဆက်ဆံမည် စသည့်အချက်များသည် စီးပွားရေးလုပ်ငန်းတစ်ခု၏ အောင်မြင်မှုနှင့် ဈေးကွက်သို့ဝင်ရောက်နိုင်စွမ်းကို သက်ရောက်စေနိုင်သည်။
United Nations Conference on Trade and Development (UNCTAD ) ကလည်း ဒီဂျစ်တယ် ပလက်ဖောင်းများ၏ ဖွံ့ဖြိုးလာမှုသည် စီးပွားရေး ပုံစံအသစ်များ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအသစ်များကို ဖန်တီးပေးသကဲ့သို့ ယှဉ်ပြိုင်မှုအာဏာပိုင်များအနေဖြင့် ပြောင်းလဲလာသော ယှဉ်ပြိုင်မှု အခြေအနေကိုနားလည်၍ လိုအပ်သည့်နေရာတွင် တုံ့ပြန်နိုင်ရန်လိုအပ်ကြောင်း သုံးသပ်ထားသည်။
ထို့ကြောင့် ဒီဂျစ်တယ်စီးပွားရေးတွင် ယှဉ်ပြိုင်မှုကိုစဉ်းစားရာ၌ “ဒီဂျစ်တယ် ပလက်ဖောင်းများ ကောင်းသလား၊ မကောင်းသလား” ဟူသော မေးခွန်း ထက် “ဒီဂျစ်တယ်ပလက်ဖောင်းများ၏ အကျိုးကျေးဇူးကို ထိန်းသိမ်းထားရင်း လုပ်ငန်းအသစ်များ ဝင်ရောက်နိုင်စွမ်း၊ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် မျှတစွာယှဉ်ပြိုင်နိုင်စွမ်းတို့ကို မည်သို့ထိန်းသိမ်းပေး နိုင်မည်နည်း” ဟူသောမေးခွန်းက ပိုမိုအသုံးဝင်မည် ဖြစ်သည်။
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်က ကျင်းပပြုလုပ်သွားမည့် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် တွင်လည်း ဒီဂျစ်တယ်စီးပွားရေးကြောင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် ပေါ်ပေါက် လာသည့် အခွင့်အလမ်းသစ်များ၊ ဒီဂျစ်တယ် ပလက်ဖောင်းများနှင့်အတူ ပြောင်းလဲလာသည့် ယှဉ်ပြိုင်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် မျှတပွင့်လင်း၍ ယှဉ်ပြိုင်မှုရှိသော digital market များ တည်ဆောက်ရေးတို့ကို အဓိကအကြောင်းအရာများအဖြစ် သတ် မှတ်ထားသည်။ ယင်းအကြောင်းအရာများသည် စားသုံးသူအကျိုးစီးပွားအတွက်သာမက စီးပွားရေး လုပ်ငန်းများ၏ ထုတ်လုပ်နိုင်စွမ်း၊ ဆန်းသစ်တီထွင် နိုင်စွမ်း၊ ဈေးကွက်ဝင်ရောက်နိုင်စွမ်းနှင့် အနာဂတ် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းတို့နှင့်ပါ ဆက်စပ်၍ စဉ်းစား နိုင်သည်။
ယှဉ်ပြိုင်မှုမူဝါဒသည် ပို့ကုန်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သလား
ယှဉ်ပြိုင်မှုမူဝါဒ၏ အကျိုးကျေးဇူးများကို စျေးနှုန်း၊ အရည်အသွေးနှင့် စားသုံးသူရွေးချယ်ခွင့် တို့ဖြင့် ရှင်းပြလေ့ရှိကြသည်။ ယင်းတို့သည်လည်း ဆက်လက်အရေးကြီးနေမည်ဖြစ်သည်။ သို့သော် Poddar ၏ အိန္ဒိယနိုင်ငံဆိုင်ရာ လေ့လာမှုက နောက်ထပ်ရှုထောင့်တစ်ခုကိုလည်း စဉ်းစားမိစေသည်။ မျှတသောယှဉ်ပြိုင်မှုသည် လုပ်ငန်းများကို ပိုမိုထိရောက်၍ ဆန်းသစ်တီထွင်နိုင်အောင် တွန်းအားပေးခြင်းအားဖြင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း အထောက်အကူပြုနိုင်သည်။ ဒီဂျစ်တယ် စီးပွားရေးခေတ်တွင် ယင်းဆက်စပ်မှုသည် ပိုမို ကျယ်ပြန့်လာသည်။
“လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို စက်ရုံ သို့မဟုတ် ရုံးခန်းအတွင်းရှိ ထုတ်လုပ်မှုစွမ်းရည် တစ်ခုတည်းဖြင့် မဆုံးဖြတ်တော့ဘဲ အင်တာနက်၊ ပလက်ဖောင်းများ၊ ဒီဂျစ်တယ်ငွေပေးချေမှု၊ ဒီဂျစ်တယ် ဈေးကွက်ဝင်ရောက်မှုနှင့် သတင်းအချက်အလက် တို့ကို မည်မျှထိရောက်စွာအသုံးချနိုင်သနည်း” ဟူသည့်အချက်များကလည်း ဆုံးဖြတ်လာကြ သည်။ ထို့ကြောင့် မျှတပွင့်လင်း၍ ယှဉ်ပြိုင်မှုရှိသော ဒီဂျစ်တယ်ဈေးကွက်များ တည်ဆောက်ရေးကိုလည်း နောင်တွင်ပို့ကုန်စွမ်းရည်တည်ဆောက်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် မြင်နိုင်မည်ဖြစ်သည်။
ပို့ကုန်တိုးတက်ရေးအတွက် ငွေလဲနှုန်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ်မှုဘဏ္ဍာငွေ၊ သယ်ယူပို့ဆောင်ရေး၊ အရည်အသွေးနှင့် နိုင်ငံတကာဈေးကွက်အခြေအနေများကဲ့သို့ အခြားအချက်များစွာလည်း အရေးကြီးနေဆဲ ဖြစ်သည်။ ယှဉ်ပြိုင်မှုမူဝါဒသည် ယင်းတို့ကို အစားထိုးနိုင်မည့် မူဝါဒမဟုတ်ပါ။ သို့သော် အိန္ဒိယ နိုင်ငံ၏ အတွေ့အကြုံက သတိပေးနေသည့်အချက်မှာ ပြည်ပတွင် အောင်မြင်စွာယှဉ်ပြိုင်နိုင်သည့် လုပ်ငန်းများကို တည်ဆောက်ရာတွင် ပြည်တွင်း၌ ယှဉ်ပြိုင်မှု၏ စည်းကမ်းနှင့် ဖိအားကို ကြုံတွေ့ရခြင်းကလည်း အရေးပါနိုင်သည်ဟူသောအချက်ဖြစ်သည်။ ပို့ကုန်ကို မြှင့်တင်လိုလျှင် ပြည်ပဈေးကွက် ကိုသာမကြည့်ဘဲ မိမိတို့၏ ပြည်တွင်းဈေးကွက်များက မည်သည့်လုပ်ငန်းအမျိုးအစားကို မွေးထုတ် ပေးနေသနည်းဟုလည်း မေးမြန်းသင့်သည်။
ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းသည် နယ်စပ်မှာ စတင်ခြင်းမဟုတ်ပါ။ မျှတစွာယှဉ်ပြိုင်နိုင်ပြီး ထိရောက်မှု၊ အရည်အသွေးနှင့် ဆန်းသစ်တီထွင်မှုတို့ဖြင့် အောင်မြင်နိုင်သော ပြည်တွင်းဈေးကွက်တစ်ခုမှ စတင်နိုင်ပါသည်။ ။
References
Poddar, T. (2004). Domestic Competition Spurs Exports: The Indian Example. IMF Working Paper No. 04/173, International Monetary Fund.
ASEAN. (2024). SME Policy Index: ASEAN 2024 — Enabling Sustainable Growth and Digitalisation.
UNCTAD. Global Competition Law and Policy Approaches to Digital Markets.
Ministry of Commerce, Myanmar. Vision, Mission and National Economic Policy; National Export Strategy


