ဝေယံ
(ယမန်နေ့မှအဆက်)
အာဆီယံနိုင်ငံတွေရဲ့ ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်းသုံးသပ်ချက်မှာ မြန်မာနိုင်ငံမှာ မီတာ မမှန်ခြင်းနဲ့ ဓာတ်အားခိုးယူသုံးစွဲမှုတွေ (Non-Technical Losses) ဆိုတာ တွေ့ရတယ်။ အခြား အာဆီယံနိုင်ငံတွေမှာ ဘာကြောင့်မတွေ့ရတာလဲ။
တကယ်သိသင့်တဲ့ အချက်ပါပဲ။ အခြားအာဆီယံနိုင်ငံတွေမှာ မီတာမမှန်ခြင်းနဲ့ ဓာတ်အားခိုးယူမှုတွေ မတွေ့ရတဲ့ အချက်တွေကို လေ့လာကြည့်ရင်
(က) လျှပ်စစ်မီတာကို အိမ်ခြံဝင်းအပြင်မှာပဲ တပ်ဆင်ထားခြင်း(အဓိကအချက်)။
(ခ) မီတာနှင့် မီတာဖတ်စနစ် ကောင်းမွန်အောင် ဆောင်ရွက်ထားခြင်း။
(ဂ) တရားမဝင် ဓာတ်အားသုံးစွဲမှုကို ဥပဒေအရ ထိရောက်စွာ အပြစ်ပေးအရေးယူခြင်း။ (အချို့ နိုင်ငံများတွင် ငွေဒဏ်ထောင်ဒဏ် နှစ်ခုစလုံး ကျခံရ)
လျှပ်စစ်မီတာကို အိမ်ခြံအပြင်ဘက်မှာ တပ်ဆင်ထားခြင်းကြောင့် လျှပ်စစ်ဌာနနဲ့ မီးသုံးသူတို့ ဘယ်လိုအကျိုးသက်ရောက်မှုရှိလို့လဲ။
နိုင်ငံတကာမှာ မီတာတွေကို အိမ်ခြံအပြင်ဘက်မှာ ထားရှိကြပါတယ်။ အကျိုးသက်ရောက်မှုတွေ ကတော့
(က) တရားမဝင် ဓာတ်အားသုံးစွဲမှုပြုလုပ်ဖို့ မလွယ်ကူတာကြောင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးကို များစွာအထောက်အကူ ဖြစ်စေပါတယ်။
(ခ) မီတာဖတ်ခြင်းနဲ့ မီတာပြုပြင်ထိန်းသိမ်းခြင်းတို့ကို လွယ်ကူစေပါတယ်။
(ဂ) ရှည်လျားဆားဗစ်ကြိုးတွေကြောင့် ဓာတ်အား ပျောက်ဆုံးမှုကို ကျခံနေရမှုမှ သက်သာစေပါမယ်။
(ဃ) မီးသုံးသူနဲ့ မီတာဖတ်ဝန်ထမ်းတို့အတွက် လုံခြုံမှုကို အထောက်အကူဖြစ်စေပါတယ် (အယောင်ဆောင် ငွေလိမ်လည်မှု၊ လုယက်မှု၊ အသက်အန္တရာယ်ရှိမှု)။
(င) ရောဂါကူးစက်မှုကို ကာကွယ်ရာရောက်ပါ တယ်။
(စ) သဘာဝဘေးဒဏ်ဖြစ်တဲ့ မီးလောင်မှု၊ ရေကြီးမှုများတွင် မီတာများပျက်စီးဆုံးရှုံးမှုကို လျော့နည်းစေပါတယ်။
လုံခြုံမှုနဲ့ ရောဂါကူးစက်မှုကိုတော့ အလေးထား ရမယ်ကွ။ တချို့နေရာတွေမှာ အမျိုးသမီး မီတာ ဖတ်ဝန်ထမ်းတွေ တွေ့နေရတယ်။ သူတို့ရဲ့လုံခြုံရေးလည်း အရေးကြီးတာပဲ။ ကိုယ့်အိမ်က မီတာကို အပြင်မှာပဲ ထားတော့မယ်။ ဒါနဲ့ မီတာကို ခြံအပြင် မှာထားရင် မီးသုံးသူက မီတာယူနစ် ဖတ်ရခက်မယ်၊ မီတာဖျက်ဆီးခံရမှု၊ မီတာအခိုးခံရမှုတွေလည်း ဖြစ် နိုင်တာပေါ့။
ရိုးရိုးမျက်မြင်ဖတ် မီတာတွေကတော့ လူတစ်ရပ် အမြင့်ကနေဖတ်နိုင်တဲ့ ဓာတ်တိုင်၊ အိမ်ခြံစည်းရိုး၊ အုတ်နံရံတွေမှာ တပ်ဆင်တယ်။ တချို့အိမ်တွေမှာ ခြံစည်းရိုးအုတ်နံရံထဲမှာ မီတာအိမ်လုပ်ပြီးထား တယ်။ အိမ်ရှင်လည်း ဖတ်နိုင်ပါတယ်။
Remote နဲ့ဖတ်တဲ့ မီတာ၊ အွန်လိုင်းက ဖတ်တဲ့ မီတာတွေကတော့ ဓာတ်တိုင်အမြင့်မှာ တပ်ထားကြ ပါတယ်။ ခေတ်မီ မီတာစနစ် (အွန်လိုင်း) တွေရဲ့ မီတာ Display Screen မှာ သုံးစွဲယူနစ်တစ်ခုတည်း ဖော်ပြထားခြင်းမဟုတ်ဘဲ Date၊ Time၊ Voltage၊ Current ၊ Power Factor၊ Unit ၊ Tariff ၊ Demand၊ Error Code စတဲ့ Data များစွာကို တစ်မျိုးစီ ပြောင်းလဲဖော်ပြနေခြင်း၊ ဖော်ပြချက် Code Data တွေကိုလည်း သိထားဖို့ လိုအပ်ခြင်းတို့ကြောင့် ခြံဝင်းထဲမှာထားလည်း မျက်မြင်ဖတ်ဖို့ ခက်ခဲပါ တယ်။ ဒါပေမဲ့ Remote Unit ၊ Android Phone နဲ့ Online မှ ဖတ်ရှုနိုင်ပါတယ်။
မီတာမှာ မီးသုံးစွဲသူရဲ့ ရာဇဝင်နဲ့တွဲလျက် မီတာနံပါတ် သတ်မှတ်ထားပါတယ်။ မီတာပျောက်ဆုံး မှု၊ မီတာအခိုးခံရမှုတွေက မီတာပြတ်လပ်မှု၊ မီတာရှားပါးမှုအချိန်မှာ တရားမဝင်တပ်ဆင်မှုအတွက် ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်။
မီတာနံပါတ်အလိုက် စစ်ဆေးနိုင်ရင်တော့ တွေ့နိုင်ပါတယ်။ အွန်လိုင်းစနစ်ဆိုရင် ပိုစစ်ဆေးဖို့ လွယ်ကူပါတယ်။
အာဆီယံနိုင်ငံတွေမှာ ခေတ်မီ မီတာစနစ်တွေ၊ Smart Meter စနစ်တွေတပ်ထားလို့ ဓာတ်အား ပျောက်ဆုံးမှု နည်းတာလား။ မြန်မာနိုင်ငံမှာ Smart Meter စနစ်တပ်ဆင်မယ် ပြောတယ်၊ ဘယ်လောက် ကြာနိုင်မယ်ထင်သလဲ။
စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံကတော့ ရာနှုန်းတော်တော်များများ Smart Meter သုံးနိုင်တယ်။ ဒါတောင် တချို့နေရာတွေမှာ Remote နဲ့ ဖတ်တာတွေ ရှိနေသေးတယ်။ ကျန်နိုင်ငံတွေက တော့ စတင်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ တို့မှာ ဆောင်ရွက်တာ သိရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင်တော့ အချိန်တော့ပေးရမယ် ထင်တယ်။
မီတာကို အဝေးကနေ Remote နဲ့ ဖတ်မယ်၊ ခေတ်မီစနစ်နဲ့ အွန်လိုင်းကဖတ်ပြီး မီတာဖတ်တာ မြန်မယ်၊ မှန်မယ်ဆိုရင် မီတာကို ခြံဝင်းအပြင်မှာ ထားဖို့လိုသေးလား။ အွန်လိုင်းကနေ Monitor လုပ် လို့ ရတယ်မဟုတ်လား။
Remote နဲ့ ဖြစ်ဖြစ်၊ အွန်လိုင်းကပဲဖြစ်ဖြစ် မီတာဖတ်တာတော့ မှန်မယ်၊ မြန်မယ်၊ လူအင်အား အသုံးပြုမှု သက်သာသွားမယ်၊ ဒါပေမဲ့ တရားမဝင် ဓာတ်အားသုံးစွဲမှု စစ်ဆေးရမယ်၊ စောင့်ကြည့်ရမယ့် (Monitor) အလုပ်တွေ ပိုလာမယ်။ နည်းပညာခေတ်မှာ စိတ်ချလို့မရတော့ဘူး၊ Direct Current ကို သုံးတာကတော့ Monitor လုပ်ဖို့ ခက်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာမှာ မီတာကို ခြံအပြင်မှာပဲ တပ်ထားကြတာ ဖြစ်ပါတယ်။
မီတာ Bill မမှန်တာတွေ၊ တစ်လထဲမှာ မီတာယူနစ်တွေ ပိုတောင်းတာတွေလည်း ရှိနေတယ်။ တိုင်ပေါ်တင်ထားတဲ့ မီတာတွေရဲ့ Breaker တွေ ပြုတ်ကျလို့ လျှပ်စစ်ဝန်ထမ်းတွေ မကြာခဏခေါ်နေ ရတဲ့ အခက်အခဲတွေလည်းရှိနေတယ်။ ဘယ်လို ဆောင်ရွက်ကြရမလဲ။
မီတာ Bill မမှန်တာက မီတာပုံမှန် မဖတ်နိုင်မှုကြောင့်ဖြစ်ပြီး အိမ်ခြံပိတ်မှု၊ ဝန်ထမ်းအင်အား မမျှမှုနဲ့ တာဝန်မကျေတဲ့ဝန်ထမ်းအချို့ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် DCS ဝန်ထမ်းတွေကြောင့် ဝန်ထမ်းအင်အားနည်းသွားခြင်း၊ အဖျက်သမားတွေက လျှပ်စစ်ဓာတ်အားခမပေးရေးနဲ့ လျှပ်စစ်ဝန်ထမ်းတွေကို ခြိမ်းခြောက်လှုံ့ဆော်မှု၊ အသက်အန္တရာယ် ပြုမှုတွေကြောင့် မီတာမဖတ်နိုင်ခြင်း၊ မီတာခတောင်းခံငွေ (Bill) မဝေနိုင်တဲ့ ကာလတွေရှိခဲ့တယ်။ အဲဒီအကျိုးဆက်တွေရဲ့ အရှိန်ကတော့ ကျန်နေမှာ ဖြစ်တယ်။ Bill မမှန်တာရှိရင် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှာ Complaint လုပ်လို့ရပါတယ်။
အိမ်သုံးမီတာတစ်လုံးဟာ စုစုပေါင်း လျှပ်စီး ၃၀ အမ်ပီယာပဲ သုံးနိုင်တယ်။ အဲဒီထက်ပိုသုံးရင် မီတာလောင်မယ်။ ဆားဗစ်ကြိုးတွေ အပူဒဏ်ကြောင့် Short ဖြစ်တာ၊ ပြတ်ကျတာတွေဖြစ်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်စေနိုင်တယ်။ ဒါကြောင့် မီးသုံးသူတွေ အနေနဲ့ မိမိအိမ်ရဲ့ လျှပ်စစ်ပစ္စည်းတွေကို တစ်ပြိုင်နက်မသုံးရဘူး။ တချို့အိမ်ဆို စက်မှုလုပ်ငန်းတောင် လုပ်ကိုင်ကြတယ်။ မိမိအိမ်လျှပ်စစ်အဝင်မှာ ၃၀ အမ်ပီယာ Breaker နဲ့ Fuse တွေကို တပ်ထားဖို့လိုတာပေါ့။ ၃၀ အမ်ပီယာထက် ပိုသုံးတဲ့ အိမ်ဆိုရင် ပါဝါမီတာ ထပ်လျှောက်တပ်ရမှာ ဖြစ်ပါတယ်။ ရေခဲ သေတ္တာ၊ Aircon၊ ရေပူရေအေး၊ ရေစက် စတဲ့ ပစ္စည်း တွေ အသုံးများရင် ပါဝါမီတာလျှောက်ဖို့လိုပါတယ်။
မီတာတွေကို အပြင်မှာ တပ်ထားရင် မပျက်စီးဘူးလား၊ ရာသီဥတုဒဏ်ခံနိုင်ရဲ့လား။
မီတာကလည်း အမျိုးအစားအလိုက် အရည်အသွေးအလိုက် ဈေးနှုန်းကွာခြားမှု၊ ရာသီဥတု ဒဏ်ခံနိုင်မှု၊ နှစ်ရှည်ခံမှုကွဲပြားပါတယ်။ အိမ်ခြံအပြင် မှာတပ်တဲ့ မီတာတွေက အရည်အသွေးကောင်းပြီး ရာသီဥတုဒဏ်ခံနိုင်တာကို ဝယ်ယူရပါတယ်။ Meter Seal၊ Termianl Seal၊ Box Seal ကတော့ ခတ်ရပါတယ်။ Meter Box တွေကိုလည်း အလုပ်လုပ် ပြီး စနစ်တကျပြန်လည်တပ်ပေးရပါမယ်။ Meter Box တွေ ပျက်စီးမှု၊ ပျောက်ဆုံးမှုတွေကိုလည်း စစ်ဆေးပြင်ဆင်မှုတွေ ဆောင်ရွက်ကြရတယ်။
မီတာတွေကို အရင်က နိုင်ငံခြားက တင်သွင်းရတယ်လို့ သိရတယ်။ အခုပြည်တွင်းမှာ ထုတ်လုပ် နိုင်ပြီဆိုတော့ သုံးလို့ရောအဆင်ပြေရဲ့လား။
မီတာတွေ ဝယ်ယူသုံးစွဲမှုနဲ့ပတ်သက်ပြီး ရွေးချယ်မှုမှန်ကန်ဖို့ လိုမယ်ထင်တယ်။ အရည် အသွေးကောင်းတဲ့အပြင် System Upgrade ၊ Service ပေးနိုင်မှု၊ နည်းပညာရရှိမှုတွေကိုပါ စဉ်းစားရပါတယ်။ ယခင်က မီတာကို နိုင်ငံခြားက တင်သွင်းမှုကိုသာ မှီခိုနေရပြီး နည်းပညာလည်းမရ၊ Service မရ၊ လိုအပ်ချိန် ဝယ်ယူမရတာတွေရှိတယ်။ ကုမ္ပဏီမျိုးစုံက နည်းပညာမျိုးစုံနဲ့ တင်သွင်းနေရတယ်။ တစ်နည်းပြောရရင် မီတာကျွန်ဖြစ်ခဲ့တာပေါ့။
အခုအချိန်မှာ နည်းပညာမြင့်တဲ့ Smart Meter အဆင့်အထိရောက်အောင် မြန်မာပြည်မှာ ထုတ်လုပ် နိုင်တာကတော့ ဝမ်းသာစရာပါ။ ပြည်တွင်း နည်းပညာရရှိမှု၊ အလုပ်အကိုင်ရရှိမှု၊ GDP တိုးတက် မှု၊ ပြုပြင်ထိန်းသိမ်းပေးနိုင်မှု (Service) စတဲ့ အကျိုး ရှိမှုတွေကို ရရှိမှာဖြစ်ပါတယ်။ ထရန်စဖော်မာတွေ ကိုလည်း ယခင်က နိုင်ငံခြားကနေတင်သွင်းနေခဲ့ရာ အခုဆိုရင် 66 kVk အထိ ပြည်တွင်းမှာ စံချိန်မီ ထုတ်လုပ်နိုင်တာ၊ နိုင်ငံတော်က အားပေးခဲ့မှုကြောင့် ဖြစ်ပေါ်လာတာကို တွေ့ရမှာပါ။
ကဲ ကိုယ်တို့ စကားဝိုင်းက တော်တော် ကြာသွားပြီ။ သိသင့်တဲ့အချက်တွေလည်း သိရပြီ။ လျှပ်စစ်ဆိုင်ရာ သိချင်တာတွေကတော့ များတယ်။ နောက်ဆုံတဲ့အခါကျရင်လည်း ဆွေးနွေးလို့ရပါ တယ်။ လက်ဖက်ရည်ဆိုင်ရှင်က မျက်စောင်းထိုးတာများပြီ။ တော်ကြဦးစို့။ ။


