မောင်ပီတိ
တနင်္ဂနွေနေ့ မနက်ခင်းရဲ့နေရောင်ခြည်က အိမ်ရှေ့ဝရန်တာကို ဖြာကျနေတယ်။ လမ်းမပေါ်က ကားသံတချို့ကလွဲရင် ပိတ်ရက်မို့ ပတ်ဝန်းကျင်က တော်တော်လေး တိတ်ဆိတ်နေပါတယ်။ ဝရန်တာက ကော်ဖီဝိုင်းလေးမှာ ကျွန်တော်ရယ်၊ ဇနီးဖြစ်သူ မမာရယ်၊ တက္ကသိုလ် ကျောင်းသား သားကြီး သူရနဲ့ ဆေးကျောင်းသူ သမီးငယ် ဆုဆုတို့ မိသားစုလေးယောက် စုံစုံလင်လင် ထိုင်နေကြတယ်။
နည်းပညာနယ်ပယ်မှာ နှစ် ၂၀ ကျော်ကြာ အလုပ်လုပ်ခဲ့ရတဲ့ ကျွန်တော့်အတွက် ဒီဂျစ်တယ်ပစ္စည်းတွေနဲ့ ရုံးဖွင့်ရက်တွေမှာ အမြဲထိတွေ့နေရတော့ အခုလိုပိတ်ရက်လေးမှာ အနားယူရင်း လေထဲမှာ လွင့်ပျံလာတဲ့ ကော်ဖီနံ့သင်းသင်းလေးကိုရှူရှိုက်ရင်း သတင်းစာဖတ် နေတုန်း...
“ဟာကွာ... လိုင်းကလည်း ထစ်လိုက်တာ၊ ပွဲကြမ်းနေတဲ့အချိန်မှ ပင်း (Ping)တွေတက်ပြီး ရပ်သွားတယ်၊ ဂိမ်းဆော့နေတာ ပွဲတောင်ပျက်တယ်ဗျာ” လို့ သားဖြစ်သူ သူရက ညည်းတွားရင်းဖုန်းကို စားပွဲပေါ် ခပ်ဆောင့်ဆောင့်ချလိုက်တယ်။
ကျွန်တော်က သတင်းစာကိုခေါက်တင်လိုက်ပြီး သားကို ပြုံးကြည့်ကာ...
“အခု 4G ခေတ်က အရင်ခေတ်တွေကထက်စာရင် အများကြီး မြန်နေပါပြီကွာ။ ဒါပေမဲ့ မင်းလို အွန်လိုင်းဂိမ်းဆော့တဲ့သူတွေ အတွက်ကတော့ အချက်အလက်ပို့တဲ့အခါ ဆိုင်းငံ့ချိန် (Latency) က ရှိနေတုန်းပဲလေ။ မကြာခင် 5G ခေတ်ရောက်လာရင်တော့ မင်းတို့ ဂိမ်းဆော့တာလောက်ကတော့ ဘာမှကြန့်ကြာမှုရှိတော့မှာ မဟုတ်ဘူး” လို့ ပြောလိုက်တယ်။
သမီးဖြစ်သူဆုဆုက စာအုပ်ဖတ်နေရာကနေ ခေါင်းမော့လာပြီး “ဖေဖေ... 5G ဆိုတာ အခု 4G ထက် အင်တာနက် ပိုမြန်သွားတာလောက်ပဲ မဟုတ်ဘူးလား။ အခုလည်း YouTube တွေ၊ Facebook တွေ သုံးလို့ အဆင်ပြေနေတာပဲလေ” လို့ ဝင်မေးတယ်။
“အင်တာနက်မြန်သွားတာက တစ်စိတ်တစ်ပိုင်းပဲသမီးရဲ့။ ဖေဖေတို့ဖြတ်သန်းခဲ့တဲ့ခေတ်တွေကို ပြန်ကြည့်ရအောင်။ 1G ခေတ်မှာ အသံ (Voice) ပဲ ရတယ်။ 2G ခေတ်ရောက်တော့ စာတို (SMS) တွေ ပို့လို့ရလာတယ်။ 3G ခေတ်ကျမှ မိုဘိုင်းအင်တာနက်စသုံးနိုင်ပြီး 4G ခေတ်မှာ မြန်နှုန်းမြင့် ဒေတာတွေ၊ ဗီဒီယိုတွေ ကြည့်လို့ရလာတယ်။ ဆိုလိုတာက 1G ကနေ 4G အထိက လူအချင်းချင်း ဆက်သွယ်ဖို့လောက်ပဲ အဓိကထားခဲ့တာ။”
ကျွန်တော်က ကော်ဖီတစ်ငုံသောက်ပြီး စကားဆက်လိုက်တယ်။
“ဒါပေမဲ့ 5G (Fifth Generation) ကျတော့ လူတွေတင်မကဘူး၊ စက်နဲ့စက်၊ လူနဲ့စက် အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်နိုင်မယ့် ဒီဂျစ်တယ် အခြေခံအဆောက်အအုံကြီးတစ်ခု ဖြစ်သွားပြီကွ။ 4G နဲ့ ယှဉ်လိုက်ရင် 5G နည်းပညာက အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပြီး ဆိုင်းငံ့ချိန် Latency အလွန်နည်းပါးတာကို တွေ့ရမယ်။ ဥပမာအားဖြင့် 4G နဲ့ ဆိုရင် မိနစ်အနည်းငယ်ကြာအောင် ဒေါင်းလုတ်ဆွဲရမယ့် ဗီဒီယိုဖိုင်ကြီးတွေကို 5G ကွန်ရက်နဲ့ဆိုရင် စက္ကန့်ပိုင်းအတွင်း ပြီးဆုံးစေနိုင်ပါတယ်။”
သားဖြစ်သူက စိတ်ဝင်စားသွားပုံနဲ့ ကိုယ်ကိုရှေ့ကိုကိုင်းလာပြီး “ဘယ်လိုမျိုးလဲ ဖေဖေ၊ ဘာတွေကွာခြားသွားမှာမို့လို့လဲ” လို့ ဆိုလာ တယ်။
“ဒီလိုလေ... 5G ရဲ့ အဓိက စွမ်းအားသုံးရပ်ရှိတယ်။ ပထမတစ်ခုက Enhanced Mobile Broadband (eMBB) လို့ခေါ်တဲ့ မြန်နှုန်းမြင့်တာပေါ့။ ဒါက လမ်းမကြီးကို အကျယ်ကြီးချဲ့လိုက်တာနဲ့တူတယ်။ 4K/8K ရုပ်ထွက်နဲ့ ဗီဒီယိုတွေ၊ Cloud Gaming တွေ၊ Virtual Reality (VR) တွေကို ထစ်ငေါ့မှုမရှိဘဲ သုံးနိုင်မယ်။ ဒုတိယတစ်ခုက Ultra-Reliable Low-Latency Communications (URLLC)။ မင်းခုနက ဂိမ်းဆော့သလိုမျိုး အချက်အလက်ပို့တဲ့အခါ ဆိုင်းငံ့ချိန် သုညနီးပါးဖြစ်သွားမယ်။ အမှားအယွင်းခံလို့မရတဲ့ လုပ်ငန်းတွေအတွက် သီးသန့် VIP လမ်းကြောင်း ဖောက်ပေးလိုက်တာမျိုးပေါ့။ တတိယတစ်ခုက Massive Machine-Type Communications (mMTC) တဲ့။ စတေဒီယမ်ကြီးထဲ လူတွေပြည့်နေရင် 4G လိုင်းကျသွားတတ်တယ်မလား။ 5G ကတော့ စက်ပစ္စည်းပေါင်း သန်းနဲ့ချီပြီး တစ်ပြိုင်နက်ချိတ်ဆက်နိုင်တယ်။”
ကျွန်တော်က ရှင်းပြရင်း သမီးဖြစ်သူ ဆုဆုဘက်ကို လှည့်လိုက်တယ်။
“သမီးက ဆေးကျောင်းသူဆိုတော့ ကျန်းမာရေးနယ်ပယ်ကနေ အရင်ပြောပြမယ်။ 5G ခေတ်မှာ ဆေးပညာသင်ကြားရေးက Smart Classroom တွေဖြစ်လာမယ်။ အရင်လို စာအုပ်ကြီးတွေချည်း ကြည့်နေရမှာ မဟုတ်ဘူး။ သမီးတို့က VR Headset ကြီးတွေတပ်ပြီး လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို 3D ပုံရိပ်တွေနဲ့ လက်တွေ့ခွဲစိတ်နေရသလို လေ့လာနိုင်မယ်။ အန္တရာယ်ရှိတဲ့ ဓာတုဗေဒစမ်းသပ်မှုတွေကိုလည်း Virtual Laboratory ထဲမှာ လုံလုံခြုံခြုံလုပ်နိုင်မယ်။”
ဆုဆုက မျက်လုံးလေးပြူးသွားပြီး “ဟယ်... တကယ်ကြီးလား ဖေဖေ။ စာတွေ့ထက် လက်တွေ့လုပ်ရသလိုမျိုးဆိုတော့ ပိုမှတ်မိလွယ်မှာပဲနော်”
“ဒါပေါ့ သမီးရဲ့... ကုသရေးအပိုင်းမှာဆိုရင်လည်း Telemedicine နဲ့ Remote Consultation တွေက တကယ့်ကိုအဆင့်မြင့်သွားပြီ။ ဥပမာ- သမီးက ရန်ကုန်ဆေးရုံကြီးမှာရှိနေပြီး ချင်းတောင်တန်းက လူနာကို အဝေးကနေ High-Definition Video နဲ့ ကြည့်ပြီး တိုင်ပင်ကုသနိုင်မယ်။ ပြီးတော့ လူနာတွေဝတ်ထားတဲ့ Smart Watch တွေ၊ IoT Sensor တွေကနေ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အောက်ဆီဂျင်တွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်မယ်။”
ကျွန်တော်က လက်ကို လှုပ်ရှားဟန်ပြရင်း “အံ့ဩစရာအကောင်းဆုံးက ဆိုင်းငံ့ချိန် မရှိတဲ့အတွက် အဝေးမှာရှိနေတဲ့ အတွေ့အကြုံရင့် ခွဲစိတ်ဆရာဝန်ကြီးက စက်ရုပ်လက်တံတွေကို လှမ်းထိန်းချုပ်ပြီး နယ်ကလူနာကို ခွဲစိတ်မှုတွေပါ လုပ်လာနိုင်မယ်။ ဆေးရုံတွင်းက စက်ပစ္စည်းတွေ၊ CCTV တွေ၊ လူနာမှတ်တမ်းတွေကို 5G နဲ့ချိတ်ဆက်ပြီး Smart Hospital တွေ ဖြစ်လာမယ်။ ဟောင်ကောင်က CUHK ဆေးရုံ ဆိုရင် 5G သုံးပြီး 4K ဗီဒီယိုတွေ၊ 3D ပုံရိပ်တွေနဲ့ ဆေးဘက်ဆိုင်ရာ သင်ကြားရေးတွေ၊ ကုသရေးတွေ (AR-guided medical applications) ကို အောင်အောင်မြင်မြင် လုပ်နေပြီလေ” လို့ ရှင်းပြလိုက်တယ်။
ဒီအချိန်မှာ သားဖြစ်သူ သူရက ဝင်ပြီး “ဒါဆို 5G ကြောင့် စက်ရုံတွေမှာ လူတွေနေရာမှာ စက်ရုပ်တွေ အကုန်ဝင်နေရာယူသွားမှာလား” လို့ မေးတယ်။
“အကုန်လုံးတော့မဟုတ်ဘူးပေါ့ သားရယ်၊ ဒါပေမဲ့ စက်မှုနယ်ပယ်မှာ 5G က Industry 4.0 ဆိုတဲ့ စတုတ္ထအကြိမ် စက်မှုတော်လှန်ရေးကို အသက်သွင်းပေးမှာ။ စက်ရုံတွေကို Smart Factory တွေအဖြစ် ပြောင်းပစ်နိုင်တယ်။ အခုဆိုရင် စက်ရုံတွေအတွက် Private 5G လို့ခေါ်တဲ့ သီးသန့်ကွန်ရက်တွေတောင် တည်ဆောက်သုံးလာနိုင်ပြီ။ Network Slicing နည်းပညာနဲ့ လုပ်ငန်းတစ်ခုချင်းစီအတွက် လိုအပ်တဲ့ မြန်နှုန်းနဲ့ လုံခြုံရေးကို ကွန်ရက်ခွဲ (Virtual Network) အနေနဲ့ သီးသန့်ခွဲထုတ် သုံးနိုင်တယ်လေ။”
သားဖြစ်သူက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတာကိုတွေ့တော့ ကျွန်တော် ပိုပြီးအသေးစိတ်ရှင်းပြလိုက်တယ်။
“စက်ရုံထဲက စက်ယန္တရားတွေ၊ စက်ရုပ်တွေ၊ ကုန်ပစ္စည်းသယ်တဲ့ ကားလေး (Automated Guided Vehicles - AGV) တွေ၊ AI ကင်မရာ တွေကို 5G နဲ့ အကုန်ချိတ်ဆက်လိုက်မယ်။ လူတွေဝင်ဖို့ အန္တရာယ်များတဲ့ သတ္တုတွင်းတွေ၊ ဓာတုစက်ရုံတွေမှာ စက်ရုပ်တွေကို အဝေးကနေ အချိန်နဲ့တစ်ပြေးညီ ထိန်းချုပ်ခိုင်းစေနိုင်မယ် (Industrial Robotics/ Remote Operation)။ အရည်အသွေးစစ်ဆေးတဲ့အခါမှာလည်း AI နဲ့ High-Resolution ကင်မရာတွေသုံးပြီး ချို့ယွင်းချက်ကို ချက်ချင်းရှာဖွေနိုင်မယ်။”
“နောက်တစ်ခုက အလွန်အရေးကြီးတဲ့ Predictive Maintenance ပဲ။ စက်တွေမှာ Sensor တွေတပ်ထားပြီး အပူချိန်၊ တုန်ခါမှု၊ ဖိအားတွေ ကို စောင့်ကြည့်မယ်။ လူတစ်ယောက်ကို ဆရာဝန်က စမ်းသပ်သလိုပဲပေါ့။ ရလာတဲ့အချက်အလက်တွေကို AI က ခွဲခြမ်းစိတ်ဖြာပြီး စက်မပျက်ခင် ကြိုတင်ခန့်မှန်းပေးမယ်။ ဒါဆိုရင် စက်ရပ်နားရတဲ့အချိန်နဲ့ ပြင်ဆင်စရိတ်တွေကို အများကြီးလျှော့ချနိုင်တာပေါ့။ Warehouse တွေမှာဆိုရင်လည်း ကုန်ပစ္စည်းဘယ်နေရာရောက်နေလဲဆိုတာကို အချိန်နဲ့တစ်ပြေးညီ သိနိုင်တဲ့ Asset Tracking စနစ်တွေ ပိုကောင်း လာမယ်။”
ဒီအချိန်မှာ မီးဖိုချောင်ထဲကနေ ကိတ်မုန့်နဲ့ သစ်သီးပန်းကန် လာချပေးတဲ့ ဇနီးဖြစ်သူမမာက ဝင်ပြောတယ်။
“ရှင်တို့ သားအဖတွေက ဆေးပညာနဲ့ အင်ဂျင်နီယာအကြောင်းချည်းပဲ ပြောနေကြတာ၊ ကျွန်မတို့ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေး ဝန်ဆောင်မှုတွေမှာရော 5G က ဘယ်လို အကျိုးပြုမှာလဲ။ အခုတောင် Mobile Banking တွေက အတော်လေးအဆင်ပြေနေပြီပဲဟာ”
“ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုတွေက Digital Transformation လုပ်တဲ့နေရာမှာ အမြန်ဆုံးပြောင်းလဲမှာပေါ့ မမာရဲ့။ 5G ရဲ့ အမြန်နှုန်း နဲ့ Latency နည်းပါးမှုကြောင့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အချက်အလက်တွေက မျက်စိတစ်မှိတ်အတွင်းရောက်မယ်။ ဘဏ်ခွဲတွေ မှာဆိုရင်လည်း AI Video Analytics တွေ၊ မျက်နှာသွင်ပြင်နဲ့ အလို အလျောက်မှတ်မိတဲ့ Biometric Authentication စနစ်တွေ၊ Video Banking တွေနဲ့ Virtual Customer Service တွေပါတဲ့ Smart Branch တွေ ဖြစ်လာမယ်။”
“အရေးအကြီးဆုံးက ငွေလိမ်လည်မှုကို တားဆီးနိုင်တာပဲ။ နေ့စဉ် ငွေလွှဲပြောင်းမှုမှတ်တမ်းတွေနဲ့ သုံးစွဲသူရဲ့ အလေ့အထတွေကို AI က အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နေမှာ။ ပုံမှန်မဟုတ်တဲ့ငွေကြေး လှုပ်ရှားမှုတစ်ခုတွေ့တာနဲ့ ချက်ချင်းဖမ်းထုတ်ပြီး ပိတ်ပင်နိုင်တော့မှာ လေ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က Data Privacy နဲ့ Cybersecurity ကတော့ အထူးကို ခိုင်မာဖို့လိုအပ်တယ်” လို့ ရှင်းပြလိုက်တော့ မမာက သဘောကျသွားပုံနဲ့ ခေါင်းညိတ်ထောက်ခံတယ်။
ကျွန်တော်က ဝရန်တာအပြင်ဘက်က ကားလမ်းမကြီးကို လက်ညှိုးထိုးပြရင်း စကားကိုဆက်လိုက်တယ်။
“5G ရဲ့ အကျိုးသက်ရောက်မှုက လုပ်ငန်းခွင်တွေထဲမှာတင် မဟုတ်ဘူး၊ အပြင်ဘက် ပတ်ဝန်းကျင်အထိပါ ကျယ်ပြန့်တယ်။ အဲဒီ ကားလမ်းကို ကြည့်လိုက်။ 5G သာ အပြည့်အဝရလာရင် Smart City (စမတ်စီးတီး) တွေ ဖြစ်လာမယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေကို CCTV Camera နဲ့ Sensorတွေကသိပြီး AI ကနေ Traffic Light တွေကို အလိုအလျောက်ချိန်ညှိပေးမယ်။ လူသူကင်းမဲ့နေတဲ့လမ်းတွေမှာ မီးတိုင်တွေကို မှိန်ထားပြီး ကားလာမှလင်းစေတဲ့ Smart Street Lighting စနစ်တွေသုံးပြီး လျှပ်စစ်မီး ချွေတာနိုင်မယ်။ မီးလောင်တာ၊ ရေကြီးတာတွေကိုလည်း သဘာဝဘေးအန္တရာယ် သတိပေးစနစ်တွေ ကနေတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ်။”
“မြို့ပေါ်တင်မကဘူး နယ်က သားတို့ဦးလေး ခြံကိုပဲကြည့်... စိုက်ပျိုးရေးမှာ (Smart Agriculture) မြေဆီလွှာအစိုဓာတ်၊ ရာသီဥတု၊ ရေအရည်အသွေးတွေကို IoT Sensor တွေနဲ့တိုင်းပြီး ရလာတဲ့ Data တွေကို AI က တွက်ချက်ပေးမယ်။ ရေဘယ်အချိန်သွင်းရမယ်၊ မြေဩဇာဘယ်လောက်ကျွေးရမယ်ဆိုတာကို ဖုန်းထဲကနေ အတိအကျ သိနိုင်တော့မှာမို့ အလေအလွင့်မရှိတော့ဘူးပေါ့။"
“ဟယ်... ဒါဆို 5G က တကယ့်ကို မှော်ဆန်တာပဲနော်” လို့ ဆုဆု က အသံကျယ်ကျယ်လေးနဲ့ ရေရွတ်တယ်။
“တကယ်တော့ 5G ချည်းသက်သက်ဆိုရင် ဒီလောက် မစွမ်းနိုင်ဘူး သမီးရဲ့။ 5G က အချက်အလက်တွေ အမြန်ဆုံးသွားနိုင်တဲ့ လမ်းမကြီးတစ်ခု၊ဒါမှမဟုတ် ပိုက်လိုင်းကြီးတစ်ခုဆိုရင် အဲဒီလမ်းပေါ်မှာ ပြေးမယ့်အရာတွေ၊ ပိုက်လိုင်းထဲစီးဆင်းမယ့်အရာတွေက AI (ဉာဏ်ရည်တု)၊ IoT (Internet of Things) နဲ့ Cloud Computing တွေပဲ။ Data တွေကို ဆာဗာကြီးဆီ မပို့တော့ဘဲ အနီးဆုံးနေရာမှာပဲ ချက်ချင်းတွက်ချက်ပေးမယ့် Edge Computing တွေလည်းပါတယ်။ ဒီနည်းပညာတွေ အားလုံးပေါင်းစပ်သွားမှသာ (Digital Foundation Technology) အခု ဖေဖေပြောတဲ့အရာတွေ အကုန်ဖြစ်လာမှာ။”
သူရက နည်းနည်း စဉ်းစားဟန်နဲ့... “ဒါဆို မြန်မာနိုင်ငံမှာရော ဖေဖေ၊ 5G ရောက်ဖို့က လွယ်ပါ့မလား။”လို့ မေးတယ်။
ကျွန်တော်ပြုံးလိုက်ပြီး မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အနာဂတ်အတွက် ပြင်ဆင်နေမှုတွေကို ရှင်းပြလိုက်တယ်။
“မြန်မာနိုင်ငံမှာလည်း 5G ခေတ်ကြီးဆီကို ကူးပြောင်းဖို့ ခြေလှမ်းတွေ စတင်နေပါပြီသား။ ဖေဖေတို့နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ဆယ်စုနှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ်တည်လာခဲ့တဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ဆိုရင် ပြည်သူတွေအတွက် အကောင်း ဆုံးနဲ့ နောက်ဆုံးပေါ်ဆက်သွယ်ရေးနည်းပညာတွေကို အချိန်နဲ့တစ်ပြေးညီ အသုံးပြုနိုင်ဖို့ အမြဲတမ်းရှေ့တန်းကနေ ကြိုးပမ်းနေတာ သားလည်း အသိပဲလေ။ အခု 5G နည်းပညာအတွက်ဆိုရင်လည်း သုံးစွဲသူတွေ 5G ကွန်ရက်ရဲ့ အတွေ့အကြုံသစ်တွေကို လက်တွေ့ခံစား နိုင်ဖို့ စမ်းသပ်မှုတွေကို အောင်မြင်စွာလုပ်ဆောင်နေပြီဖြစ်တယ်။ ‘ရှေ့သို့လှမ်းချီ မြန်မာပြည်’ ဆိုတဲ့ သူတို့ရဲ့ ဆောင်ပုဒ်နဲ့အညီ အနာဂတ် ရဲ့ ဒီဂျစ်တယ်လူနေမှုဘဝ (Digital Lifestyle) ကို မြန်မာပြည်သူတွေဆီ အရောက်ပို့ဆောင်ပေးနိုင်ဖို့ ခိုင်မာတဲ့ အခြေခံအဆောက်အအုံတွေနဲ့အတူ အစွမ်းကုန်ကြိုးပမ်းနေတာကို တွေ့ရတယ်။ ပြိုင်ဆိုင်မှုတွေ များပြားတဲ့ ခေတ်ကြီးထဲမှာ အများပြည်သူ ယုံကြည်အားထားရတဲ့ အော်ပရေတာတစ်ခုအနေနဲ့ 5G နည်းပညာကို အလုံခြုံဆုံးနဲ့ အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အဘက်ဘက်ကနေ အသေအချာ ပြင်ဆင်နေတာပေါ့။”
ကျွန်တော်က ဆက်လက်ပြီး လက်တွေ့ကျတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရှင်းပြလိုက်တယ်။
“အကျိုးကျေးဇူးတွေများသလို အကောင်အထည်ဖော်ရမယ့် စိန်ခေါ်မှုတွေလည်း အများကြီးရှိတယ်သား။ 5G ကွန်ရက်တည်ဆောက်ဖို့ဆိုတာ တိုင်တစ်ခုထောင်ပြီး အင်တင်နာတပ်လိုက်ရုံနဲ့မပြီးဘူး။ Radio Access Network တွေ၊ Fiber Backhaul လို့ခေါ်တဲ့ ဖိုင်ဘာကေဘယ်လ်ကြိုး အခိုင်အမာတွေ၊ Data Center တွေနဲ့ Edge Computing တွေမှာ ငွေကြေးအရင်းအနှီးအမြောက်အမြား ရင်းနှီးမြှုပ်နှံရမယ်။ ပြီးတော့ ဝန်ဆောင်မှုပေးဖို့လိုအပ်တဲ့ ရေဒီယိုလှိုင်းနှုန်းစဉ်တွေကို စနစ်တကျစီမံခန့်ခွဲပေးရမယ်။”
“နောက်ပြီး ကွန်ရက်ကျယ်ပြန့်လာပြီး စက်တွေအများကြီး ချိတ်ဆက်လာတာနဲ့အမျှ Cyber Attack လို ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်တွေအတွက် ပစ်မှတ်ပိုများလာလို့ Network Security, Data Encryption နဲ့ Identity Management တွေကို အထူးဂရုစိုက် ရမယ်။ ဒီနည်းပညာတွေကို ကိုင်တွယ်နိုင်မယ့် လူသားအရင်းအမြစ်တွေလည်း အများကြီးလိုသေးတယ်။ ဒါတွေကို ဆက်သွယ်ရေး အော်ပရေတာတွေချည်းပဲလုပ်လို့မရဘူး။ အစိုးရ၊ နည်းပညာကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေနဲ့ တက္ကသိုလ်တွေအားလုံးပါဝင်တဲ့ Digital Ecosystem ကြီးတစ်ခုလုံး ပူးပေါင်းပါဝင်မှရမှာ။”
“အဲဒါဆို မြန်မာနိုင်ငံအတွက် ဘယ်ကနေ စလုပ်ရမလဲဟင်” လို့ ဆုဆုက စိတ်ဝင်တစားနဲ့ဝင်မေးတယ်။
“မြန်မာနိုင်ငံအနေနဲ့ဆိုရင် 5G ကို ရိုးရိုးမိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတစ်ခုလို့မမြင်ဘဲ နိုင်ငံရဲ့ အမျိုးသားဒီဂျစ်တယ် အခြေခံ အဆောက်အအုံအနေနဲ့ မြင်ဖို့လိုတယ်။ တစ်နိုင်ငံလုံး ချက်ချင်းမလုပ် နိုင်ရင်တောင် Pilot Project (စမ်းသပ်စီမံကိန်း) တွေအနေနဲ့ 5G Smart Hospital၊ 5G Smart Factory Pilot ဒါမှမဟုတ် 5G Education Campus စတာတွေကို သီးသန့်နယ်မြေတွေ သတ်မှတ်ပြီး အရင်ဆုံး စမ်းသပ်လုပ်ဆောင်သင့်တယ်။ အစိုးရ၊ ဆက်သွယ်ရေး အော်ပရေတာတွေ၊ တက္ကသိုလ်တွေနဲ့ စက်မှုလုပ်ငန်းတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် 5G Innovation Lab တွေ တည်ဆောက်ပြီး စမ်းသပ်ကြရမယ်လေ။”
စကားပြောရင်းနဲ့ ကော်ဖီတွေတောင် ကုန်သွားပြီ။ မနက်ခင်း နေရောင်ကလည်း ပိုပြီးတောက်ပလာတယ်။
ကျွန်တော်က သားနဲ့သမီးကိုကြည့်ပြီး အမှာစကားအနေနဲ့ ပြောလိုက်တယ်။
“5G ဆိုတာ အင်တာနက် ပိုမြန်လာတာလောက်ပဲ မဟုတ်ဘူး သားနဲ့သမီး။ အနာဂတ်ဒီဂျစ်တယ်စီးပွားရေးကြီးတစ်ခုလုံးရဲ့ အုတ်မြစ်ပဲ။ ပညာရေး၊ ကျန်းမာရေး၊ စက်မှုလုပ်ငန်းနဲ့ အများပြည်သူဝန်ဆောင်မှုတွေအားလုံးကို ဒီဂျစ်တယ်အသွင်ကူးပြောင်းပေးမယ့် တွန်းအား တစ်ခုပေါ့။ မင်းတို့ခေတ်ရောက်ရင် ဒီနည်းပညာတွေက ရေလိုလေလို မရှိမဖြစ် ဖြစ်လာတော့မှာ။ ဒါကြောင့် နည်းပညာသစ်တွေကို အမြဲလေ့လာပြီး ကိုယ့်နယ်ပယ်အသီးသီးမှာ ဘယ်လို အသုံးချရမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားကြဖို့လိုတယ်။”
သားနဲ့သမီးက ခေါင်းတညိတ်ညိတ်နဲ့ အလေးအနက် စဉ်းစားနေကြတယ်။ မမာကတော့ စားပွဲပေါ်က ပန်းကန်တွေကို သိမ်းဆည်း ရင်း ပြုံးနေတယ်။ 5G ဆိုတဲ့ မမြင်ရတဲ့ လှိုင်းဂယက်ကြီးက ကျွန်တော်တို့ရဲ့ နေထိုင်မှု၊ သင်ယူမှုနဲ့ အလုပ်လုပ်ကိုင်မှု ပုံစံအားလုံးကို မကြာခင်မှာ အလုံးစုံပြောင်းလဲပစ်တော့မယ်ဆိုတာကိုတော့ တနင်္ဂနွေမနက်ခင်းရဲ့ ကော်ဖီဝိုင်းလေးကနေ ကျွန်တော်တို့ မိသားစုလေး သေချာနားလည် သဘောပေါက်လိုက်ကြပါပြီ။ ။


