စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေးအတွက် အဓိကနည်းလမ်းလေးသွယ်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းကို စနစ်တကျဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် Contract Farming စနစ်ဖြင့် ဆောင်ရွက်နိုင်သော်လည်း တောင်သူများ တစ်ဦးချင်း၏အကျိုးကို ဖော်ဆောင်နိုင်ရေးအတွက် မြန်မာ့အစဉ်အလာနှင့်ကိုက်ညီသည့် စုပေါင်းသမဝါယမစနစ်ကို ဖော်ဆောင်ပြီး တောင်သူများ စုပေါင်းစိုက်ပျိုးသည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား မှာကြားခဲ့သည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ကျေးလက်နေပြည်သူအများစုသည် စပါးအပါအဝင် သီးနှံအမျိုးမျိုးစိုက်ပျိုးလုပ်ကိုင်ကြသည်။ သီးနှံအထွက်နှုန်းတိုးရေး ပန်းတိုင်ရည်မှန်းချက်ပြည့်မီပါလျှင် ပြည်သူများအတွက် စားရေရိက္ခာဖူလုံပြီး တောင်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်သာမက နိုင်ငံ့စီးပွားလည်းမြင့်မားတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ချိန်သောကာလက ဆန်စပါးပြည်ပတင်ပို့မှုတွင် ကမ္ဘာ့အဆင့်နံပါတ် (၁) ဖြစ်ခဲ့သည်။ နိုင်ငံ့စီးပွားရေးတွင် ဆန်စပါးမှ ဝင်ငွေအများဆုံးရရှိခဲ့သည်။ မျက်မှောက်ကာလတွင် ရာသီဥတုအပါအဝင် အခက်အခဲအကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့အဆင့်မှ လျော့ကျခဲ့သည်။
မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီး စိုက်ပျိုးရေ၊ စိုက်ပျိုးမြေ လုံလောက်အောင်ရှိသည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်သမ္မတက စိုက်ပျိုးသီးနှံအထွက်တိုးရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး တွန်းအားပေးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံတော်စီးပွားတိုးတက် မြင့်မားရေးအတွက် အခြေခံကျသည့် စိုက်ပျိုးရေးသည် တောင်သူများလက်ဝယ်တွင်ရှိသည်။ တောင်သူလယ်သမားများသည် နိုင်ငံတော်၏ စီးပွားရေးမဏ္ဍိုင်ကို အဓိကထောက်မထားသည့် အင်အားစုကြီးဖြစ်သည်။ တောင်သူလယ်သမားတစ်ဦးချင်းအနေဖြင့် အခက်အခဲအမျိုးမျိုးရှိသဖြင့် နိုင်ငံတော်က ပံ့ပိုးကူညီပေးမှုများနှင့်အတူ သမဝါယမစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။
တောင်သူတို့၏ လယ်ယာမြေများမှထွက်သော သီးနှံမျိုးစုံတို့သည် ပြည်တွင်းစားသုံးမှုအတွက်သာမကဘဲ ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်သည့် စွမ်းပကားများရှိသည်။ နိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင် ထုတ်ကုန် (GDP) တွင် စိုက်ပျိုးရေးကဏ္ဍမှ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။ ပြည်ပနိုင်ငံများသို့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ရော်ဘာစသည့် ထွက်ကုန်သီးနှံများကို တင်ပို့ခြင်းဖြင့် နိုင်ငံတော်အတွက်လိုအပ်သော နိုင်ငံခြားငွေများကို ရှာဖွေပေးနေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် သီးနှံအထွက်နှုန်းပန်းတိုင်ရည်မှန်း ချက်မပြည့်မီသည့် အခြေအနေအရပ်ရပ်ကို ဝိုင်းဝန်းညှိနှိုင်းအဖြေရှာပြီး ပြုပြင်ပြောင်းလဲ စုပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ပန်းတိုင်ရည်မှန်းချက်မပြည့်မီသဖြင့် နှစ်စဉ်ကျပ်ငွေ ရှစ်ဘီလီယံခန့် နစ်နာလျက်ရှိသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးမြေအခြေအနေ၊ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ပန်းတိုင် ရည်မှန်းချက်ကို အချိန်ယူလေ့လာသုတေသနပြု ဆန်းစစ်ဆောင်ရွက်ကြရမည်ဖြစ်သည်။
တောင်သူများ၏ ပင်ပန်းဆင်းရဲလှသည့် မိရိုးဖလာလုပ်ငန်းများကို စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ကူးပြောင်းပြီး သက်သာချောင်ချိအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်သည်။ မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးနည်းဖြင့် မြှင့်တင်ပေးကြရမည်ဖြစ်သည်။ တောင်သူများ စုပေါင်းစိုက်ပျိုးရန်အတွက် လိုအပ်သည့် စိုက်ပျိုးစရိတ် ချေးငွေများကို နိုင်ငံတော်က သတ်မှတ်ချက်များအတိုင်း စနစ်တကျထုတ်ချေးပေးလျက်ရှိသည်။ စိုက်ပျိုးရေးတွင် မဖြစ်မနေလိုအပ်သော ဓာတ်မြေဩဇာလုံလောက်စွာရရှိရေးအတွက် ပြည်ပမှတင်သွင်းခွင့်ကို အခွန်ကင်းလွတ် ခွင့်ပေးထားသည်။ သင့်တင့်မျှတသော သီးနှံဈေးကွက်ဖော်ဆောင်ပေးပြီး တွက်ခြေကိုက်အောင် ဆောင်ကြဉ်းပေး ကြရမည်ဖြစ်သည်။ တောင်သူလယ်သမားများဘဝကို အဘက်ဘက်မှ ဖြည့်ဆည်းပေးနိုင်မှသာ တောင်သူများ ဘဝမြင့်မားပြီး နိုင်ငံ့စီးပွားလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ တောင်သူလယ်သမားများသည် တိုင်းပြည်စီးပွားမြင့်မားတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနေသော အင်အားစုကြီးဖြစ်သည်။ တောင်သူများ၏ ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာမှသာ နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာမည်ဖြစ်၍ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး၊ စံသတ်မှတ်ချက်များအတိုင်း စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းစနစ်မှန်ကန်စေရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရေး၊ သွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ပေးရေးစသည်တို့ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ စိုက်ပျိုးသူတောင်သူများကလည်း တစ်ဧကအထွက်နှုန်းတိုးစေရန် တစ်ဦးချင်းတစ်ယောက် ချင်းသာမက သမဝါယမစနစ်ဖြင့်လည်း စုပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။


